တောင်ကိုရီးယားနိုင်ငံအခြေစိုက် SAMSUNG Electronics က မြန်မာနိုင်ငံတွင် စက်ရုံများတည်ဆောက်ရန် စဉ်းစားနေ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် စက်ရုံများတည်ထောင်ရန် စိတ်ဝင်စားရခြင်းမှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတွင် လုပ်အားခဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်လည်း တစိတ်တပိုင်းဖြစ်သည်ဟု သိရှိရသည်။
“Samsung Electronics က မြန်မာနိုင်ငံမှာ အကြီးစား အီလက်ထရောနစ်ပစ္စည်းတွေ (ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အစရှိသဖြင့်) ထုတ်လုပ်ဖို့ အတွက် စက်ရုံတွေတည်ဆောက်ဖို့ စဉ်းစားနေပါတယ်။ ကုမ္ပဏီ အနေနဲ့ အလုပ်သမားခ လျှော့ ချနိုင်ရေးနဲ့ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့ ထုတ်လုပ်ရေးနေရာ အသစ်တွေရှာဖွေနေပါတယ်။” ဟု သတင်းရင်းမြစ်များက The Korea Times သို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထိုအချက်က မြန်မာနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။
“ရင်းနှီးမြှုပ်နှံမှုက နှစ်အနည်းငယ် အတွင်းမှာ ပေါ်ပေါက်လာပါလိမ့်မယ်။ အရေးအကြီးဆုံး အချက်ကတော့ ကမ္ဘာ့အဆင့် ကုမ္ပဏီကြီး တခုဖြစ်တဲ့ Samsung က တရုတ်နဲ့ ဗီယက်နမ်လို နောက်ထပ် နောက်ထပ်နိုင်ငံတခု ရှာဖွေဖို့ ရည်ရွယ်ထား ပါတယ်။ အခြေအနေတွေကိုက်ညီမှုရှိတယ်ဆိုရင် အဲဒီနိုင်ငံဟာ ကုမ္ပဏီရဲ့ နောက်ထပ် ထုတ်လုပ်ရေး အချက်အချာ နေရာ တခု ဖြစ်လာပါလိမ့်မယ်။” ဟု သတင်းရင်းမြစ် တဦးက The Korea Times သို့ပြောသည်။
Samsung က ကိုရီးယား၊ တရုတ်၊ အမေရိကန် နှင့် ဗီယက်နမ်တို့တွင် တပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) နှင့် ရုပ် မြင် ပစ္စည်းများ အမြောက်အများ ထုတ်လုပ်နေသည်။
ဗီယက်နမ်နိုင်ငံတွင် Samsung က မိုဘိုင်းဖုန်းထုတ်လုပ်မှုမှ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်နိုင်ရန် ရုပ်မြင်ပစ္စည်းများနှင့် လျှပ်စစ်- စက်မှု ပစ္စည်းအစိတ် အပိုင်းများထုတ်လုပ်နေသည်။ တရုတ်နိုင်ငံတွင် တပိုင်းလျှပ်ကူးပစ္စည်းများ နှင့် ရုပ်မြင်ပစ္စည်းများ ကို
Xi’an နှင့် Suzhou ရှိ စက်ရုံများက ထုတ်လုပ်နေသည်။
ထိုင်းနိုင်ငံ Samsung ကုမ္ပဏီခွဲ၏ ဈေးကွက် အောက်တွင်ရှိနေသော မြန်မာနိုင်ငံတွင်မူ Samsung ၏ ထုတ်လုပ်ရေး စက်ရုံ မရှိသေးပေ။ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့အနီးတွင် စက်ရုံတခု တည်ထောင်ရန် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုချက်ချထားပေးခဲ့သော်လည်း စက်ရုံ မတည်ဆောက်ဖြစ် သေးပေ။
“တိုင်းပြည်အတွင်းမှာ ရင်းနှီးမြှုပ်နှမှု မလုပ်ခင် Samsung က မြေနေရာကျယ်ကျယ်နဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အာမခံချက်ပေးစေချင်တယ်။ အဓိက ကိစ္စကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့နေရာမှာ သဘောတူညီမှုရအောင် ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။” ဟု ပြည်တွင်း သံတမန်ရပ်ကွက်မှ သတင်းရင်းမြစ်တဦးက ပြောသည်။
၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် မြန်မာနိုင်ငံကို စိတ်ဝင်စားမှုများရှိလာစေခဲ့သည်။ အဆိုပါ ဥပဒေက နိုင်ငံခြားပိုင်ဆိုင်မှုကို ၁၀၀ ရာခိုင်နှုန်း ခွင့်ပြုထားပြီး မြေငှားရမ်းနိုင်သည့် ကာလကိုလည်း တိုးမြှင့်ပေး ထားသည်။
ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံမှ ဝင်ငွေခွန်ကောက်ခံခြင်းကိုလည်း အနည်းဆုံး ၃ နှစ် အထိ လွတ်ငြိမ်းခွင့်ပေးထား သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ နိုင်ငံခြားမှ တင်သွင်းသည့်အခါတွင်လည်း အခွန်လွတ် ငြိမ်းခွင့် သို့မဟုတ် လျှော့ပေါ့ပေးဆောင်ရန် ခွင့်ပြုထားသည်။ သို့သော်လည်း Samsung က ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရင်း နှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ဗီယက်နမ်နိုင်ငံမှ ကမ်းလှမ်းမှုနှင့် များစွာ ယှဉ်နိုင်ခြင်း မရှိသေးပေ။
နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ (IMF) က မြန်မာနိုင်ငံကို အာရှ၏ နောက်ဆုံး ရှေ့တန်းဈေးကွက်နေရာ အဖြစ်သတ်မှတ် ထားသည်။
၂၀၁၂ ခုနှစ်စာရင်းများ အရ မြန်မာနိုင်ငံတွင် တဦးချင်း GDP ကလည်း နှစ်စဉ် ၇ ရာခိုင်နှုန်းမှ ၈ ရာ ခိုင်နှုန်း အထိတိုးတက်နေသည်။ စားသုံးသူဈေးကွက်အရကြည်ရင်လည်း မြန်မာနိုင်ငံသည် ဆွဲဆောင်မှုရှိသည့် အသွင် ဖြစ် ပြီး အခြေခံကုန်ပစ္စည်းထုတ်လုပ်သူများအတွက် အလားအလာများရှိနေသည်ဟု ဈေးကွက်သုတေသန ကုမ္ပဏီများ၏ အဆိုအရသိရသည်။
“မြန်မာနိုင်ငံ လုပ်သားအင်အားထုရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အစဉ်အလာအရ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာရှိနေကြပါ တယ်။ Samsung ရဲ့ ရင်းနှီးမြှုပ်နှံမှုက တကယ်ဖြစ်လာမယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းပါတယ်။” ဟု သတင်း ရင်း မြစ်တခုက ဆိုသည်။
အလုပ်သမားခ သက်သာခြင်းက Samsung Electronics အတွက်တရုတ်နိုင်ငံမှ အီလက်ထရောနစ် ကုမ္ပဏီများကဲ့သို့ ပြည်ပ ပြိုင်ဘက်များနှင့် ပိုမို ယှဉ်ပြိုင်နိုင်ရေးအတွက် အဓိက အကြောင်းရင်း တခု ဖြစ်သည်။
Samsung Electronics သည် လူသုံး အီလက်ထရောနစ် ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတခုဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ကမ္ဘာအဆင့် အီလက်ထရောနစ် ကုမ္ပဏီကြီးများသည် အများနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်မြင့်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး အတွက် ဖိအားများရင်ဆိုင်နေကြရသည်။ အလုပ်သမားခများ မြင့်တက်လာခြင်းကို နေရာသစ်သို့ပြောင်းရွှေ့ခြင်းဖြင့် ထိရောက်စွာဖြေရှင်းရန် Samsung ကရွေးချယ် လိုက်သည်ဟု ကျွမ်းကျင်သူများကပြောကြသည်။
(သြဂုတ်လ ၁၀ ရက်နေ့ http://www.koreatimes.co.kr တွင် ဖော်ပြထားသော Samsung considers appliance plant in Myanmar ကို ဘာသာပြန်ဆိုဖော်ပြပါသည်)