ပြီးခဲ့သည့် အပတ်အတွင်းက ငွေလဲလှယ်နှုန်းက တဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်အထိ မြင့်တင်လာခဲ့သည်။ မြန်မာ အစိုးရက ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိလိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ငွေလဲနှုန်း အမြင့်ဆုံး သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နိုင်ငံရေးလှုပ်ခတ်မှုနှင့်အတူ ဖြစ်ပေါ်ခဲ့သည့် ဘဏ်များနှင့် ပတ်သတ်သော ကောလဟလများ၏ နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေးနှင့် ရွှေဈေးများ ဈေးကွက်အတွင်း မြင့်တက်၍ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာဈေး မငြိမ်မသက်ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဟု စီးပွားရေး အသိုင်းအဝန်းက ပြောဆိုကြသကဲ့သို့ အခြားအချက်များဖြစ်သော အမေရိကန်ဒေါ်လာ တန်ဖိုးမာနေခြင်း၊ တရုတ်နိုင်ငံမှ ယွမ်ငွေ တန်ဖိုးလျှော့ချခြင်း၊ ပြည်တွင်းအခြေအနေတွင် ကုန်သွယ်ရေးလိုငွေပြမှုကြောင့် ဒေါ်လာလိုအပ်ချက် မြင့်သထက်မြင့်လာခြင်း တို့ကလည်း ငွေလဲနှုန်းမြင့်တက်၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ဖြစ်နေစေကြောင်း ပြောဆိုကြသည်။
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ယခုကဲ့သို့ ရွှေဈေးနှင့် ဒေါ်လာဈေးများ မငြိမ်သက်မှုသည် နိုင်ငံရေးအရ ဆက်နွယ်မှုများမှ တဆင့် ဖြစ်ပေါ်လာခြင်းသာဖြစ်ကြောင်း၊ထို့အတူ ငွေလဲနှုန်း ဒေါ်လာတန်ဖိုး ဆက်တက်နေဦးမည်ဖြစ်ပြီး မြန်မာငွေကျပ်တန်ဖိုး ဆက်လက်ကျဆင်းနေဦးမည် သဘောရှိကြောင်း မှတ်ချက်ပြုသည်။
“အစိုးရရဲ့ဘဏ္ဍာရေး လိုငွေ ကြီးသထက်ကြီးလာ၊ ကုန်သွယ်ရေးလိုငွေလည်း ကြီးသထက်ကြီးလာလေ မြန်မာငွေတန်ဖိုးကလည်း ကျသထက်ကျနေမှာပဲ။ လိုငွေ ၂ ခုကြီးနေတဲ့ နိုင်ငံရဲ့ငွေကြေးသည် မကျပဲ မရှိဘူး။ ကျကို ကျမှာပဲ။ ဒီတော့ ဒီ လိုငွေ ၂ ခုကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ လိုငွေကနေ ပိုငွေအဖြစ်ကို ပြောင်းဖို့ ပြောနေတာ မဟုတ်ဘူး။ လိုငွေဖြစ်နေတာတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ အဲ့သလို ဆိုရင်တော့ မြန်မာငွေတန်ဖိုးက တန့်သင့်သလောက် တန့်သွားမယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၁၀ လ အတွင်းတွင် ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေပေးငွေယူရှင်းတန်း လိုငွေပြမှု နှင့် ငွေဖောင်းပွမှုနှုန်းတို့က မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သည်။ နိုင်ငံခြားမှ ကုန်ပစ္စည်းတင်သွင်းမှုက အလျှင်အမြန် တိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်းကလည်း ဒေါ်လာလိုအပ်ချက်ကို ပြည့်မီခြင်း မရှိခဲ့ပါ။ အကျိုးဆက်အနေဖြင့် မြန်မာကျပ်ငွေ အပေါ် ယုံကြည်မှု နည်းပါးလာခဲ့သည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိခြင်းကို လတ်တလော စွန့်ခွာခဲ့သည်။ အဆိုပါစနစ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) ၏ အကူအညီဖြင့် လွန်ခဲ့သော ၃ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အချို့သော အခြေ အနေများကြောင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု IMF က ဆိုသည်။
ထို့ကြောင့်လည်း လွန်ခဲ့သော ၁၀ လ ကစ၍ IMF ၏ မြန်မာနိုင်ငံအပေါ် အကောင်းမြင်မှုများကို ပြောင်းလဲစေခဲ့သည်။
မြန်မာကျပ်ငွေအားနည်းမှုကို ကာကွယ်ရန်အတွက် ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် ဗဟိုဘဏ်က ဝင်ရောက်စွပ်ဖက်မှု အများအပြားပြုလုပ်ခဲ့ရာ နိုင်ငံခြား အရံငွေလည်း သိသိသာသာ ကျဆင်းခဲ့ရသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ စာရင်းများအရ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ရှိရာမှ ၂၀၁၄ တွင် ၄ ဘီလီယံကျော်သာ ကျန်တော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လကလည်း လောင်စာဆီနှင့် စားသုံးဆီကဲ့သို့သော ပစ္စည်းများတက်သွင်းသူအချို့ကို ဦးစားပေး၍ ဒေါ်လာငွေထောက်ပံ့ရန် ဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ခြင်းက ကျန်ရှိနေသေးသော နိုင်ငံခြား အရန်ငွေကို အလျှင်အမြန် လျော့ကျသွားစေလိမ့်မည် ဖြစ်ကြောင်း IMF က သတိပေးခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍသို့ ဘဏ်ငွေထုတ်ချေးမှုက ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အတွင်းတွင် ၃၆ ရာခိုင် နှုန်း တိုးတက်ခဲ့သည်။
“တကယ်လို့ အမေရိကန်က မကြာခင် အတိုးနှုန်းတွေ မြှင့်တင်လိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာက ပိုမိုခိုင်မာလာပြီး တော့ ကျပ်ငွေ အပေါ် ဖိအား ပိုကြီးသွားလိမ့်မယ်။ ကမ္ဘာ့ကုန်စည်ဈေးနှုန်းတွေ ကျဆင်းမှုကြောင့်လည်း ပိုမိုဆိုးရွားသွားပါ လိမ့်မယ်။ ဗဟိုဘဏ်က အခြေခံသတ်မှတ်တဲ့ နှုန်းထားတခု မပါဘဲနဲ့တောင် ဗဟိုဘဏ်ရဲ့ အရန်ငွေတွေ ဆက်လက် ဆုံးရှုံးနေဖွယ်ရှိပြီး အကျပ်အတည်းတခုဆီကို ဦးတည်သွားနိုင်ပါတယ်” ဟု IMF က သုံးသပ်ခဲ့သည်။
ယခုအခါ ကျပ်ငွေတန်ဘိုးကျဆင်းမှုကို ရှောင်လွှဲ၍ မရနိုင်တော့ဟု IMF က ပြောသည်။ ထို့ကြောင့် ဗဟိုဘဏ် အနေဖြင့် ပို့ကုန်များ အားသာချက် ရရှိရန်၊ သွင်းကုန်ကို လျှော့ချနိုင်ရန်နှင့် ငွေတန်ဘိုး မှန်မှန်ကျဆင်းနေသည်ကို ခွင့်ပြုထားခြင်း အစား ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ရပ်တန့်ရန် ဆောင်ရွက်သင့်ကြောင်းလည်း IMF က အကြံပြုထားသည်။
IMF ၏ တွေ့ရှိမှုနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေး ပညာရှင်တဦးဖြစ်သော Sean Turnell က “IMF ရဲ့ ဒီကြေညာချက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတဲ့ အပေါ်ယံနောက်မှာ နည်းလမ်းဟောင်း၊ အတွေးအခေါ် အယူအဆဟောင်း၊ ဆင်ခြင်တုံတရား မရှိခြင်းနဲ့ အုပ်ချုပ်ပုံ နည်းစနစ်ဟောင်းတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စတွေကို ဖော်ထုတ်ပြထားပါတယ်”ဟု IMF ၏ အစီရင်ခံစာထဲတွင် ပြောကြားထားသည်။
ပြဿနာကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးတွင် အတားအဆီးဖြစ်စေသော လမ်းညွှန် အမိန့်ပေးခြင်း ထိန်းချုပ်ခြင်းများ ရှိနေဆဲဟု Sean Turnell က ယုံကြည်သည်။
IMF ၏ အကြံပြုချက်ကြောင့် ဗဟိုဘဏ်က ကျပ်ငွေတန်ဘိုးကို လျှော့ချရန် လတ်တလော ခွင့်ပြုပေးနေခြင်း ဖြစ်ပုံရသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျင် မြန်မာကျပ်ငွေ ၁၂၈၅ ကျပ်ဖြင့် ဗဟိုဘဏ်က ဈေးသတ်မှတ်ပေးခဲ့သည်။
သို့သော် ငွေလဲနှုန်းများ မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းက သွင်းကုန် တန်ဖိုးများ မြင့်တက်၊ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆက်တိုက်ဖြစ်စေပြီး ငွေဖောင်းပွမှုနှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း စိုးရိမ်ကြသူများ ရှိသည်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “သွင်းကုန်တန်ဖိုးတက်ရင် ကုန်ဈေးနှုန်းတက်၊ ကုန်ဈေးနှုှုန်းတက်ရင် ငွေဖောင်းပွမှုဖြစ်တယ်ပေါ့။ ငွေဖောင်းပွမှုဖြစ်တာကလည်း ထပ်မံပြီး ငွေတန်ဖိုးကို ကျစေပြန်တာပေါ့။ ငွေကြေးတည်ငြိမ်မှုကို အတတ်နိုင်ဆုံးထိန်းဖို့ လိုပါတယ်။ မြန်မာကျပ်ငွွေတန်ဖိုးကျလေ ငွေကြေးဖောင်းပွမှုဖြစ်လေ။ ငွေဖောင်းပွမှုဖြစ်လေ မြန်မာကျပ်ငွေတန်ဖိုးကျလေ ဆိုတာမျိုး ဖြစ်မယ်” ဟု ပြောသည်။
ကျပ်ငွေအတွက် စိုးရိမ်မှုများ အပြင် အစိုးရဘတ်ဂျက် လိုငွေပြမှု မြင့်တက်လာခြင်းကလည်း စိုးရိမ်စရာဖြစ်သည်ဟုလည်း IMF ကဆိုသည်။ အစိုးရက ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် အရေးကြီးသည် IMF က အလေးအနက်ဖော်ပြခဲ့သည်။
လက်ရှိ လိုငွေပြမှုများကို ဖြတ်တောက်နိုင်ရန်အတွက် အစိုးရက အခွန်သက်သာခွင့်ပေးခြင်းများကို လျှော့ချသင့်ပြီး အခွန် ကောက်ခံခြင်းကို ကောင်းမွန်တိုးတက်လာအောင် ရည်ရွယ်ချက် ထားသင့်သည်ဟုလည်း ပြောသည်။ ထို့ပြင် ငွေကြေးသုံးစွဲမှုအတွက် ဦးစားပေး အစီအစဉ်များကို ပြန်လည်စိစစ်သင့်ပြီး စစ်ရေးအတွက် အကြောင်းမဲ့ သုံးစွဲနေသည်များကို လျှော့ချ၍ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အခြားကဏ္ဍများတွင် ပိုမိုသုံးစွဲသင့်ကြောင်းလည်း ဖော်ပြထားသည်။
IMF ၏ လေ့လာအကဲဖြတ်မှုကြောင့် ဗဟိုဘဏ်နှင့် အစိုးရအတွင်းရှိ ပြုပြင်ပြောင်းလဲရေးသမားများနှင့် ရှေးရိုးစွဲသမားများ ကြားတွင် မူဝါဒ အကျပ်အတည်းများ ပေါ်ပေါက်လာရဖွယ်လည်း ရှိနေပါသည်။