မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ရွှေတူးဖော်ထုတ်လုပ်နေကြသည့် ကုမ္ပဏီများမှ အစိုးရသို့ ပေးသွင်းရမည့် ရွှေ ကြွေးကျန်ရှိနေသော ကုမ္ပဏီများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။
ယခုထုတ်ပြန်ချက်၌ တရားစွဲဆိုသွားမည့် ကုမ္ပဏီပေါင်း ၂၁ ခုပါရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးများတွင် လုပ်ကိုင်ခဲ့သော ကုမ္ပဏီများဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ ဒုညွှန်ကြားရေးမှူး တဦးက ပြောသည်။
၎င်းက “အခု ကုမ္ပဏီ ၂၁ ခုစာရင်းအရဆိုရင် ရွှေပေးသွင်းဖို့ ကျန်တာက ၃၅ ပိဿာ ကျော်ကျော်ပါပဲ။ ဒီကုမ္ပဏီတွေမှာ တချို့တဝက် သွင်းပြီး ကျန်ခဲ့တဲ့ကုမ္ပဏီတွေ ရှိတာပေါ့။ တချို့ကျတော့လည်း လုံးလုံးမသွင်းတာလည်း ပါတယ်။ ဒါကို အကြိမ်ကြိမ်အကြောင်းကြား တယ်။ မရဘူးဆိုမှ အခုလိုလုပ်ရတာပါ”ဟု ပြောဆိုသည်။
သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်သို့ ရွှေကြွေးကျန်ပေးသွင်းရန် ရှိသောကုမ္ပဏီများမှ ကုမ္ပဏီ ၅ ခုကို ပထမအကြိမ် တရား စွဲဆိုရန် ထုတ်ပြန်ခဲ့ဖူးပြီး ယင်းကုမ္ပဏီများမှ တချို့သည် လာရောက်ရှင်းလင်းကြောင်း သိရသည်။
အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ ဒုညွှန်ကြားရေးမှူးက “ပထမတကြိမ် ကုမ္ပဏီ ၅ခုကို တရားစွဲမယ်ကြေညာတော့ ၂ ခုက လာသွင်း တယ်။ ၃ ခုကတော့ တရားရေး ဆက်လုပ်နေတာပေါ့။ အခုဟာ ၂၁ ခု ထပ်လုပ်တာပေါ့။ အဲ့ဒီလိုပဲ ဒီ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကုန် ခင်တော့ ကျန်တဲ့ကုမ္ပဏီတွေကို လအလိုက် ဆက်လုပ်သွားမယ်။ ကျနော်တို့ စီမံချက်နဲ့ လုပ်ထားပါတယ်”ဟု ပြောသည်။
ရွှေတူးဖော်သော ကုမ္ပဏီများအနေဖြင့် အမှတ် ၂ သတ္တုတွင်း လုပ်ငန်းနှင့် ရွှေသတ္တုအသေးစား ထုတ်လုပ်မှု လုပ်ငန်းစာချုပ်ကို ထုတ်လုပ်မှုအပေါ်တွင် အစိုးရက ၃၅ ရာခိုင်နှုန်း ကုမ္ပဏီဘက်က ၆၅ ရာခိုင်နှုန်း အချိုးကြခွဲဝေခံစားသည့် စနစ်ဖြင့်ချုပ်ဆို လုပ်ကိုင် သည်များ ရှိသကဲံသို့ အစိုးရသို့ တလလျှင် ရွှေ ၂ကျပ်သားနှုန်း ပေးသွင်းရမည်ဆိုသော သဘောတူစာချုပ်ဖြင့် လုပ်ကိုင်သည်လည်း ရှိကြောင်း သိရသည်။
သတ္တုတွင်း ဝန်ကြီးဌာနမှ အသေးစား ရွှေထုတ်လုပ်မှုလုပ်ငန်းများကို ခွင့်ပြုပေးမှုများလာသည်နှင့်အမျှ ရရန်ရှိသော ရွှေကြွေးကျန် ပမာဏ သည်လည်း များပြားလာလျက်ရှိကြောင်း၊ လက်ရှိတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ရွှေကြွေးကျန်ရှိနေသော ကုမ္ပဏီပေါင်း ၂၀၀ ကျော်ရှိနေပြီး ရရန်ရှိသည့် ပမာဏသည်လည်း ပျမ်းမျှရွှေပိဿာချိန် ၂၀၀ ကျော်ရှိနေကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ဆို သည်။
တရားစွဲဆိုရန် ထုတ်ပြန်ကြေညာခံရသော ကုမ္ပဏီများအနေဖြင့် သတ္တုတွင်းဝန်ကြီးဌာနသို့ လာရောက်ဆက်သွယ် ရှင်းလင်းမှုများ လုပ်ပါက တရားရုံးအဆင့်ထိ မရောက်ဘဲ ကြားတွင် ညှိနှိုင်းမှုများဖြင့်လည်း ပြီးသွားနိုင်ကြောင်း အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် က ပြောသည်။
၎င်းက“မတတ်သာတဲ့အဆုံး ဆက်သွယ်လို့လည်း မရတော့လို့၊ တချို့ဆက်သွယ်လို့ လာမတွေ့တာတွေကြောင့် အခုလိုလုပ်ရတာပါ။ သိအောင်လို့ သတင်းစာထဲမှာ ထည့်လိုက်ရတာ။ ဒီကြားထဲမှာလာပြီးဆက်သွယ် ဖြေရှင်းပြီး ရှင်းစရာရှိတာရှင်းရင် တရားရုံး အထိ မသွားတော့ဘူးပေါ့။ ဒီသဘောမျိုးနဲ့ပါ”ဟုလည်း ပြောဆိုသည်။
တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ကြေညာခံရသော ကုမ္ပဏီ ၂၁ ခုမှာ ရွှေစင်ဟိန်းကုမ္ပဏီ၊ မြန်မာ ရွှေသိင်္ဂီ ကုမ္ပဏီ၊ မန္တလေး မိုင်းနင်း ကုမ္ပဏီ၊ ရွှေမြနန္ဒာကုမ္ပဏီ(စစ်ကိုင်း)၊ မိုးဟိန်းကုမ္ပဏီ၊ ရှမ်းကတူးကုမ္ပဏီ၊ ဌေးဝင်းထွန်း ကုမ္ပဏီ၊ ပန်းမြတ်မာလာ ကုမ္ပဏီ၊ ရတနာချင်းတွင်း ကုမ္ပဏီ၊ မိုးကြိုးခြင်္သေကုမ္ပဏီ၊ ကံကောင်းခြင်း ထာဝရအားမာန် ကုမ္ပဏီ၊ သလ္လာရွှေစင်ကုမ္ပဏီ၊ ရွှေမြနန္ဒာကုမ္ပဏီ (မန္တလေး)၊ နီလာနှင်းဆီ ကုမ္ပဏီ၊ အမေ့ကျေးဇူးကုမ္ပဏီ၊ သွေးမိသားစု ကုမ္ပဏီ၊ ပန်းပွင့် ကုမ္ပဏီ၊ မြန်မာထက်ဝေယံ ကုမ္ပဏီ၊ အေးမြပြည့်စုံ ကုမ္ပဏီ၊ မြတ်အိန္ဒြေကုမ္ပဏီနှင့် ဇမ္ဗူရာဇ်ကုမ္ပဏီတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အသေးစား ရွှေထုတ်လုပ်မှုလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအများစုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်သည်ဟု သိရသည်။