ရေကြီးရေလျှံမှုများကြောင့် နစ်မြုပ်ပျက်စီးသွားခဲ့သည့် စိုက်ပျိုးမြေဧကများပြားလာသည်နှင့် အမျှ အဆိုပါ ဒေသများအတွက် ဆန်လိုအပ်ချက် မြင့်မားလာလျှင် ပြည်ပကပါ တင်သွင်းရန် စဉ်းစားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အတွင်းရေးမှုး ဦးရဲမင်းအောင်က ပြောဆိုသည်နှင့် တပြိုင်နက် တလကျော်ကြာ ရပ်နားထားခဲ့သည့် ပြည်ပသို့ ဆန်တင်ပို့မှုများကို လာမည့် စက်တင်ဘာ ၁၅ ရက်မှ စတင်ပြီး ပြန်လည်တင်ပို့မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောဆိုသောကြောင့် မြန်မာနိုင်ငံအတွင်း ဆန်လုံလောက်မှု ရှိ မရှိ မရှင်းမလင်း ဖြစ်နေသည်။
စက်တင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ်တွင် ပြုလုပ်ခဲ့သော စိုက်ပျိုးရေးကဏ္ဍ မွေးမြူရေးကဏ္ဍများနှင့် ပတ်သက်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အတွင်းရေးမှုး ဦးရဲမင်းအောင်က“ရခိုင်ရဲ့ ဆန်စပါးလိုအပ်ချက်ဟာ ယနေ့အချိန်မှာ အရေးတကြီးဖြေရှင်းပေးနေရတဲ့ အချက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ထူးခြားချက်က နွေစပါးစိုက်ဧက မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ နောက်တနှစ်ရာသီအထိ ပြန်စောင့်ရမယ့် အနေအထားဖြစ်ပြီး အသင်းချုပ်အနေနဲ့ အခက်အခဲရှိမယ်ဆိုရင် ပြည်ပကနေတောင် တင်သွင်းဖို့အထိ စဉ်းစားနေပါတယ်” ဟု ပြောသည်။
ထို့ပြင် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ၎င်းတို့၏ လေ့လာထားမှုအရ ရခိုင်ဒေသသည် ဆန်လိုအပ်ချက်များစွာ ရှိနေမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်တို့ ပြောဆိုထားကြောင်း၊ ရခိုင်ဒေသသည် ပြန်လည်ထူထောင်ရေးကို ပိုမိုအားပြုလုပ်ဖို့လိုကြောင်း ဦးရဲမင်းအောင်က ပြောသည်။
သို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာစိုးထွန်းက ဧရာဝတီနှင့် တယ်လီဖုန်းဖြင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် “ပြည်ပကို ပြန်လည်တင်ပို့ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှာ ပြန်လည်ပြုလုပ်မယ်။ စတင်ပြီး ပိတ်ခဲ့တာလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကပါပဲ။ စီးပွားကူးသန်းကလည်း သဘောတူမှာပါ။ လာမယ့် အောက်တိုဘာမှာ စပါးသစ် ပေါ်တော့မှာပါ။ ပြည်ပကို ပို့တာက ဧည့်မထဆန်ကြမ်းနဲ့ ဆန်ကွဲ ဆိုပေမယ့် ပြည်တွင်း စားသုံးသူတွေကို မထိခိုက်ပါဘူး” ဟု ပြောဆိုခဲ့သည်။
ရေနစ်မြုပ်မှုကြောင့် လုံးဝပျက်စီးသွားသည့် စိုက်ဧကပေါင်း ၈ သိန်းကျော်တွင် ရခိုင်ပြည်နယ်သည် အများဆုံးဖြစ်ပြီး စိုက်ဧက ၂ သိန်းကျော် ပျက်စီးသွားခဲ့ရသည်။ ထို့အတူ ဆန်ထွက်နှုန်းများသည့် ဧရာဝတီတိုင်းသည်လည်း ဧက ၂ သိန်းကျော်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း ဧက ၁သိန်းခွဲဝန်းကျင်စီ ပျက်စီးသွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ထိုပျက်စီးသွားခဲ့သော စိုက်ဧကများထဲတွင် ပြန်လည်စိုက်ပျိုးနိုင်သည့် ပမာဏမှာ ဧက ၄ သိန်းကျော်သာရှိသည့်အတွက် ပျက်စီးဧက ၅ သိန်းနီးပါးသည် ယခုနှစ်ရာသီအတွက် သီးနှံ ထုတ်လုပ်နိုင်ခြင်းရှိတော့မည်မဟုတ်ဟု ဆန်စပါးလုပ်ငန်းရှင်တို့က ဆိုသည်။
ထိုသို့ လယ်ကွင်းများ ရေနစ်မြှပ်မှုခဲ့ပြီးနောက်ပိုင်း ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် ပြည်တွင်း၌ လုံလောက်စွာ ရောင်းချပေးရန် ရည်ရွယ်ပြီး ပြည်ပသို့ ဆန်တင်ပို့မှုကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ခေတ္တရပ်နားထားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လာမည့်စက်တင်ဘာ ၁၅ ရက်မှ စတင်ပြီး ပြည်ပသို့ ဆန်ပြန်လည် တင်ပို့မည်ဟု ဆိုသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးဌာနက ပြန်လည် ခွင့်ပြုနိုင်ရန် နိုင်ငံတော် အရန်ဆန် လက်ကျန်အခြေအနေ၊ ပြည်တွင်းဖူလုံမှု၊ ရေလွှမ်းမိုးခံရသည့် လယ်ဧက ပမာဏ တန်ဖိုးများကို တွက်ချက်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“သူတို့ဘက်ကလည်း စာချုပ်တွေ ချုပ်ထားပြီး ရောင်းထားတာတွေ ရှိတယ်။ ဒီသဘာ၀ ဘေးအန္တရာယ် မဖြစ်ခင် ကတည်းက ကြိုရောင်းတာတွေပေါ့။ ဒီတော့ စက်တင်ဘာ ၁၅ ရက်နေ့ပြီးရင် ပြန်လုပ်ချင်မှာပေါ့။ ဒါပေမယ့် နိုင်ငံတော်က အရန်ဆန် လက်ကျန်တို့ ပြည်တွင်းဖူလုံမှုကို သုံးသပ်ရဦးမှာဆိုတော့ ကြိုတင်ပြောဖို့ ခက်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ယခု၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့ ဆန်တင်ပို့ရန် လျှောက်ထားသည့် လိုင်စင်ပမာဏမှာ တန်ချိန် ခြောက်သိန်းခွဲ ကျော်ရှိပြီး တင်ပို့ပြီးသည့် ဆန်ပမာဏမှာ တန်ချိန် လေးသိန်းခွဲ ရောက်ရှိထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
တရုတ်နယ်စပ် မူဆယ်ကုန်စည်ဒိုင်မှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက “ ပြန်တင်ပို့ခွင့်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီးပွား ကူးသန်းကိုတော့ စာတင်ထားတုန်းလို့ ကြားတယ်။ ဒီမှာက ဆန်လုံး၀ မရှိတော့ဘူး။ ရပ်နားထားတာက တလကျော် ဆိုတော့ ကုန်စည်ဒိုင်မှာ လက်ကျန်ရှိထားတဲ့ ဆန်အိတ်ရေ ခုနှစ်သိန်းလည်း ကုန်နေပြီ။ အဝင်က
မရှိသေးဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ယခုဘဏ္ဍာနှစ် (၂၀၁၅-၂၀၁၆) အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် ၂ သန်း ရည်မှန်းထားသော်လည်း တင်ပို့မှု တန်ချိန် ၅ သိန်းခန့် လျှော့ကျနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက သုံးသပ် ပြော ဆိုသည်။
ပြည်ပဈေးကွက်သို့ ဆန်များပြန်လည် တင်ပို့ခွင့်ပြုမည့် သတင်းများနှင့်အတူ ပြည်တွင်းဆန်ဈေးကွက်၌ ဧည့်မထ ဆန်ကြမ်း တအိတ်လျှင် ကျပ် ၂၀၀၀ ခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဆန်လက်လီလက်ကားရောင်းချ သည့် ရောင်နီဦး ဆန်ဆိုင်မှ ဦးမျိုးသန့်က “ဆန်ချောဈေးလည်း တက်ပေမယ့် ထိန်းရောင်းလို့ ရတယ်။ ဆန်ကြမ်းက ဝယ်လို့ သိပ်မရဘူး။ ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ မော်ကျွန်း၊ ဟင်္သာတတို့ဘက်မှာကို ဈေးက မြင့်နေတယ်။ ဒီရောက်တော့ထပ်မြင့်နဲ့ ဈေးက ထပ်တက်လာတာ။ အကြမ်းက လိုသလောက် မရဘူး။ ရေကြီးတာကြောင့်လည်း ပါတယ်။ စပါးတွေလည်း တောင်သူတွေဆီမှာ မရှိဘူး။ ကုန်သည်တွေမှာပဲ ရှိတယ်။ အခုဖြစ်နေတဲ့ ဈေးကတော်တော်ဆိုးတယ်”ဟု ပြောသည်။