စိုက်ပျိုးလယ်မြေများ ရေလွှမ်းမိုး ခံရမှုကြောင့် ချေးယူထားသည့် စိုက်ပျိုးစရိတ် ချေးငွေများအပေါ် သက်ဆိုင်ရာ ဌာနအသီးသီးက ဆိုင်ငံ့ခြင်း ပလပ်ခြင်း မဆောင်ရွက်ပေးပါက လယ်သမားများ အခက်အခဲ ပိုမိုကြီးမားလာနိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တောင်သူလယ်သမား အများစုက ပြောသည်။
“ဒီအနေအထားက ချေးငွေယူထားတဲ့ လယ်ဧကတွေ ရာခိုင်နှုန်း မကျန်လောက်ကို ပျက်စီးခဲ့တယ်။ ဧရာဝတီတိုင်းမှာဆိုရင် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်လောက်မှာပဲ မိုးစပါးသီးနှံ ကျန်နိုင်တယ်။ ကျန်တာတွေက ရေလွှမ်းကုန်ပြီ။ လာ မယ့်နှစ်မှာ နိုင်ငံတော်က ဆိုင်းငံ့ပေးတာ ပလပ်ပေးတာတို့ မလုပ်ရင် လယ်သမားတွေ ဒုက္ခပိုကြီးမားလာနိုင်တယ်”ဟု ဧရာဝတီ တိုင်း လေးမျက်နှာ မြို့နယ်မှ တောင်သူ ဦးစိုးခိုင်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေကြီးရေလျှံ၊ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ၌ စိုက်ပျိုးမြေ လယ်ဧကများနှင့် မျိုးစပါးများ ရေနစ်ပျက်စီးဆုံးရှုံးခဲ့ရာ ထိုမိုးစပါးသီးနှံများအတွက် နိုင်ငံတော်မှ ချေးယူထားသော စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်ရန် စိုးရိမ်မှု ဖြစ်ပေါ်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
စိုက်ပျိုးစရိတ် ချေးငွေယူရာတွင် တောင်သူများအနေဖြင့် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်များမှ ချေးယူထားမှုများ ရှိသကဲ့သို့ သမဝါယမ ဝန်ကြီးဌာနမှ ထုတ်ပေးသည့် အသေးစားချေးငွေ ရယူထားသည့် လယ်သမားလည်း ရှိကြောင်း သိရသည်။
ဟင်္သာတ မြို့နယ်မှ လယ်သမား တဦးဖြစ်သည့် ဦးအေးလွင်က“တဦးတည်း အနေနဲ့ လယ် ၁၅ ဧကမှာ ၁၀ ဧက ပျက်စီးတယ်။ ငွေကြေးတန်ဖိုးအရ ပျိုးဝယ် ပြန်စိုက်ရင် တဧကစိုက်ရင် အနည်းဆုံး ၃ သိန်းပဲ။ ဒီဘက်ကို စိုက်ပျိုးရေးဌာနက ဆင်းကြည့်တာတွေတော့ ရှိတယ်။ ပံ့ပိုးပေးမယ့် အနေအထားတော့ မပြောသွားဘူး”ဟု ပြောပြသည်။
သမဝါယမ ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ချေးငွေများကို မိုးသီးနှံများအတွက် ယခုနှစ် ဇွန်၊ ဇူလိုင်လများတွင် စတင်ထုတ်ချေးခဲ့ပြီး လာမည့်နှစ် အလားတူကာလများတွင် ချေးငွေများကို ပြန်လည်ကောက်ယူသွားမည် ဖြစ်ကြောင်း၊ သို့သော် ပြန်လည်ထွန်ရက် စိုက်ပျိုးရန် ခက်ခဲမှုများရှိပါက အသင်းသား မှန်ကန်မှုကို စစ်ဆေးပြီး အသင်းရန်ပုံငွေမှ ဒုတိယ အစီအစဉ်အဖြင့် ထပ်ဆောင်း၍ ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးမျိုးဇော်က ပြောသည်။
“ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ ရေမြုပ်တဲ့ လယ်ဧကတွေကို အချက်အလက် ကောက်နေတယ်။ သမ အသင်းသား ပိုင်တဲ့ လယ်ယာမြေဧက ဆုံးရှုံးမှု၊ ထုတ်ချေးထားတဲ့ ငွေပမာဏတွေကို ကောက်နေတယ်။ သမက ချေးထားတာတွေကို လာမယ့်နှစ် ဒီဇင်ဘာမှာ ပြန်ကောက်ရမှာ ဒီကာလ အတွင်းမှာ တကယ်ထိခိုက်ခဲ့တာမှန်ရင် အရင်းကို ဆိုင်းငံ့ကာလ တိုးပေးထားပြီး အတိုးပဲ ဆပ်ခိုင်းမယ်”ဟုလည်း ၎င်းက ဆိုသည်။
ထို့သို့ဆောင်ရွက်မှုကို တိုင်းဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် နေရာ ၄ နေရာသို့ ချေးငွေနှင့်ပတ်သက်ပြီး စဉ်းစားစီစဉ်သွားမည်ဖြစ်ကြောင်း ဦးမျိုးဇော်က ဆက်ပြောသည်။
တောင်သူများ ချေးယူထားသည့် စိုက်ပျိုးစရိတ် ချေးငွေများနှင့် ပတ်သက်ပြီး မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ် ချေးငွေဌာနမှ မန်နေဂျာ ဒေါ်နီလာရွှေက “အခုထက်ထိ တင်ပြလာတာတွေ မရှိသေးပါဘူး၊။ တင်ပြလာရင်တော့ ဘီအိုဒီ (BOD) ထိုင်ပြီး ဆုံးဖြတ်ချက်နဲ့ ဆက်လုပ်မယ်”ဟု ပြောသည်။
စိုက်ပျိုးရေးဘဏ်က ပုံစံ ၇ ရှိထားသည့် လယ်ယာများအတွက် တဧကလျှင် ကျပ်တသိန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးခဲ့ပြီး ချေးငွေအတွက် ရေလွှမ်း၊ ရေမြုပ်၊ ရေပြန်ပေါ်၊ ရေလွှမ်းမိုးမှု ကြာမြင့်မှုကြောင့် ပျက်စီးမှုများကို အချက်အလက်များ ကောက်ယူနေကြောင်းနှင့် အဆိုပါ လယ်ဧကများအတွက် ချေးငွေဆိုင်ရာများနှင့် ပတ်သက်ပြီး တရားဝင် အမိန့်ထွက်မလာသေးကြောင်း စိုက်ပျိုးရေး မှူး ဦးမြင့်သိန်းက ပြောဆိုသည်။
“အရန် မျိုးစပါးတွေကို စုဆောင်းထားတယ်။ အခမဲ့ ထုတ်ပေးမှာလား ဘာလားကတော့ ညွှန်ချုပ်တွေ အပေါ်မှာပဲ မူတည်တယ်။ သူတို့ကို ပေးထားတယ်။ ဒီဘက်ကတော့ ဝယ်ယူစုဆောင်း ထားရတာပေါ့”ဟုလည်း ၎င်းက ဆက်ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ ကောက်ယူထားမှုများအရ သုံးလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်မှု ၁,၂၈၀,၉၃၂၊ ရေပြန်ပေါ် ၈၉၀,၅၄၄၊ ထိခိုက်မှု ၆၄၁,၂၂၂၊ ပျက်စီးမှု ၄၀၇, ၉၂၅ နှင့် ပြန်စိုက် ၃,၆၄၈ ရှိကြောင်း သိရသည်။