မန္တလေးတိုင်းအတွင်းရှိ အခွန်ကြွေးကျန်များကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးကောက်ခံသွားမည် ဖြစ်ပြီး မပေးဆောင်ပါက ဥပဒေအရ အရေးယူသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး က ဧရာဝတီသို့ ပြောသည်။
“အခွန်ကြွေးကျန်ကောက်ရတဲ့ အကြောင်းအရင်းကတော့ အခုက ဒီမိုကရေစီခေတ်ဆိုတော့ အစိုးရက ၅ နှစ်တခါပြောင်းမှာ ဖြစ်ပါတယ်၊ ကျနော့်လက်ထက်မှာ နောက်အစိုးရကိုအကြွေးတွေနဲ့ လွှဲခဲ့မှာ မဟုတ်ပါဘူး၊ အားလုံး Clear ဖြစ်သွားအောင် လုပ်ပြီးမှ လွှဲပေးမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ မြင့်ကြူက ပြောဆိုသည်။
၂၀၀၁ ခုနှစ်မှစတင်၍ ၂၀၁၄ ခုနှစ်အထိ မန္တလေးတိုင်းအတွင်း စီးပွားရေးလုပ်ငန်းရှင်များကပေးရန် ကျန်ရှိနေသည့် အခွန်ကြွေးကျန် ပေါင်း ကျပ် ၁၀ ဘီလီယံ ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၅ ရက်အထိ ကျပ် ၅ ဘီလီယံနီးပါး ကောက်ခံရရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သိရသည်။
စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နှစ်စဉ် ကုန်သွယ်ခွန်နှင့် အမြတ်ခွန်ပေးဆောင်ရပြီး အခွန်ကြွေးကျန်များအား အပိုင်းနှစ်ပိုင်းခွဲ၍ လက်ငင်းပေးဆောင်ခြင်း၊ အရစ်ကျပေးဆောင်ခြင်းတို့ဖြင့် ကောက်ခံလျက်ရှိကြောင်း၊ လက်ငင်းမပေးဆောင်နိုင်သည့် လုပ်ငန်းရှင်များအတွက် သုံးရစ်ခွဲ ပေးဆောင်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဒေါက်တာ မြင့်ကြူက ပြောဆိုသည်။
ဝန်ကြီးက“ကြွေးကျန် လုံးဝမဆောင်ဘူးဆိုတဲ့ သူတွေထဲက ဥပဒေကို ကျော်လွန်ပြီး မဆောင်တာဆိုရင်တော့ ဥပဒေကြောင်းအရ သွားဖို့ရှိပါတယ်၊ သူတို့ကို Last Date ပေးမှာပါ၊ အခုတော့ ကောက်နေဆဲ ကာလဖြစ်ပါတယ်”ဟု ဆက်ပြောသည်။
အခွန်ကြွေးကျန်များအား လာမည့် ဒီဇင်ဘာလ အတွင်း အပြီးကောက်ခံသွားမည်ဖြစ်ပြီး ၎င်းမတိုင်ခင် ဥပဒေကြောင်းအရ အရေး ယူ ရမည့်သူများအား နောက်ဆုံးရက် သတ်မှတ်ချက်ထွက်ရှိလာမည်ဟုလည်း ဆိုသည်။
ယခုကောက်ခံနေသည့် အခွန်ကြွေးကျန်များသည် ယခင်အစိုးရလက်ထက်က ကြွေးကျန်များလည်း ပါဝင်ပြီး ထို့အတွက် စာရင်း သီးသန့်ဖြင့် ကောက်ခံလျက်ရှိကြောင်း၊ ကြွေးကျန်သူများမှာ မန္တလေးတိုင်းအတွင်းမှ စီးပွားရေးလုပ်ငန်းရှင် မျိုးစုံပါဝင်ပြီး ဈေးချိုတွင် ရောင်း ဝယ်ဖောက်ကား နေသူများလည်း ပါဝင်ကြောင်း သိရသည်။
မန္တလေးမြို့ခံ ဂျုံစက်ပိုင်တစ်ဦးက“ကိုယ့်အသိနဲ့ အခွန်ဆောင်ချင်လာအောင် ပညာပေးတိုက်တွန်းမဲ့အစား အခွန်ရုံးသွားရင် သူတို့က အရင်ဖြဲခြောက်နေတာ၊ အခွန်ရုံးကို မသွားချင်ဘူး၊ အခွန်ဆောင်ရင် လုပ်ငန်းရှင်အတွက် ဘယ်လို အကျိုးရှိတယ်ဆိုတာ သေချာရေ လည်အောင် ရှင်းပြသင့်တယ်၊ မဟုတ်ရင်တော့ စီးပွားရေးသမားက ကိုယ့်အိတ်ထဲက ပိုက်ဆံထွက်မှာကို ဘယ်သူမဆို လက်တွန့်မှာပဲ”ဟု ပြောဆိုသည်။