Asia Development BanK ( ADB) ချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကောင်အထည်ဖော်မည့် မအူပင်-ကျိုက်လတ်-ဖျာပုံ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ၃နှစ်အတွင်း ဆောင်ရွက်သွားရန် စာချုပ်ချုပ်လိုက် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးများရုံးတွင် ပြုလုပ်သည့် မအူပင်-ကျိုက်လတ်-ဖျာပုံ လမ်းပိုင်းအဆင့်မြင်တင်ခြင်းစီမံကိန်း တင်ဒါအောင်ထားသော ကြီးကြပ်သည့်လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီနှင့် ကန်ထရိုက်တာကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြသည်။
“ပြီးခဲ့တဲ့နှစ်က တင်ဒါ ၂ ခုခေါ်ခဲ့တယ်။ လမ်းပိုင်းက မအူပင်-ကျိုက်လတ်လမ်းပိုင်းနဲ့ ကျိုက်လတ်-ဖျာပုံလမ်းပိုင်း နှစ်ပိုင်း အတွက် တင်ဒါရယ်။ ဒီလမ်းပိုင်းကို ကြီးကြပ်ဖို့အတွက် တင်ဒါမှာ အောင်မြင်တဲ့လုပ်ငန်းတွေနဲ့ လက်မှတ်ထိုး တယ်။ အဲဒီတော့ ဒီနေ့စာချုပ်ပြီးချိန်ကစပြီး လာမယ့် ၂၀၁၈ ခုနှစ်အထိ သုံးနှစ်လုပ်ရမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးအောင်မြင့်ဦးက ပြောသည်။
ကျိုက်လတ်-ဖျာပုံလမ်း အဆင့်မြှင့်တင်ရေးကို ရွှေတောင်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံမှ WIKA ၊ ဂျပန်နိုင်ငံမှ Tokyu ၊ SKT ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ဖက်စပ် ကုမ္ပဏီများသည် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ကမကထပြု၍ ပူးပေါင်းဖွဲ့ထားသည့် ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။
ရွှေတောင်ကုမ္ပဏီမှ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်က “ အဲဒီအတွက် မြန်မာကျပ်ငွေ သန်းပေါင်း ၂၂ ဘီလီယံ ရခဲ့ပါတယ်။ ဒီလို ADBကနေ ပုဂ္ဂလိကဏ္ဍ အစီစဉ်နဲ့ လုပ်တာ ပထမဆုံးပါ။ စာချုပ် ချုပ်ထားတဲ့အပိုင်းက နိုင်ငံတကာ စာချုပ်ပုံစံအတိုင်းပါပဲ။ စီမံကိန်းက ၃ နှစ်ပါ”ဟု ပြောသည်။
မအူပင်-ကျိုက်လတ် လမ်းပိုင်း အဆင့်မြှင့်တင်ရေးကို ကိုရီးယားနိုင်ငံမှ JUNG HEUNG ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ် ကိုင် မည်ဖြစ်ပြီး လမ်းပိုင်းတလျှေက်လုံးအတွက် ကြီးကြပ်သည့်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် သြစတြေးလျှနိုင်ငံမှ SMEC က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။
မအူပင် ကျိုက်လတ် ဖျာပုံလမ်းပိုင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်း စီမံကိန်းအတွက် ADB မှ ချေးငွေ ဒေါ်လာ သန်း ၈၀၊ နိုင်ငံတော်ဘတ်ဂျက်မှ ကျခံငွေ ဒေါ်လာ ၀ ဒသမ ၈ သန်း ဖြင့် ချေးငွေသက်တမ်းကာလ ၃၂ နှစ်ကို အတိုးနှုန်း ဆိုင်းငံ့ ကာလတွင် တနှစ်လျှင် ၁ ရာခိုင်နှုန်း၊ နောက်ပိုင်းကာလများတွင် တနှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် Asia Development BanK ( ADB) ချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ADB ချေးငွေဖြင့် ပထမဆုံးလုပ်ကိုင်ရရှိသည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။