http://wp.me/p2oNCZ-oxW
လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးတွင် မည်သည့်ပါတီက အောင်နိုင်၍ အစိုးရဖွဲ့နိုင်မည် ဆိုသည်ကို မသိနိုင်သေးသော်လည်း ပြန်လည်ရွေးကောက် တင်မြှောက်သော အစိုးရသစ်တရပ် ပေါ်လာမည် ဖြစ်သည်။
နိုင်ငံရေး အပြောင်းအလဲ အများစုနှင့်သာ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာများတွင် ခရီးမတွင်ခဲ့သော ယခု လက်ရှိအစိုးရ၏ ၅ နှစ်တာကာ တာဝန်များကို ဆက်လက်ယူမည့် အစိုးရသစ်အနေဖြင့် ချွတ်ခြုံကျနေသော နိုင်ငံကို နာလန်ပြန်ထူပြီး လူလူသူသူ အမွှေးအတောင် ပြောင်လာအောင် ရေတို၊ ရေရှည် စီးပွားရေးမူဝါဒများ၊ လက်တွေ့ အကောင်အထည် ဖော်မှုများနှင့် ခရီးဆက်ဖို့ လိုပါသည်။
မြန်မာနိုင်ငံသည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်း တဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲတွင် ပါနေသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသကဲ့သို့ လူဦးရေ ၅၁ ဒသမ ၄သန်းတွင် ၁၃ သန်းကျော်သည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်လိုင်း၏ အောက်တွင် နေထိုင်နေကြရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ထားသည်။ တနိုင်ငံလုံး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်သာ လျှပ်စစ်မီး အသုံးပြုနိုင်ပြီး ၇၀ ရာခိုင်နှုန်းအတွက် ဓာတ်အားပေးစီမံကိန်းများ လိုအပ်နေသည့် နိုင်ငံလည်း ဖြစ်သည်။
ထို့အပြင် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP သည်လည်း အာဆီယံဒေသတွင်း အနိမ့်ဆုံးနိုင်ငံများ စာရင်းတွင် ပါနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပေါ်တွင်သာ မှီတည်နေရသော နိုင်ငံဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၆ ဘီလီယံကျော်တွင် GDP က ၆၄ ဘီလီယံကျော်သာ ရှိသည်။
လယ်ယာစိုက်ပျိုးရေး အခြေခံနိုင်ငံဟု ဆိုနေသော်လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးဖို့နေနေသာသာ ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်အောင်ပင် မလုပ်နိုင်သေးသော နိုင်ငံဖြစ်နေသည်။ လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။
နိုင်ငံစုဆောင်းငွေ တိုးမလာဘဲ အကြွေး တစတစ များလာနေသည်။ အဖက်ဖက်က နိမ့်ကျမှုများစွာနှင့် ချို့တဲ့လှသော နိုင်ငံသည် တည်ဆောက်ရေးကာလ တလျှောက် ဒီမိုကရေစီ အရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးတို့နှင့် လုံးချာလည် နေခဲ့ရသည်။ နွမ်းပါးလှသော လူထုနှင့် ချိနဲ့လှသော နိုင်ငံစီးပွားရေးအတွက် တည်ဆောက်မှုများကို ထဲထဲဝင်ဝင် အရာရောက်စွာ မလုပ်ဆောင်နိုင်ခဲ့ကြ။ တွန်းအားမပေးနိုင်ခဲ့ကြပါ။
ထို့ကြောင့်ပင် လက်ရှိအစိုးရ၏ ၅ နှစ်နီးပါး လုပ်ဆောင်မှုများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ခရီးမတွင်ဟု သုံးသပ်သူတို့က ဆိုခဲ့ကြသည်။ ၅ နှစ်သက်တမ်း ယူခဲ့သည့် အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် ငွေကြေးကဏ္ဍ ပြောင်းလဲမှု၊ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့စေခဲ့မှု၊ နိုင်ငံလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသော အသေးစား အလတ်စား လုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေးမူဝါဒ၊ နိုင်ငံတကာနှင့် တံခါးဖွင့်ရင်း ရင်းနှီးမြှုပ်နှံမှုတို့ ဖိတ်ခေါ် ဝင်ရောက်စေခဲ့ခြင်း စသောအချက်များက သိသာသော လုပ်ဆောင်ချက် မူဝါဒများအဖြစ် မြင်တွေ့ရသည်။ သို့သော် ထိုမူဝါဒများ ခရီးမပေါက်သည့် အခြေအနေနှင့်သာ ၅ နှစ်စာကို ဖြတ်သန်းလာခဲ့ရသည်။ SMEs များ ဖွံ့ဖြိုးမှု သိသာစွာ ရှိမလာသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ထင်သလောက် ဝင်ရောက်နိုင်ခြင်း မရှိဟု စီးပွားရေးသုံးသပ်သူတို့က ဆိုသည်။
ယင်းသို့သော အခြေအနေတွင် ဆင်းရဲတွင်းနက်နေဆဲ နိုင်ငံကို ဖွံ့ဖြိုးမှု အရှိန်ထဲသို့ ဆွဲခေါ်သွားနိုင်မည့် အစိုးရတရပ် လိုနေပြီ ဖြစ်သည်။ လာမည့် နိုဝင်ဘာရွေးကောက်ပွဲအပြီးတွင် လက်ရှိ အာဏာရပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီက အနိုင်ရ၍ အစိုးရဖွဲ့ကာ ဆက်လက် လုပ်ဆောင်နေဦးမည်ဆိုလျှင် စီးပွားရေးမူဝါဒများက ယခင်အတိုင်းသာ ရှိနေဦးမည့်သဘောဖြစ်ရာ ဖွံ့ဖြိုးမှုအရှိန်နှင့် ဆွဲခေါ်သွားနိုင်မည်မထင်ဟု ဆိုကြသည်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက “ဒီအစိုးရက နောက်ထပ် အစိုးရသစ် ပြန်ဖွဲ့ပြီဆိုရင် လက်ရှိ ရှိနေတဲ့ ဝန်ကြီးဌာန အရေအတွက်၊ လက်ရှိ ရှိနေတဲ့ မူဝါဒနဲ့ဆို တိုင်းပြည်က ဒီအတိုင်းပဲ ဆက်သွားနေဦးမှာပဲ။ သိပ်မျှော်လင့်လို့ မရဘူး။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုရင် တိုင်းပြည်စီးပွားရေးရဲ့ အခြေခံကို လေ့လာကြည့်တဲ့အခါ ပြည်တွင်း ထုတ်လုပ်မှုအားက တော်တော်နည်းတယ်လေ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ တစိုက်မတ်မတ် ဖိတ်ခေါ်နေရတဲ့ အခြေအနေပေါ့ဗျာ။ Domestic ထက်စာရင် Foreign investment တွေကိုပဲ အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတဲ့အတွက် ဒီတိုင်းသွားရင် စီးပွားရေးအပေါ် ပြောင်းလဲမှုရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ လာမည့် ၅ နှစ်အတွက် လုပ်ဆောင်ရန် ရည်မှန်းထားသော စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်ပြီး ယခုအချိန်တွင် မေးမြန်း၍ မရသကဲ့သို့ ၎င်းတို့ဘက်မှလည်း ထုတ်ပြန်ချပြခြင်း မရှိသေးပါ။
အင်အားကြီး အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၎င်းတို့၏ စီးပွားရေးဆိုင်ရာ မူဝါဒများထဲတွင် လက်ရှိနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အားနည်းချက်အပိုင်းများကို အဓိကထား ပြောင်းလဲသွားရန် ဖော်ပြထားသည်ကိုတွေ့ရသည်။
NLD ပါတီ၏ စီးပွားရေးမူဝါဒတွင် နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ပြင်မည်ဟု ပြောဆိုထားပြီး ဘတ်ဂျတ် အသုံးစရိတ်များနှင့် ပတ်သက်၍လည်း အပြောင်းအလဲ လုပ်သွားမည်ဟု ဆိုထားသည်။ ယခု အစိုးရ လက်ထက်တလျှောက် လုပ်ဆောင်မှု အားနည်းခဲ့သော သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက်လည်း ပိုမို သုံးစွဲသွားမည်ဟု ဆိုသည်။
ထိုအချက်များက တိုင်းပြည်၏ မျက်မှောက် အခြေအနေ အားနည်းချက်များနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ လက်ရှိအစိုးရတွင် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများစွာ ရှိနေသည်။ နှစ်စဉ် အသုံးစရိတ် လိုငွေပြမှုများ၊ ကုန်သွယ်ရေး လိုငွေပြမှုများနှင့် ထိုလိုငွေအပေါ်တွင် မည်သို့ ဖြည့်ဆည်း လုပ်ဆောင်နေသည်ဆိုသော ပြဿနာများ စသည်ဖြင့် အချက်များစွာ ရှိနေပါသည်။ NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့လျှင် မူဝါဒအတိုင်း ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ပြင်နိုင် မပြင်နိုင် စောင့်ကြည့်ရုံသာရှိသည်။
ထို့အပြင် NLD ပါတီက လက်ရှိ မြန်မာနိုင်ငံ၏ လျစ်လျူရှုခံထားရသော လယ်ယာကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်ဆောင်မည်ဟုလည်း ဆိုထားပြီး အသေးစားအလတ်စားလုပ်ငန်းများ (SMEs) ကို ဖွံ့ဖြိုးဖို့ ငွေကြေး၊ နည်းပညာများ ရရန် လုပ်ဆောင်မည်ဟု မူထဲတွင် ထည့်သွင်းထားသည်။ လယ်ယာကဏ္ဍသည် လက်ရှိအစိုးရ လက်ထက်တွင် အောင်မြင်မှု တစုံတရာမရှိခဲ့ပါ။ အမှန်တကယ်လည်း လျစ်လျူရှုသလောက်နီးပါးသာ ဖြစ်သည်။ ထိုအချက်ကို NLD က မူတွင် ထည့်သွင်းထားရာ စောင့်ကြည့်ရမည်ဖြစ်သည်။ SMEs များကို ယခုအစိုးရလည်း လုပ်တော့ လုပ်နေပါသည်။ သို့သော် ခရီးမတွင်သည်က အမြင်ဖြစ်၍ နောက်အစိုးရသစ်က လုပ်နိုင်မလုပ်နိုင် ကြည့်ရပါမည်။
NLD ၏ စီးပွားရေးမူတွင် တခြားအရေးပါသော အချက်များမှာ လက်ရှိ အခွန်စည်းကြပ် ကောက်ခံမှု၏ အားနည်းချက်များကို ပြင်ဆင်သွားမည် ဆိုသည့်အချက်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ နည်းပညာ လွှဲပြောင်းရယူနိုင်ပြီး ပို့ကုန်ဦးစားပေး အခြေအနေ ဖြစ်ရန် ဦးစားပေးသွားမည်ဆိုသော အချက်များဖြစ်သည်။
ဒေါက်တာ အောင်ကိုကိုက “NLD လို ပါတီက အစိုးရဖွဲ့နိုင်ပြီ ဆိုရင်တော့ သူတို့က အသစ်ကိုး၊ တခါမှ ဖွဲ့နိုင်ခဲ့တဲ့ အနေအထား မရှိဘူး။ အစိုးရဖွ့ဲနိုင်ဖို့ ကြိုးစားနေတဲ့ပါတီကြီး ဖြစ်တဲ့အတွက် သူတို့အနေနဲ့ တက်လာရင် တိုင်းပြည်စီးပွားရေးကို အတိုင်းအတာတခု အထိတော့ ပြောင်းလဲမှု ပေးသွားနိုင်မယ် ကျနော်ထင်တယ်” ဟု မှတ်ချက်ပြုသည်။
သို့သော် မူဝါဒ အချက်များက အားလုံး ကောင်းနေသော်လည်း အကောင်အထည် ဖော်နိုင်မှုများကသာ စကားပြောကြမည် ဖြစ်သည်။
စီးပွားရေး မူပြောင်းလဲခြင်းဆိုင်ရာ ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) ၏ အကြီးတန်း သုသေတီ ဦးတင်မောင်သန်းက “အဓိကကတော့ ခေါင်းဆောင်က စီးပွားရေးရဲ့ သဘောတခုလုံး၊ မိုက်ခရို စီးပွားရေးတခုလုံးကို အနည်းဆုံး အယူအဆ အမြင်အရ ငုံမိဖို့ အရေးကြီးမယ် ထင်တယ်။ အဲ့ဒါအဓိက အတော်ကျမယ်။ အဲဒါ မရှိဘဲနဲ့တော့ တော်တော်ကြီး ခက်မယ်။ အခုထက်ထိတော့ ခေါင်းဆောင်တွေက ငုံမိတယ် မထင်ဘူး၊ ဘယ်ပါတီက ခေါင်းဆောင်ကမှ။ ခေါင်းဆောင်တွေက အကျယ်ဖြန့် ဖြန့်ကြည့်ရမယ်လို့တော့ ထင်တယ်။ စီးပွားရေးမူဝါဒတွေ ပြောပေမယ့်လို့ စီးပွားရေးမူ တခုလုံးကို ခြုံငုံပြီးတော့ မြင်တဲ့ဟာမျိုးရှိမှ ပိုကောင်းမယ်။ အခုဟာ မက်ခရို စီးပွားရေး အခြေခံတွေကိုက မမှန်ချင်သေးဘူး” ဟု ပြောသည်။
ကုန်သည် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “လက်ရှိကမ္ဘာ့ အဖြစ်အပျက်ကို သိပြီး ဥပဒေလမ်းကြောင်းအတိုင်း ပုံမှန် တက်ရမယ်။ လုပ်ရဲတဲ့ သတ္တိလည်း ရှိရမယ်။ ပြောသာပြောပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့ အချိန်ကျမှ ဟိုငဲ့ရတာ၊ ဒီငဲ့ရတာနဲ့ ဥပဒေလမ်းကြောင်းအတိုင်း လုပ်မှရမယ့် အခြေအနေပါ။ ဒါကြောင့်မို့ Good Governance ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို မှန်ကန်တဲ့အစိုးရနဲ့ လုပ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ သိပ်မလွယ်ပါဘူး” ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းရှင်များဘက်က ပြောဆိုကြသည့် အဓိကအချက်မှာ တိုင်းပြည်ကုန်ထုတ်လုပ်မှု ကဏ္ဍကို စနစ်တကျနှင့် ရေတို ရေရှည် စီမံကိန်းများဖြင့် တိုးတက်အောင် လုပ်ဆောင်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရေး အလေးပေးရန်တို့ ဖြစ်သည်။
လုပ်ငန်းရှင်များ ပညာရှင်များက ပြောဆိုကြသလို မူဝါဒများကလည်း ကောင်းအောင် ပြဌာန်းနေကြသည်။ သို့သော် အကောင်အထည် ဖော်နိုင်ခြင်းမရှိလျှင် လာမည့် အစိုးရသစ်တရပ် တက်လာလျှင်လည်း စီးပွားရေးခရီးက ရှေ့ရောက်မည် မဟုတ်ပါ။ တိုင်းပြည် နုံချာမြဲ နုံချာနေဦးမည်သာ ဖြစ်သည်။
ဒေါက်တာ အောင်ကိုကိုက “ပညာရှင်တွေ၊ ကမ္ဘာ့ဘဏ်တို့ကအစ ပြောနေတာ ပုဂလိကကဏ္ဍ အားကောင်းအောင် လုပ်ပါတဲ့။ ဘယ်လိုလုပ်ရမလဲဆိုတော့ ပုဂ္ဂလိကကဏ္ဍရဲ့ ပတ်ဝန်းကျင်ကို အားကောင်းအောင်လုပ်ပါ။ ဒီလို အားကောင်းပြီဆိုရင် Private sector ဟာ မြန်မာ့စီးပွားရေးအတွက် Driving force တခု ဖြစ်လာလိပ်မယ်လို့ ပြောတာ။ ဒါတွေက ပြောလာတာလည်း ကြာပါပြီ။ မလုပ်နိုင်တာလား။ မလုပ်တာလား၊ မလုပ်ချင်တာလား။ အဲဒီအဖြေပဲ ရှိတော့တယ်။ ဒီတော့ လုပ်နိုင်တဲ့ လူတွေတက်လာမှပဲ ဖြစ်မှာ။ ဒီလမ်းကတော့ ဒီလိုပဲ ပြောမှာပဲ။ နောက်လူ တက်လာလည်း ပြောမှာပဲ။ လုပ်တာ မလုပ်တာပဲ ကွာသွားမှာ” ဟု ပြောသည်။