စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) အား နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သူ မရှိခြင်းကြောင့် ၆ လ အကြာတွင် ပြန်လည်ခေါ်ယူသွားမည်ဟု မြန်မာရေနံဓါတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သန်လျင်ရေနံချက်စက်ရုံ အကျိုးတူ လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခဲ့မှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဦးကျော်စိုးဝင်း က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“စိစစ်ချိန်မှာ တင်ဒါအောင်မြင်သူ မရှိခဲ့ဘူး။ မအောင်မြင်တဲ့ အဓိက အကြောင်းအရင်းက လက်ရှိစက်ရုံကို ပြန်လည်ပြုပြင် လည်ပတ် ထိန်းသိမ်းခြင်းနဲ့ စီးပွားရေး တွက်ခြေကိုက် အရွယ်အစား ရေနံဓါဗေဒစက်ရုံ တည်ဆောက်ရမယ်လို့ ပါရှိတယ်။ ဒီအပိုင်းမှာ ကုမ္ပဏီတွေက လက်ရှိ အပြင်စက်ရုံမှ စက်ရုံငယ်များကို ပြုပြင်ထိန်းသိမ်းခြင်းမရှိဘဲ အချို့ကိုသာ ပြင်ဆင် တာ ကို တွေ့ရတယ်။ နောက်တခုက သူတို့က စီးပွားဖြစ်တွက်ခြေကိုက် ဖြစ်ရမယ်လို့ ဖော်ပြထားပေမယ့် မဖြစ်ဘူး။ ဒီအခက်အခဲ တွေ ရှိပါတယ်။ အခု လိုအပ်ချက်တွေကို ပြန်သုံးသပ်နေတယ်။ မူဝါဒတွေ ပြန်လည်ပြင်ဆင်ပြီး ၆ လအကြာ မှာ ပြန်ခေါ်ဖို့ မှန်းပါတယ်”ဟု ဦးကျော်စိုးဝင်းက ပြောသည်။
သန်လျင်ရေနံချက်စက်ရုံကို အကျိုးတူပူးပေါင်းလုပ်ကိုင်ရာတွင် စွမ်းအင်ဝန်ကြီးဌာနက ၄၁ ရာခိုင်နှုန်း၊ အကျိုးတူလုပ်ကိုင် မည့်ဘက်က ၄၉ ရာခိုင်နှုန်းဖြင့်လုပ်ကိုင်ရန် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်တင်ဒါခေါ်ယူခဲ့ပြီးနောက် ကုမ္ပဏီ ၄ ခုထံမှ တင်ဒါ အဆိုပြုလွှာများကို လက်ခံရရှိခဲ့သော်လည်း လိုအပ်သည့် စံသတ်မှတ်ချက် ပြည့်မှီခြင်း မရှိခဲ့ကြောင်း ၊ တင်ဒါလျှောက်ထားသော်လည်း မအောင်မြင်ခဲ့သည့် ကုမ္ပဏီ ၄ ခုမှာ ဂျပန်နိုင်ငံမှ Idemitsu Kosan Co.,Ltd၊ ထိုင်းနိုင်ငံမှ PTT Public Co., Ltd / Thai Oil Public Co., Ltd၊ စင်ကာပူနိုင်ငံ အခြေစိုက် PUMA Energy Group Pte., Ltd နှင့် မြန်မာနိုင်ငံမှ Omni Focus Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ကို အဆင့်မြှင့်မွမ်းမံပြင်ဆင်ပြီး ပြည်ပမှ ရေနံစိမ်းတင်သွင်း၍ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးမြှင့် ချက်လုပ်
နိုင်ရေး အတွက် နိုင်ငံခြားကုမ္ပဏီများ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ဆွေးနွေးမှုများကိုလည်း ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်ရေနံချက်စက်ရုံကို အဆင့်မြှင့်မွမ်းမံ ပြင်ဆင်ပြီး အရည်အသွေးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ စီးပွားရေးတွက်ခြေကိုက်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ရေး အတွက် လုပ်ငန်းတိုးချဲ့ ဆောင်ရွက် သွားရန်၊ စွမ်းအင်ခြိုးခြံချွေတာရေး နည်းစနစ်များအသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဘဲ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။