နိုင်ငံတဝန်းမှာ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသော်လည်း လာမည့် ပွင့်လင်းရာသီ၏ ခရီးသွားလုပ်ငန်းကို မထိခိုက်နိုင်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် ဒေသများသည် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးရှိသည့် ရန်ကုန်၊ မန္တလေး၊ အင်းလေးနှင့် ပုဂံ ဒေသများ မဟုတ်သည့် အတွက် ပွင့်လင်းရာသီတွင် ပြန်လည်အရှိန်ရလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဌေးဝင်းက ဧရာဝတီကို ပြောပြသည်။
ဦးဌေးဝင်းက“ချင်းတို့ ဘာတို့ကတော့ တောင်ပြိုတာတွေ ရှိတာပေါ့။ ဒါပေမယ့် အဲဒီ တခုတည်းနဲ့တော့ ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူး လို့ ထင်တယ်”ဟု ပြောသည်။
ရေဘေးသင့် ဒေသများအနက် ခရီးသွားတချို့စိတ်ဝင်စားသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တို့ ပါဝင်ခဲ့သော် လည်း ယင်းဒေသများသို့ သွားရောက်လည်ပတ်သူ နည်းပါးကြောင်း၊ ထိုကြောင့် အခြားထင်ရှားသည့် မြို့များသို့ အစားထိုးစီစဉ် ပေးနိုင်သဖြင့် ခရီးသွားလုပ်ငန်းအပေါ် ထူးခြားသည့် သက်ရောက်မှု မရှိနိုင်ခြင်း ဖြစ်ကြောင်း Golden Trip Travels & Tours ခရီးသွား လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးချိုထွေးကလည်း ပြောသည်။
ဦးချိုထွေးက“Tourism အပေါ်မှာတော့ Impact အရမ်း သိသိသာသာကြီး သိပ်တော့မထိနိုင်ဘူး။ အခြား အဓိက သွားတဲ့နေရာတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံက ဘာမှ သိပ်မဖြစ်ခဲ့ဘူး။ မြန်မာပြည်ရဲ့ တကယ့် တိုးရစ်နေရာ အားလုံးထဲကမှ နေရာ တချို့လေးတွေပဲ ဖြစ်တာဆိုတော့ Impact အနေနဲ့ကတော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူး”ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ စီစဉ်ထားသည့် နိုင်ငံခြားသား ခရီးသွားများ၏ ခရီးစဉ်များကို အခြားဒေသ များသို့ ပြောင်းလဲ စီစဉ်ပေးထားရကြောင်း ဦးချိုထွေးက ဆိုသည်။
“မြောက်ဦးက တော်တော်များများ ရေမြုပ်တယ်။ မြုပ်သွားတဲ့အခါမှာ နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေရော၊ ဒီကြား ထဲမှာ မမြင်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ဘာတွေ ဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး”ဟုလည်း ဦးချိုထွေးက ပြော သည်။
ထို့အပြင် ယင်းဒေသများသို့ နိုင်ငံခြားသား ခရီးသွားများ၏ ပုံမှန်ဝင်ရောက်မှုသည် ယခင်နှစ်များကထက် နောက်ကျသွားနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ (UMTA)က ပြောဆိုသည်။
ရေဘေးကြောင့် မြေပြိုမှုများပါ ကြုံတွေ့ခဲ့ရသည့် ချင်းပြည်နယ်သို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် အန္တရာယ်ကင်းပြီး စိတ်ချရသည့် အချိန်ကာလရောက်မှသာ ခရီးစဉ်များကို ပြန်လည် စီစဉ်သွားသင့်ကြောင်း UMTA ၏ တွဲဖက်အတွင်း ရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“အန္တရာယ် ရှိနိုင်တဲ့ ကိစ္စမျိုးကို ဇွတ်အတင်း လုပ်လို့မရဘူး။ ကျင့်ဝတ်ရှိတယ်။ လာရင်ပြီးရောဆိုပြီး ဇွတ်အတင်း လုပ်လို့ မရဘူး”ဟု လည်း ၎င်းက ပြောဆိုသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ထိလွယ်ရှလွယ်သည့် စီးပွားရေး လုပ်ငန်းတခု ဖြစ်သည့်အတွက် ယခုကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဖော်ဆောင်ချိန်တွင်လည်း ခရီးသွားလုပ်ငန်းရှင်များ အနေနှင့် ကြိုစားရမည့် အချိန် တခု ဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ဆက်ပြောသည်။
၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုနှုန်း ၅ သန်း အထိ ရှိနိုင်လိမ့်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ
“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...