ရေကြီး ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည့် တိုင်းနှင့် ပြည်နယ်တချို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေသေး၍ ထိုဒေသ များသို့ ကုန်စည်သယ်ယူ ပို့ဆောင်နေသည့် ယာဉ်လိုင်းအများစု လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
“ပုံမှန်က မိုးရာသီဆို ကုန်ပို့တာ အေးတယ်။ ဒါပေမယ့် ဒီနှစ်က သဘာဝဘေးလည်း ဖြစ်တာနဲ့ တိုက်ဆိုင်လာတော့ လမ်းပန်း ဆက် သွယ်ရေး အခက်အခဲ ဖြစ်လာတဲ့အတွက် ရပ်ထားတဲ့ယာဉ်လိုင်းတွေက အများကြီးပဲ”ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင် ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(မန္တလေးရုံးခွဲ) ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပြသည်။
လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း အတွင်းရှိ မုံရွာ-မန္တလေး ကားလမ်းပိုင်း၊ မကွေးတိုင်း အတွင်းရှိ မကွေး-ပွင့်ဖြူ ကားလမ်းပိုင်း၊ ရခိုင်ပြည်နယ် ကားလမ်းပိုင်းနှင့် မူဆယ်နယ်စပ် ကားလမ်းပိုင်းများကို ရပ်ဆိုင်းထားကြောင်း၊ ထို့ပြင် ချင်းပြည်နယ်သို့သွားသည့် လမ်းပိုင်း တွင်လည်း တံတားကျိုးခြင်းကြောင့် ကုန်ပို့ဆောင်သည့်ကားများ သွားလာမှု မရသေးကြောင်း သိရသည်။
“ချင်းပြည်နယ်ဘက်မှာလည်း အဓိက ဆန်လိုတော့ ဆန်တင်ပို့ဖို့ လိုအပ်နေပေမယ့် တံတားကျိုးလို့ သွားမရဘူး။ အဲဒီမှာ ဆန်ဈေးက တတင်းကို တသိန်းဝယ် နေရတယ်လို့ ကြားတယ်။ ကျနော်တို့လည်း မသွားနိုင်ဘူး”ဟု ဦးဝင်းမြင့်က ဆိုသည်။
ရခိုင်ပြည်နယ်နှင့် မန္တလေးသို့ ကုန်စည်သယ်ယူ ပို့ဆောင်ရာတွင် ရေကြီးရေလျှံမှုနှင့် တံတားများ ပျက်စီးမှုများကြောင့် မန္တလေးမှ တင်ဆောင်လာသည့် ကုန်စည်များကို ရခိုင်ပြည်နယ် အတွင်းသို့ သယ်ယူရန် ခက်ခဲနေပြီး ရခိုင်ပြည်နယ်ဘက်မှ ပြန်လည် တင် ဆောင်လာသည့် ကုန်စည်များကို မန္တလေးတိုင်း ဒေသကြီးသို့ ပို့ဆောင်နိုင်ခြင်း မရှိဘဲ ရပ်နားနေရကြောင်း မန္တလေး-စစ်တွေ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ကိုဇော်က ပြောသည်။
“ကားတွေ သွားမရတာ တပတ်ကျော်နေပြီ။ ရခိုင်ဘက်ကိုသွားတဲ့ ကဇူးကိုင်း တံတားနဲ့မြောင်ဦးပွေ တံတားကို လုံးဝဖြတ်လို့မရဘူး။ ကဇူးကိုင်း တံတားက ရေလယ်တိုင်ယိုင်တာ နှစ်ခါရှိပြီ။ မြောင်ဦးပွေ တံတားက ချဉ်းကပ်လမ်းတွေ မကောင်းလို့ ကုန်ကားဆို ဖြတ် မရသေးဘူး။ ကျနော်တို့က မန္တလေးက ကုန်ခြောက်တွေကို ရခိုင်ပို့ပြီး အပြန်ကို ပင်လယ်ဂဏန်းတွေ သယ်တာ၊ ကုန်ကားတစီး မှာ ပစ္စည်းတန်ဖိုးက ၉ သိန်းနီးပါး ပါတယ်”ဟု ၎င်းက ပြောပြသည်။
မြစ်ရေကြီးခြင်းနှင့်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မုံရွာမြို့နှင့်ပတ်သက်ပြီး မုံရွာကားကြီးကွင်းတွင် ကုန်စည်များ တင်ပို့နေသည့် ကုန်သည် ကိုမင်းမင်းက “ကုန်ကားတွေ ဝင်တော့လာနေပါပြီ။ ဒါပေမယ့် အရင်လောက်တော့ မများဘူး။ အရေအတွက် နည်းနည်း စီ ဝင်တယ်။ ရေကြီးချိန်မှာတော့ ကုန်ကားတွေ လုံးဝကို ရပ်သွားတယ်”ဟု ပြောသည်။
ရေကြီးရေလျှံမှုများကြောင့် ကားလမ်းပိုင်းများ ပျက်စီးခြင်း၊ ရေကျော်ခြင်းများ ဖြစ်ပေါ်နေသော်လည်း ကုန်စည်တင်ပို့ရာတွင်ရေ ဘေးသင့် ဒေသများမှလွှဲ၍ ရေဘေးစိတ်ချရသည့် ဒေသများသို့ အတတ်နိုင်ဆုံး တင်ပို့ကြောင်း၊ ကုန်သယ်ယူ ပို့ဆောင်ရေးစရိတ် သည် သိသိသာသာ တိုးမြင့်လာခြင်းမရှိသော်လည်း ရေလွှမ်းသည့်ဒေသများသို့ တင်ပို့ရာတွင် ကုန်စည်တန်ဆာခနှုန်း ၂၅ ရာခိုင်နှုန်း ခန့် မြင့်တက်သွားကြောင်း ဘုရင့်နောင် အခြေစိုက် တောင်တွင်းသား ကုန်စည်ပို့ဆောင်ရေးမှ ကိုမင်းခိုင်ကလည်း ပြောပြသည်။
ရေလွှမ်းမိုးသည့် ဒေသတချို့သို့ ကုန်စည်စီးဆင်းမှုများ ရပ်ဆိုင်းထားသောကြောင့် ရေဘေးသင့် ဒေသများတွင် စားသုံးကုန် ဈေးနှုန်း များသည် အဆမတန် ကြီးမြင့်လာပြီး ကုန်ပစ္စည်း ရှားပါးမှုကို ရင်ဆိုင်ရလျက် ရှိနေကြောင်း သိရသည်။
မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ညောင်လှရပ်ကွက်တွင် နေထိုင်သည့် မမိုးမိုးစံက “ဈေးတွေက အရမ်းကို တက်တယ်၊ မနေ့က ဧရာမင်းဆန် တအိတ်ကို ၄၂,၀၀၀ ကျပ် ပေးရတာ အခု ၄၈,၀၀၀ ရှိတယ်။ ဆီကလည်း တပိဿာကို ၄,၄၀၀ ကျပ် ကနေ ၄,၈၀၀ ၊ ကြက်သွန်က တပိဿာကို ကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ ဖြစ်နေတယ်။ ရေကြီးချိန်က စတက်တာ အဓိကတော့ ဆန်ပဲ၊ ဆန်တအိတ်ကို တနေ့ကို ၃,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်ကိုတက်နေတာ မနက်ဖြန်ဆို ဘယ်လောက်ဖြစ်မလဲ မသိဘူး”ဟု ပြောသည်။
နိုင်ငံအနှံ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် စိုက်ပျိုးလယ်ယာမြေများ ရေနစ်မြုပ်၍ သီးနှံများ ပျက်စီးရှုံးခဲ့သည့် အတွက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိချိန်တွင် စားသောက်ကုန် အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပျက်စီး ဆုံးရှုံးသည့် သီးနှံများ နေရာတွင် ပြန်လည်စိုက်ပျိုးမှုများ ပြုလုပ်သော်လည်း မူလ အခြေအနေသို့ ရောက်ရှိရန် လွယ်ကူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (မန္တလေးရုံးခွဲ) မှ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆို သည်။