ပြီးခဲ့သည့် ရက်များအတွင်း အံ့အားသင့်ဖွယ်ရာ ကျဆင်းသွားခဲ့သည့် ကမ္ဘာတဝန်း စတော့ဈေးကွက်များ အခြေအနေက တရုတ်နိုင်ငံ အတွင်းမှ ထွက်ပေါ်လာသည့် စီးပွားရေးသတင်းများနှင့် အနီးကပ်ဆက်သွယ်မှု ရှိနေပါသည်။
ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ အရေးပါမှုက ချဲ့ကားပြောခြင်း မဟုတ်ပါ။ ပထမအချက်က ကြီးမားသော ဈေးကွက် အရွယ်အစားဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်ပြီး ကြေးနီနှင့် ရေနံကဲ့သို့သော ကုန်စည်များကို အများအပြား တင်သွင်းနေသည့် နိုင်ငံလည်း ဖြစ်သည်။
ဒုတိယအချက်မှာ ကမ္ဘာ့စီးပွားရေး အထူးသဖြင့် ဥရောပနှင့် အမေရိကန်တွင် ၂၀၀၈ ခုနှစ် ကသောင်းကနင်း အခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် အထောက်အကူအဖြစ် တရုတ်စီးပွားရေး တိုးတက်မှုနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း အထိဖြစ်လာစေရန် ကမ္ဘာက မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုက နှေးကွေးသွားနေပြီး တရုတ်ဘဏ္ဍာရေးစနစ်၏ အခြေအနေနှင့် ပတ်သက်၍ သိသိသာသာ စိုးရိမ်စရာများ ရှိနေသည်။
တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး၏ ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် အချိန်တွင် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးမှု ဖြည်းဖြည်းချင်း တန့်သွားမည့်အရေး လေ့လာစောင့်ကြည့်သူ အများစုက ကြိုတင်မှန်းဆထားခဲ့ကြသည်။ သို့သော် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး စနစ်က သံသယများနှင့် စိတ်ညစ်ညူးဖွယ်ရာ ဖြစ်နေသည်။
တရုတ်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုသည် နေရာအများစုတွင် စံပြုပုံစံများအတိုင်း သွားခဲ့ခြင်းဖြစ်ပါသည်။
စိုက်ပျိုးရေးမှ ဝန်ဆောင်မှုသို့
ဖွံ့ဖြိုးမှုနည်းပါးသည့် အဆင့်များတွင် နိုင်ငံတနိုင်ငံ၏ အလုပ်အကိုင်နှင့် ကုန်ထုတ်လုပ်မှုက စိုက်ပျိုးရေး ကဏ္ဍတွင် အခြေခံသည်။ နိုင်ငံ တိုးတက်ချမ်းသာလာသည့် အချိန်တွင် ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်က စိုက်ပျိုးရေးမှ ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုဆီသို့ တဖြည်းဖြည်းချင်း ပြောင်းရွှေ့လာခဲ့သည်။
လွတ်လပ်ရေးရရှိခဲ့ပြီး ပထမနှစ် ၁၀၀ အတွင်းတွင် စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့၍ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစုတို့တွင် အင်အားကြီး ကုန်ထုတ်နိုင်ငံတခု ဖြစ်လာပြီး ယခုအခါတွင် ကုန်ထုတ်လုပ်ရေးနှင့် အလုပ်အကိုင်တွင် ဝန်ဆောင်မှု ကဏ္ဍက ကြီးမားစွာ လွှမ်းမိုးထားသည့် အမေရိကန် ပြည်ထောင်စုက ထင်ရှားသော ဥပမာဖြစ်ပါသည်။
တရုတ်နိုင်ငံ စီးပွားရေးသမိုင်း၏ ထင်ရှားသော အချက်မှာ အဆိုပါဖွံ့ဖြိုးတိုးတက်မှု လှေခါးထစ်များအတိုင်း လျှင်မြန်စွာ တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးမှုမျိုး ရရှိရန်အတွက် အမေရိကန်နိုင်ငံတွင် ရာစုနှစ် တခုကျော် အချိန်ယူခဲ့ရသော်လည်း တရုတ်နိုင်ငံက ရာစုနှစ် တဝက်ခန့်သာ အချိန်ယူခဲ့ရသည်။ အလျှင်အမြန် တိုးတက်လာမှုက တရုတ် နိုင်ငံသားများနှင့် ကျန်ကမ္ဘာ့နိုင်ငံများအတွက် သတင်းကောင်းတခု ဖြစ်ခဲ့မည်မှာ သေချာပါသည်။
သမိုင်း အစဉ်အလာအရ ထိုကဲ့သို့ နိုင်ငံ၏ လူနေမှုအဆင့်အတန်းက ဖွံ့ဖြိုးလာပြီး ထိပ်တန်းနိုင်ငံအဆင့်သို့ ရောက်လာလျင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနှုန်းက လျော့ကျ နှေးကွေးစေတတ်ပါသည်။ ထို့သို့ အယူအဆရှိသည့်အတွက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကျဆင်းခြင်းကို ကြိုတင်မျှော်လင့် ထားခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း ကမ္ဘာတလွှားမှ ဈေးကွက်များတွင် စိုးရိမ်စရာဖြစ်ခဲ့ရသည်မှာ တရုတ်နိုင်ငံ ဘဏ္ဍာရေး စနစ်၏ အခြေ အနေကြောင့် ဖြစ်သည်။
တရုတ်ဘဏ်များ ပြဿနာ
နိုင်ငံတခု၏ စီးပွားရေးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ကဏ္ဍသည်လည်း အတွေ့အကြုံ ရင့်ကျက် တိုးတက်လာရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးအခြေခံ စီးပွားရေးမှ ငွေထုတ်ချေးခြင်း၊ ချေးယူခြင်းများက ကုန်ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှု အခြေခံ စီးပွားရေးအတွက် ငွေထုတ်ချေးခြင်း၊ ချေးယူခြင်းများနှင့် များစွာ ကွာခြားသည်။
လက်တွေ့တွင်လည်း အကျပ်အတည်း ဖြစ်ပါ်လာရခြင်း၏ ကာလရှည် အရင်းအမြစ်တခုမှာ ဘဏ္ဍာရေးကဏ္ဍက စီးပွားရေး ၏ လိုအပ်ချက်များနှင့်အညီ မလိုက်နိုင်ခဲ့၍ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် ၁၉၃၀ များအတွင်း စီးပွားပျက်ကပ်နှင့် ရင်ဆိုင်ခဲ့စေရသည့် အကြောင်းရင်းများစွာထဲမှ တခုလည်းဖြစ်သည်။
ယခုအခါ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးစနစ်က လိုအပ်သလောက် လျှင်လျှင်မြန်မြန် တိုးတက်မလာခဲ့ခြင်းမှာ ပေါ်လွင်လာခဲ့သည်။ ဘဏ္ဍာရေးစနစ်ကို အစိုးရထိန်းချုပ်ထားသည့် ဘဏ်များက ဆက်လက်ထိန်းချုပ်ထားပြီး ၎င်းတို့က အစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီးများ (SOEs) သို့ ငွေထုတ်ချေးခဲ့ကြသည်။ တရုတ်နိုင်ငံမှ ထိပ်တန်း ကုမ္ပဏီကြီး ၁၂ ခုက အစိုးရပိုင် ဖြစ်သည်။
ဈေးကွက်ကို အခြေခံသည့် ဘဏ္ဍာရေးစနစ် တခုတွင် ဆိုလျှင် ဘဏ်များက ထုတ်ချေးသည့်ငွေက ကုန်ထုတ်လုပ်မှု ပိုကောင်းသည့် ပုဂ္ဂလိကလုပ်ငန်းများနှင့် အငယ်စား စွန့်ဦးတီထွင်လုပ်ငန်းရှင်များထံသို့ ရောက်ရှိသွားလျှင် အဆိုပါ အစိုးရပိုင် လုပ်ငန်းကြီးများ၏ အရွယ်အစား ကျဆင်း သေးငယ်သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် ထိုကဲ့သို့ မဖြစ်ခဲ့ခြင်းကြောင့် တရုတ်စီးပွားရေး၏ ရေရှည် ကျန်းမာရေးအတွက် အလေးအနက် စိုးရိမ်စရာ ဖြစ်လာစေခဲ့သည်။ တရုတ် စတော့ဈေးကွက် သို့လည်း တိုက်ရိုက်သက်ရောက်စေခဲ့သည်။ အကယ်၍ ပိုမိုအရှိန် အဟုန်ရနေသည့် ပုဂ္ဂလိက လုပ်ငန်းများအစား အလုပ်မဖြစ်တော့သော အစိုးရပိုင်လုပ်ငန်းများထံသို့ ငွေကြေးထောက်ပံ့မှု အများစု စီးဆင်းနေခဲ့လျှင် စတော့ဈေးကွက် တွင် အရှုံးပေါ်စေလိမ့်မည် ဖြစ်သည်။ (ဇွန်လမှ စပြီး ရှန်ဟိုင်းအင်ဒက်စ် ဈေးကွက်တွင် ၄၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ပြီးဖြစ်သည်)
ယခု တရုတ်အရေးက အမေရိကန်အတွက ်မည်သို့ ရှိမည်နည်း။ တရုတ်နိုင်ငံကဲ့သို့သော အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ တခု၏ ကသောင်းကနင်းက အာရှတွင်လည်း သွယ်ဝိုက်ပြီး သက်ရောက်သွားမည် ဖြစ်သည်။ အမေရိကန်၏ နိုင်ငံခြားပို့ကုန်လည်း အတော်အသင့် လျော့ကျသွားစေနိုင်ပါသည်။ သို့သော်လည်း ပို၍ အရေးကြီးသည်မှာ တရုတ်နိုင်ငံ၏ အခြေအနေက ရေနံနှင့် ကြေးနီတို့ကဲ့သို့သော ကုန်စည်များ၏ ဈေးနှုန်းအပေါ် သိသိသာသာ သက်ရောက်မည်ဖြစ်သည်။
ဈေးနှုန်း အတက်အကျဆိုသည်မှာ ဈေးကွက်စီးပွားရေးတွင် အရေးပါသည့် ဆက်စပ်မှုတခုဖြစ်သော်လည်း ကြီးမားပြီး ကြိုတင်မှန်းဆနိုင်ခြင်း မရှိသည့် ဈေးနှုန်း အပြောင်းအလဲကမူ မတည်ငြိမ်မှုကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကုန်ကြမ်း ဈေးကွက်အတွင်း အကြီးအကျယ် ပါဝင်နေသည့် နိုင်ငံများနှင့် ကုမ္ပဏီများအတွက် ဖြစ်သည်။
၂၀၀၈ ငွေကြေးအကျပ်အတည်းကြုံပြီးနောက်ပိုင်း စည်းမျဉ်းစည်းကမ်းများ ပိုတင်းကြပ်လာသောကြောင့် ကုန်ကြမ်းဈေးကွက်များတွင် စတော့များ ရောင်းဝယ်ရေး မလွယ်ကူကြောင်း လူအတော်များများက ပြောဆိုလာသလို ဈေးကျနေသည့် စတော့များ အလျင်အမြန် ရောင်းထုတ်ပြီး အတိုးနှုန်း အာမခံချက်ရှိသော အမေရိကန် အစိုးရ ငွေတိုက်စာချုပ်များ ဝယ်ယူနေခြင်းများက စိုးရိမ်ပူပန်မှုကို မြင့်တက်စေပြန်သည်။
ရောင်းဝယ်ရ မလွယ်ကူသော ဈေးကွက်၏ ပြဿနာမှာ ဈေးနှုန်းနှင့် အမြတ်အစွန်းများ မကြာခဏဆိုသလို လိုအပ်သည်ထက် ပိုသော တုန့်ပြန်မှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
၂၀၀၈ အကျပ်အတည်းလို မဟုတ်ပါ
ယင်းကြောင့် အမေရိကန် မူဝါဒ ချမှတ်သူများက မည်သို့ သဘောထားကြမည်နည်း။ သမ္မတအိုဘားမား၏ အစိုးရ အနေဖြင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး ကဏ္ဍက တိုင်းပြည်၏ အခြားသော ဖွံ့ဖြိုးတိုးတက်မှုများကို အမီလိုက်နိုင်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် တရုတ်နိုင်ငံကို ဆက်လက် ဖိအားပေးသင့်ပါသည်။ ဥပမာအားဖြင့် အမေရိကန် အစိုးရအနေဖြင့် တရုတ် အစိုးရက ဘဏ္ဍာရေး ကဏ္ဍအတွင်းမှ တဖြည်းဖြည်းချင်း ပြန်ထွက်သွားရန် တိုက်တွန်း အားပေးသင့်ပါသည်။ လက်ရှိ အချိန်တွင် တရုတ်နိုင်ငံမှ အကြီးဆုံး ဘဏ် ၅ ခုကို ဗဟိုအစိုးရက အများဆုံး ပိုင်ဆိုင်ထားသည်။
အမေရိကန် ဗဟိုဘဏ် (The Federal Reserve) အနေဖြင့် စတော့များ အလျင်အမြန် ရောင်းထုတ်ပြီး ငွေတိုက်စာချုပ်များ ဝယ်ယူနေခြင်းများကို အဆင်ပြေချောမွေ့ မှုရှိစေရေး ငွေကြေးဈေးကွက်တွင် ငွေပြန်ပေါ်နိုင်အောင် အသင့်ပြင်ဆင်ထားသင့်ပါသည်။ ထိုသို့ ငွေပြန်ပေါ်ရန် အကူအညီပေးခြင်းက ၂၀၀၈ ခုနှစ် ငွေကြေး အကျပ်အတည်းကာလတွင် ပြုလုပ်ခဲ့သည့် (The Federal Reserve) ၏ ချေးငွေ အစီအစဉ်မျိုး ဖြစ်ပါလိမ့်မည်။ လက်ရှိ အခြေအနေက ၂၀၀၈ ခုနှစ်နှင့် ကွာခြားသည်မှာ အမေရိကန် ဘဏ်များနှင့် တရုတ်နိုင်ငံ၏ ရှယ်ယာဈေးကွက် ချိတ်ဆက်ထားမှုက အကန့်အသတ် ရှိနေခြင်း ဖြစ်သည်။
ထိုအကြောင်းအရာ အားလုံးက အမေရိကန် ဗဟိုဘဏ်အတွက် အိပ်မက်ဆိုးတခု ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးပြုလုပ်သည့် စက်တင်ဘာလ အစည်းအဝေးတွင် အတိုးနှုန်းများကို ကာလတိုမြှင့်တင်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြဖွယ်ရာ အခြေအနေ ပိုများနေသည့် အသွင်ရှိသော်လည်း ယခုအခါတွင် တင်းကျပ်မည့် အရာမှန်သမျှကို ရွှေဆိုင်းရန်အတွက် အကြောင်းပြစရာ တခု ပိုရှိလာပြီဖြစ်သည်။
(Timothy S. Fuerst ၏ China’s economy: The key flaw that’s shaking markets ကို ဆီလျော်အောင် နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ တင်မိုသီ အက်စ်ဖာ့စ်သည် University of Notre Dame ၏ ဘောဂဗေဒ ပါမောက္ခဖြစ်သည်။ သူ၏ သုတေသနစာတမ်းများကို American Economic Review ၊ Journal of Monetary Economics ၊ Journal of Economic Theory နှင့် အခြားဘောဂဗေဒဆိုင်ရာ ဂျာနယ်များတွင် ဖတ်ရှုနိုင်သည်)