နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင် ကုန်သွယ်မှု ပြုနေသော ပစ္စည်းများ ဖမ်းဆီးရမိသည့် တန်ဖိုးမှာ လက်ရှိအချိန်အထိ ကျပ်ဘီလီယံ ၄၀ ကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ကျပ်ဘီလီယံ ၄၀ ကျော် လောက် ဖမ်းဆီးရမိသွားပါပြီ။ အထူးသဖြင့် သစ်ပေါ့။ တမလန်း(သစ်)တွေ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောဆိုသည်။
နယ်စပ်လမ်းကြောင်းများမှ တဆင့် တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ရန် စားသုံးသူ ကာကွယ်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီးရေး အဖွဲ့ခေါ် Mobile Team အဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး ဖမ်းဆီးစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ဥက္ကဌအဖြစ် ဝန်ကြီးဦးဝင်းမြင့်က တာဝန်ယူပြီး ဆောင်ရွက်နေသည်။
ထိုသို့ တားဆီးစစ်ဆေးမှုများ ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ထွက်ပေါက်များတွင် တရားမဝင် ကုန်သွယ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစာရင်း အချက်အလက်များကို ကြည့်မည်ဆိုပါက တဖက်နိုင်ငံများတွင်ရှိသည့် နယ်စပ်ကုန်သွယ်ရေး ကိန်ဂဏန်းများနှင့် အမြဲကွာဟ လျော့နည်းနေကြောင်း ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။
“ကုန်သွယ်မှု ပမာဏမှာလည်း တဖက်နိုင်ငံက စာရင်းဇယားတွေနဲ့ ယှဉ်ရင် ကုန်သွယ်မှုက တက်တယ်ဆိုပေမယ့် တဖက်နိုင်ငံနဲ့ ကြည့်ရင် ထိုင်းနဲ့ဆို ကျနော်တို့ဘက်က နည်းနေတယ်။ တရုတ်နဲ့ဆိုလည်း ကျနော်တို့က နည်းနေတယ်။ ထိုင်းနဲ့ဆို ကျနော်တို့ဘက်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်အထိ နည်းနေတယ်။ တရုတ်နဲ့လည်း ဒီအတိုင်းပဲ နည်းနေပါတယ်။ ကျနော် ပြောလိုတာက ဒါက ကျနော်တို့ ကိန်းဂဏန်းတွေထဲမှာ မှန်မှန်ကန်ကန် အနီးစပ်ဆုံး မရှိသေးဘူးဆိုတာ ပြောလိုပါတယ်” ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
မြန်မာနိုင်ငံ ကုန်သွယ်မှုတွင် နယ်စပ်ကုန်သွယ်မှုသည် အရေးပါပြီး တရုတ်နိုင်ငံသည် အများဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု တန်ဖိုး၌ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံက ၈၇ ရာခိုင်နှုန်းနှင့် အများဆုံး ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက ၁၂ ရာခိုင်နှုန်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။