ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီ ဥပဒေ များကို ယခုအစိုးရ လွှတ်တော် သက်တမ်းအတွင်း အတည်ပြု ပြဌာန်းနိုင်တော့မည် မဟုတ် ကြောင်း သိရသည်။
ထို ဥပဒေများသည် လက်ရှိအချိန်၌ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေ၍ ၂၀၁၅ အလွန် လာမည့် လွှတ်တော်ရောက်မှ အတည် ပြုနိုင်မည့် အခြေအနေရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြော သည်။
သြဂုတ်လ ၂၆ ရက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးအောင်နိုင်ဦး က“ဥပဒေ အတည်ပြုဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ ဒီလွှတ်တော် ကာလမှာပေါ့။ နောက်လွှတ်တော်ကပဲ အတည်ပြုပေးနိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ ကျနော်တို့ကတော့ ဆက်ပြီး လုပ်စရာရှိတာတွေ လုပ်ဆောင်သွားမှာပါ”ဟုလည်း ပြောဆိုသည်။
ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ(FDI Law)ကို ပြဌာန်းနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ(CIL) ကို ပြဌာန်းနိုင်ခဲ့ကြောင်း၊ သို့သော် အဆိုပါ ဥပဒေ ၂ခုစလုံးတွင် အပြန်အလှန် အား နည်းချက်များ ရှိနေခဲ့ခြင်းကြောင့် ဝေဖန်သံများ ထွက်ပေါ်ခဲ့ပြီး ၂ ခု စလုံးကိုပေါင်း၍ ပြင်ဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အသစ်ရေးဆွဲ ပြဋ္ဌာန်းမည့် ကုမ္ပဏီဥပဒေကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြင်ဆင်လျက်ရှိပြီး ယင်း ဥပဒေ ၂ ခုစလုံးသည် လက်ရှိတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေသည့် အဆင့်ဖြစ်ကြောင်း ဦးအောင်နိုင်ဦး က ပြော သည်။
၎င်းက“ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပို့ထားပါတယ်။ ရှေ့နေချုပ်ရုံးက ဥပဒေရှုဒေါင့်က အကြံပြုချက်တွေပေးဖို့ စိစစ်နေဆဲ အဆင့် ပါ”ဟုလည်း ပြောဆိုသည်။
ယခု ဥပဒေ ၂ခုလုံးသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ ဖြစ်သည့်အတွက် အမြန်ဆုံး အတည်ပြုနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးလည်းဖြစ် လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးမြတ်သင်းအောင်က ဧရာဝတီ သို့ ပြောသည်။
၎င်းက“အရင်ဆုံး ပြဌာန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီဥပဒေထွက်မှ ဒါကိုကြည့်ပြီး လာမှာကိုး။ ကိုယ့်တိုင်းပြည်ကလူတောင် ဥပဒေ ကို ကြည့်ပြီး အလုပ်လုပ်ရတာ။ ဒါတွေဒါတွေ အခွင့်အရေး ပေးတယ်ပေါ့။ ဒီလိုတွေကို ကြည့်ပြီး ဝင်ကြရတာ။ နောက်ပြီး တနိုင်ငံနဲ့ တနိုင်ငံ အခွင့်အရေးပေးတာမှာ ကွာတာလည်း ရှိတယ်။ အဲဒါကို ကြည့်ပြီး ဝင်ကြရတာကိုး”ဟုလည်း ပြောပြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးကလည်း“ဒီဥပဒေနှစ်ခုက ကျနော်တို့ တိုင်းပြည် စီးပွားရေးအတွက် သက်ဆိုင်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကုမ္ပဏီဥပဒေရော ရင်းနှီးမြှုပ်နှံမှု ဥပဒေရော စောနိုင် သမျှစောပြီး အတည်ပြုချက်ရနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ဒေသတွင်းနိုင်ငံများကြား အနိမ့်ဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး လက်ရှိ ဝင်ရောက်ပြီး ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း နည်းပါးနေသေးရာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ ဝင် ရောက်လာရေးအတွက် ယခုဥပဒေသည် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံ၏ ရပိုင်ခွင့်ကြား မျှတသော ဥပဒေတရပ်အဖြစ် အမြန်ဆုံး ထွက်ပေါ်လာရန် လိုအပ်လျက်ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင်တချို့က ပြောဆိုသည်။
ထို့အတူ ကုမ္ပဏီ ဥပဒေသည်လည်း ယခင်က ပြဌာန်းခဲ့သော နှစ်များစွာ ကြာပြီဖြစ်သည့် ဥပဒေဖြစ်နေရာ လက်ရှိ ခေတ်စနစ် အခြေ အနေများနှင့် ဆီလျော်မှု မရှိခြင်းကြောင့် ပြန်လည် ပြင်ဆင်မှုများဖြင့် အမြန်ဆုံး ထွက်ပေါ်လာရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိရ သည်။