ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ)တွင် ရင်းနှီးတည်ထောင်သူ Developer အဖြစ် လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီများကို ယခုအစိုးရသက်တမ်းအတွင်း အပြီးထုတ်ပြန် ကြေညာနိုင်မည်ဖြစ်ကြောင်း စိစစ်ရွေးချယ်ရေးအဖွဲ့ က ပြောသည်။
“ဒီအစိုးရ လက်ထက်မှာ ကြေညာနိုင်မယ်။ ဒီလက်ထက်မှာပဲ ဖြစ်ပါလိမ့်မယ်။ လောလောဆယ်မှာ ပြောလို့ရတာက Multi National Cooperation တွေ ပါတယ်။ နိုင်ငံတခုတည်းကို ကိုယ်စားပြုတဲ့ဟာတွေ မဟုတ်ဘူး။ နိုင်ငံတကာ ဈေးကွက်ထဲမှာ လုပ်နေတဲ့ ကုမ္ပဏီကြီးတွေပေါ့”ဟု စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောပြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် Developer အဖြစ် လုပ်ကိုင်လိုသူများကို ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်ပြီး စိတ်ဝင် စားမှု ဖော်ပြလွှာကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ခေါ်ယူရာတွင် တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့က ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်မည့် စီမံကိန်း၊ စက်မှုဇုန် အကောင်အထည် ဖော်မည့် စီမံကိန်းနှင့် အိမ်ရာ စီမံကိန်းများဟူ၍ ကဏ္ဍ ၃ မျိုးခွဲခြားပြီး ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျောက်ဖြူမှာ စီမံကိန်း ၃ ခုရှိတဲ့ဟာ တခုက ပျက်သွားပြီ။ အိမ်ရာ စီမံကိန်းနဲ့ ပတ်သက်တဲ့ဟာက ပယ်ပစ်လိုက်ပြီ။ ရေနက် ဆိပ် ကမ်းရယ် စက်မှုဇုန်ရယ် ၂ခုပဲ ရှိတော့တာ။ ဟိုဟာက အချိန်မရွေး ထလုပ်လို့ ရပါတယ်”ဟု ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီဝင် ဦးဝင်းမြင့်က ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ ယခုအချိန်တွင် ရင်းနှီးတည်ထောင်သူများ စတင်ဝင်ရောက်မည့် အချိန်ဖြစ်သော်လည်း နောင် တချိန်တွင် လုပ်ငန်း လုပ်ကိုင်မည့်သူများ ဝင်ရောက်လာမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အခုလောလောဆယ် ကျောက်ဖြူကို ဝင်တဲ့သူက Investment လုပ်မယ့် သူပဲ လာတာပေါ့။ ဒါပေမယ့် ကြည့်ပါ၊ ဝင်မှာပါ။ ဘာလို့ဆိုတော့ တချို့တွေ ကျောက်ဖြူမှာ မြေဈေးပေါတယ်ဆိုရင် လာမှာပဲ။ အခု ကြည့်ပါလား။ ကျောက်ဖြူမှာ လုပ်မယ့်ဟာနဲ့ လှိုင် သာယာမှာ လုပ်မယ့်ဟာ။ လှိုင်သာယာကို ဘယ်သူမှ မလာဘူး။ ကမ္ဘာမှာ အရှားဆုံးမြေဈေး ဖြစ်နေတာ”ဟု ဦးဝင်းမြင့်က ပြောဆို သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် စင်္ကာပူအခြေစိုက် အကြံပေးကုမ္ပဏီကို ငှားရမ်းခဲ့ကာ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်းတွင် ဧက ၁ ထောင်ဖြင့် စတင် အကောင်အထည်ဖော်မည်ဟု လျာထားခဲ့သော်လည်း ယခုချိန် တွင် ဧက ၄ ထောင် အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။