နိုင်ငံတဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက်ပိုင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဦးဆောင်မှုဖြင့် စီးပွားရေး လုပ်ငန်း အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက ထိန်းချုပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိရောက်တဲ့ လုပ်ဆောင်မှုမျိုးဖြစ်အောင် တိုက်ရိုက်လုပ်ဆောင်ကြမယ်။ ရေဘေးသင့် ဒေသတွေမှာ ပထမအဆင့်အနေနဲ့ လုပ်မယ်။ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် လုပ်သွားမယ်။ ကျနော်တို့တွေ ကလေးမြို့ကို သွားခဲ့တာလည်း ကယ်ဆယ်ရေးအတွက် လှူတန်းမယ့် အစီအစဉ်အပြင် ကုန်ဈေးနှုန်း ထိန်းချုပ်ရေး ကိစ္စကိုလည်း စီစဉ်ဖို့ သွားခဲ့တယ်”ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆန်ဈေးနှုန်း အပါအဝင် စားသောက်ကုန်၊ ဆေးဝါးများနှင့် အသုံး အဆောင် ပစ္စည်းများ၏ ဈေးနှုန်းသည် သွားလာရ ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကားလမ်းများ ပျက်စီး ခက်ခဲသည့် အကြောင်းပြချက်များဖြင့် စားသောက်ကုန်ဈေးများ မြင့်တက်လာခြင်း ဖြစ်သည်။
ထို့အခြေအနေများကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆီလုပ်ငန်းရှင်များ အသင်း၊ ပဲနှမ်းကုန်သည်ကြီးများ အသင်း၊ စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း၊ ဆေးနှင့် ဆေးဝါးပစ္စည်း လုပ်ငန်းရှင်များ အသင်းတို့က ပူးပေါင်း အကောင်အထည်ဖော် နေခြင်းဖြစ်သည်ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆက်ပြောသည်။
“ဒေသအလိုက်မှာ ဖြန့်ဖြူးရောင်းချရေး စခန်းတွေ ဖွင့်မယ်။ လက်ကားနဲ့ ရောင်းပေးမယ်။ ကျနော်တို့ပို့လိုက်တဲ့ နေရာတွေက ရောင်း ဝယ်ဖောက်ကားသူတွေနဲ့ ရပ်မိရပ်ဖတွေညှိနှိုှုင်းပြီး လက်လီကိုတဆင့် ပြန်ဖြန့်မယ်။ လုပ်ငန်းရှင်တွေအားလုံး စိတ်တူကိုယ်တူ လုပ်မှာပါ။ တနိုင်ငံလုံး လိုအပ်ချက် ရှိနေချိန်မှာ အခုလို ဆောင်ရွက်ပေးရတာက အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ဦးဝင်းအောင်က ဆိုသည်။
လက်ရှိအချိန်၌ ရေဘေးသင့် ဒေသတခုဖြစ်သည့် မကွေးတိုင်း ဒေသကြီးအတွင်း စားသုံးကုန် ဖြန့်ဖြူးရောင်းချရေးဆိုင် ဖွင့်လှစ်ပြီး ကုန်ဈေးနှုန်း ထိန်းချုပ်ရန် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ဆန်ကုန်စည်ဒိုင်များက ဆန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဆန်များ ပြည်တွင်း၌ လုံလောက်စွာ ရောင်းချပေးရန် ရည်ရွယ်ပြီး ပြည်ပသို့ ဆန်တင်ပို့ခြင်းကို စက်တင်ဘာလ ၁၅ ရက်အထိ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားကြသည်။
ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး မန္တလေး ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသိန်းဇော်က “လိုအပ်ရင် ဆန်ဈေးတွေ ကို ထိန်းနိုင်ဖို့ ဆန်ကုန်စည်ဒိုင် အသင်းတွေနဲ့ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းတို့ ပေါင်းပြီး ဈေးကွက်ထဲမှာ သက်သာလာဖို့ ကြိုးစားနေတယ်။ ဈေးကွက်ထဲကိုတော့ ပစ္စည်းတွေက ချက်ချင်း မရောက်နိုင်တော့ မြန်အောင် စဉ်းစားနေတယ်။ အခု နယ်စပ်ဒေသ တွေ ကို ၄၅ ရက်ခန့် ဆန်တင်ပို့တာ ရပ်ဆိုင်းမယ်ဆိုတော့ ဆန်ဈေး ပြန်ငြိမ်သွားနိုင်ပါတယ်”ဟု ပြောဆိုသည်။
လက်ရှိအချိန်၌ အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်သည် တအိတ်လျှင် ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အကြားသို့ လည်းကောင်း၊ ဆေးနှင့် ဆေးဝါးပစ္စည်းများသည်လည်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လျက် ရှိသည်ဟု ပြည်တွင်း ကုန်စည်ဈေးကွက်မှ သိရသည်။