လက်ရှိအစိုးရသက်တမ်း ၅ နှစ်နီးပါးကာလတွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု၌ စင်ကာပူနိုင်ငံက အများဆုံး ဖြစ်နေပြီး ထိပ်သီးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိကြောင်း သိရသည်။
“လက်ရှိအနေအထားအရ ၅ နှစ်တာ ကာလအတွင်းမှာ စင်ကာပူက ထိပ်သီး ရင်းနှီးမြှုပ်နှံသူပါ။ ဒီ ၅ နှစ်တာကာလရဲ့ အခြေအနေပေါ့။ စင်ကာပူက Top ဖြစ်သွားပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက စက်တင်ဘာ ၁၆ က နေပြည်တော်တွင် ပြုလုပ်သော Myanmar Global Investment Forum တွင် ပြောဆိုသည်။
စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုမှာ အစိုးရသက်တမ်း ၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်တွင် ရှိနေကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
စင်ကာပူနိုင်ငံက ယခုကဲ့သို့ ရင်းနှှီးမြှုပ်နှံမှုတွင် ပမာဏအများဆုံးဖြင့် ထိပ်သီးနိုင်ငံ ဖြစ်လာခြင်းမှာ အမေရိကန် ကုန်အမှတ်တံဆိပ်များ မြန်မာပြည်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရာတွင် စင်ကာပူနိုင်ငံမှတဆင့် ဝင်ရောက်မှုနှင့် ဆက်စပ်လျှက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံး ဝင်ရောက်သည့် ကဏ္ဍမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
ယခုအစိုးရလက်ထက် ၅ နှစ်စာ ဝင်ရောက်မှု မဟုတ်ဘဲ ၁၉၈၈ ခုနှစ်မှ ယနေ့အချိန်အထိ ဝင်ရောက်မြှုပ်နှံကြသည့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏကို ကြည့်မည်ဆိုပါက တရုတ်နိုင်ငံသည် အများဆုံးဖြစ်ပြီး စုစုပေါင်း ပမာဏမှာ ၂၄ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုသည် ဆက်လက်တိုးလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က Myanmar Global Investment Forum တွင် ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးလာစေမည့် အကြောင်းအရင်းများ၌ ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်များ တင်ဒါခေါ်ယူခဲ့မှုများလာခြင်း၊ ဆိုလာစွမ်းအင် လုပ်ကွက်များနှင့် အခြား စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်းနှင့် ဆက်စပ်လျှက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောဆိုသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံအထိရှိပြီး မျှော်မှန်းထားသည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုများ ပြီးခဲ့သည့်နှစ်၌ မျှော်မှန်းထားသည်ထက် ပိုမိုဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ထပ်မံတိုးလာမည်ဟု သုံးသပ်ကြသော်လည်း နိုင်ငံရေး အပြောင်းအလဲ အခင်းအကျင်းပေါ်တွင် စောင့်ကြည့်ရန် လိုအပ်သည်ဟု ခန့်မှန်းထားကြသူလည်း အများအပြား ရှိနေသည်။
“ရင်းနှီးမြှုပ်နှံမှုတွေက တိုးလာမှာတော့ တိုးလာမှာပဲ။ ဒါပေမယ့် ဘယ်အချိန်ကြမှ တိုးလာမလဲပေါ့။ အားလုံးက ရွေးကောက်ပွဲနဲ့ဆိုတော့ စောင့်ကြည့်နေကြတဲ့အချိန် ဖြစ်နေတယ်။ ရွေးကောက်ပွဲ ပြီးသွားလို့ လူတွေကလည်း စိတ်ကြိုက်တွေ့တယ်။ ကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့နဲ့ ပြီးသွားတယ် ဆိုရင်တော့ မတိုးလာစရာ အကြောင်း မရှိပါဘူး” ဟု THURA SWISS Co.ltd ၏ အမှူဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောသည်။
အစိုးရသစ်လက်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် (၂၀၁၄ – ၂၀၁၅) ဘဏ္ဍာနှစ်ကုန်အထိ ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၁၄.၃၁၃ ဘီလီယံ ဖြစ်ပြီး ယခုနှစ် (၂၀၁၅ – ၂၀၁၆ ) သြဂုတ်လအထိ ဝင်ရောက်မှုသည့် ၂.၆ ဘီလီယံနှင့် ပေါင်းပါက စုစုပေါင်း ၁၇ ဘီလီယံ နီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန အချက်အလက်များအရ သိရသည်။
နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်က “infrastructure မှာ လိုအပ်လို့ infrastructure မှာ ရင်းနှီးမြှုပ်နှံပါလို့ ပြောရုံနဲ့ မလုံလောက်ဘူး။ infrastructure မှာ ရင်းနှီးမြှုပ်နှံနိုင်အောင်လို့ သူ့ကိုမက်လုံး ဘယ်လိုပေးမလဲ။ ဥပမာ ကိုယ်က လမ်းဖောက်ချင်တယ်။ သူက လမ်းဖောက်ချင်တာ မဟုတ်ဘူး။ အဆောက်အအုံ ဆောက်ချင်တာဆိုရင် သူ့ကို အဆောက်အအုံ မဆောက်နဲ့ လမ်းပဲဖောက်ပါလို့ပြောရင် သူလုပ်တော့မှာ မဟုတ်ဘူး။ investor ကိုကြည့်တဲ့အခါ ပုံစံနှစ်မျိုးနဲ့ ကြည့်မှရမယ်။ ကိုယ်လိုချင်တာချည်း ကြည့်လို့ မရဘူး။ သူ့ရဲ့ လိုအပ်ချက်ကို ကြည့်ရမယ်။ ကိုယ့်လိုအပ်ချက်ကိုရဖို့ မက်လုံးတွေ ပေးရမှာပေါ့။ ဥပဒေရေးရာ မက်လုံးတွေ ပေးမယ်။ စီးပွားရေးဆိုင်ရာ မက်လုံးတွေ ပေးမယ်။ အခွန်အကောက်နဲ့ ပတ်သက်ပြီး မက်လုံးတွေ ပေးရမှာပေါ့” ဟု ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။