မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကုန်သွယ်မှု ပမာဏသည် ယခုဘဏ္ဍာနှစ်၏ သြဂုတ်လကုန်ပိုင်း အထိ အမေရိကန် ဒေါ်လာ ၁၀.၅ ဘီလီယံ သို့ ရောက်ရှိနေပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပိုလာကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) အချက်အလက်များ၌ ယခု ဘဏ္ဍာနှစ်အစ ဧပြီလမှ သြဂုတ်လ ကုန်ပိုင်းအထိ ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၄.၃ ဘီလီယံ၊ သွင်းကုန်တန်ဖိုး ၆.၂ ဘီလီယံဖြင့် စုစုပေါင်းကုန်သွယ်မှု ၁၀.၅ ဘီလီယံ ကုန်သွယ်မှု ရှိကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလ ကုန်သွယ်မှု တန်ဖိုးသည် ဒေါ်လာ ၉.၉ ဘီလီယံရှိပြီး လက်ရှိ ကုန်သွယ်မှုက ၁၀.၅ ဘီလီယံ ဖြစ်သည့်အတွက် ဒေါ်လာ သန်း ၆၀၀ ခန့် ကုန်သွယ်မှု ပိုမိုကြောင်း သိရသည်။
စီးပွား/ကူးသန်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က“မနှစ်က ဒီလိုအချိန်မှာ ကုန်သွယ် မှုက ၉.၉ ဘီလီယံပဲ ရှိတာဆိုတော့ ဒီနှစ်က သန်း ၆၀၀ တော့ ပိုနေတယ်”ဟု ပြောသည်။
ယခုကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀.၅ ဘီလီယံတွင် နယ်စပ်ကုန်သွယ်မှု ပမာဏသည် ၄.၃ ဘီလီယံ ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည် ၆.၂ ဘီလီယံ ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ ၂၈ ဘီလီယံအထိ ကုန်သွယ် မှု ပြုနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၂၉.၉ ဘီလီယံ အထိမျှော်မှန်း ထားကြောင်း သိရသည်။
သို့သော် ပြည်တွင်း၌ နိုင်ငံအနှံ့ ရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် ယခုနှစ်အတွက် ပို့ကုန်တန်ဖိုး လျော့ကြမည်ဖြစ်ပြီး အထူးသဖြင့် လယ်ယာထွက်ကုန်ပစ္စည်များ၏ ပို့ကုန်တန်ဖိုး ပြည်တွင်းစီပွားရေးပညာရှင်များက မှန်းဆထားခဲ့ကြသည်။
အစိုးရက လယ်ယာထွက်ကုန်တင်ပို့မှုမှ ရငွေကို ယခုနှစ်အတွက် ၂.၉ ဘီလီယံ မှန်းထားပြီး ဒုတိယအများဆုံး ပို့ကုန်တန်ဖိုး အမျိုးအစား ထဲတွင် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၏ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်မှုသည်လည်း ဖွံ့ဖြိုးလာနေပြီး လက်ရှိ ကုန်သွယ်မှုပမာဏ ၁၀ ဘီလီယံကျော်တွင် နယ်စပ်ကုန်သွယ်မှုက ၄ဘီလီယံကျော် ပါဝင်နေသည်။
နယ်စပ်ကုန်သွယ်မှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ် ကုန်သွယ်မှုတန်ဖိုးအားလုံးတွင် တရုတ်နိုင်ငံမှ ၈၇ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၁၂ ရာခိုင်နှုန်း ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ကျန်သည့် ၁ ရာခိုင်နှုန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်မှုပြု့ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က“နယ်စပ်ကုန်သွယ်မှုမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ က နည်းပါတယ်။ နယ်စပ် စားသုံးမှုလောက်ပဲ ကုန်သွယ်တဲ့သဘောမျိုး ဖြစ်နေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နှစ် နယ်စပ်ကုန်သွယ်မှုတွင် အိန္ဒိယနှင့် ဒေါ်လာ ၆၁ သန်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေါ်လာ ၁၄ သန်းကျော် ကုန်သွယ်မှု ပြုခဲ့ကြောင်း သိရသည်။