သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် လျော်ကြေးပေးရန် ကျန်ရှိနေသော သိမ်းယူထားသည့် မြေဧက ၇၆၀ ကို နိုင်ငံတကာစံနှုန်းနှင့်အညီ လျော်ကြေး ပေးမည်ဖြစ်ကြောင်း သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြောသည်။
ယင်းမြေဧက ၇၆၀ သည် သီလဝါ အထူး စီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀(၄၉၄၂ ဧက)တွင် လျော်ကြေးပေးရန် ကျန် ရှိနေသော မြေ ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက မြန်မာအစိုးရနဲ့ ဂျပန်နိုင်ငံက ပေါင်းလုပ်တာ။ ဂျပန်တွေက မြေနေရာကိုသိမ်းရင် ၁၀ မိုင် ပတ်လည်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်း အမြင့်ဆုံး အနိမ့်ဆုံးကိုကြည့်ပြီး အမြင့်ဆုံးဈေးကို ရှင်းပေးမှာ။ လျော်ကြေးကို တလုံးတခဲတည်း ပေးမယ်”ဟု သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးသန်းအောင်က ပြောသည်။
သြဂုတ်လ ၂၆ ရက်က သန်လျင်မြို့နယ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မြေယာရုံးခွဲ (၂)တွင် ပြုလုပ်သည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ သက်ဆိုင်သူများနှင့် တွေ့ဆုံ ပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
မြေယာလျော်ကြေး ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်တွင် နေထိုင်သူ တောင်သူ ဦးအေးဌေးက“ ဟက် တာ ၄၀၀ (၉၈၈ ဧက)မှာ လျော်ကြေးကို တဧက ၂ သိန်းခွဲနဲ့ ၆ နှစ်စာ ပေးခဲ့တယ်။ အခု ကျနော်တို့လယ်က ဟက်တာ ၂၀၀၀ (၄၉၄၂ ဧက)မှာ ပါနေ တော့ နိုင်ငံတော်က ထုတ်ပြန်သတ်မှတ်ထားတာက အထူးစီးပွားရေးဇုန်ဆိုရင် တဧက သိန်း ၆၂၀၊ တိုင်းမြေစာရင်းက သိန်း ၄၂၀ သတ်မှတ်ထားတာ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီပဲ ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယ စီမံကိန်းအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု(EIA)၊ လူမှုဘဝဆိုင်ရာ လေ့လာ ဆန်းစစ်မှု(SIA)များကို အလျင်အမြန် အကောင်အထည် ဖော်ဆောင်ရန်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်က သီလဝါ စီးပွားရေးဇုန်အတွင်း ပါဝင်နေသည့် ကျောက်တန်းမြို့နယ်နှင့် သံလျင်မြို့နယ်မှ ဒေသခံများကို သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“သူတို့ပြောတာကို အကုန်ဘာမှ မယုံဘူး ၅၀ ရာခိုင်နှုန်းပဲ။ ပြီးခဲ့တဲ့ ဟက်တာ ၄၀၀ မှာတုန်းက သူတို့က EIA/SIAကို မလုပ်နိုင်ခဲ့လို့ မှားပါတယ်လို့ ဝန်ခံသွားတယ်။ သူတို့က အမြန်လုပ်ရလို့ဆိုပြီး ပြောတယ်။ အဲဒီဘက်(ပထမအဆင့် စီမံကိန်း)မှာ ဓာတ်တိုင်၊ ရေဆိုး ကိစ္စ၊ မိလ္လာရေလွှမ်းတဲ့ ကိစ္စတွေကို ဒေသခံတွေ ခံစားနေရပြီ။ ဒီဟက်တာ ၂၀၀၀(၄၉၄၂ ဧက)မှာတော့ ဒါမျိုးမဖြစ်အောင် ကျနော် တို့ ဒေသခံတွေက EIA၊ SIA စစ်တမ်းကို ချပြပေးပါလို့ ပြောထားတယ်”ဟု တောင်သူ ဦးအေးဌေးက ဆက်ပြောသည်။
ဒေသခံများအား လျော်ကြေးငွေ ပေးအပ်ရာတွင် ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်အထိ နောက်ဆုံးရက် သတ်မှတ်ထားပြီး ကောင်းကင်မြေပုံ၊ ဓာတ်ပုံ၊ အသိပေးချက်များဖြင့် တိုက်ဆိုင်စစ်ဆေးပြီး အကျုံးဝင် မဝင်ကို ဆုံးဖြတ်ပေးအပ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် စီမံကိန်းဧရိယာ ဟက်တာ ၂၀၀၀(၄၉၄၂ ဧက)တွင် ထိခိုက်နိုင်ခြေရှိသည့် အိမ်ခြေပေါင်း ၆၀၀ နှင့် ၈၀၀ အကြားရှိကြောင်း သိရသည်။
ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် သီလဝါ စီမံကိန်း ဧရိယာဟက်တာ ၄၀၀(၉၈၈ ဧက)တွင် အနောက်နိုင်ငံများက အများဆုံး ဝင်ရောက် လုပ်ကိုင်ကြသည့်အပြင် ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ် နိုင်ငံများမှ ကုမ္ပဏီပေါင်း ၄၀ ကျော် ဝင်ရောက် လုပ်ကိုင်နေကြောင်း သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဆိုသည်။
ဆက်လက်ဖော်ဆောင်မည့် ဒုတိယအဆင့် စီမံကိန်းနှင့် ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို တိုင်း တာသည့် အနေဖြင့် ထိုစီမံကိန်း အကောင်အထည်ဖော်ပြီး နောက်ပိုင်းတွင်လည်း လေထုရေထု တိုင်းတာချက်များကို သုံးလတကြိမ် တိုင်းတာထုတ်ပြန်ပေးရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနက လွှဲအပ်ထားသည့် ဝန်ထမ်းက အမြဲ တမ်း တိုင်းတာ စစ်ဆေးပေးမည် ဖြစ်သည်ဟု သီလဝါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးသန်းအောင်က ပြော သည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ မြန်မာပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Myanmar Consortium) မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Japanese Consortium) မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားကြောင်း သိရသည်။