မန္တလေး ကုန်စည်ဒိုင်တွင် ပဲနှမ်းအရောင်းအဝယ်ပြုရာမှ ကုန်သည်တဦးက တောင်သူများနှင့် ကုန်သည်များထံ ပေးဆပ်ရန် ကျန်ရှိနေသေးသည့် အကြွေး ကျပ် သိန်း ၉၀၀၀ ကျော်ကို လာမည့်အောက်တိုဘာ ၃ ရက်တွင် နောက်ဆုံး ထား ပေးဆပ်သွားမည်ဟု ထုတ်ပြန်ပြောဆိုသည်။
မန္တလေး ကုန်စည်ဒိုင် အသင်းသားကုန်သည် တဦးဖြစ်သည့် သီရိရတနာပွဲရုံပိုင်ရှင် ဦးနေမျိုးအောင်သည် ပဲ၊နှမ်းများ ကို တောင်သူများ၊ပွဲရုံများမှ တဆင့်ဝယ်ယူပြီး နယ်စပ်သို့ တင်ပို့ရောင်းချရာတွင် ကုန်စည်ဒိုင် အသင်းဝင် ကုန်သည်များနှင့် တောင်သူ ၈၀ ကျော်တို့အား ကြွေးကျန် သိန်း ၉၀၀၀ ကျော် ပေးဆပ်ရန်ရှိနေပြီး တိမ်းရှောင် နေသဖြင့် မန္တလေး ကုန်စည်ဒိုင် အသင်းသား ၃ ဦးက မန္တလေးမြို့ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန် တော်အသင်း (မန္တလေးပဲနှမ်း ကုန်စည်ဒိုင်) သို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့ တိုင်ကြားပြီးနောက် ဦးနေမျိုးအောင်၏ ရှေ့နေဖြစ်သူ ဦးတင်ကို (မုံရွာ) က အထက်ပါကဲ့သို့ ကြွေးများပေးဆပ်ရန် အသိပေး ပြောဆိုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဦးနေမျိုးအောင်က ကုန်အရောင်းအဝယ် ပြုရာတွင် ကုန်သည်များအား ပေးဆပ်ရန် ကျန်ရှိနေသည့် ကျပ်သိန်း ၉၃၀၀ အား ၎င်း ပိုင်ဆိုင်သည့် မန္တလေး စွယ်တော်ကားကြီးကွင်းနှင့် ပြင်ဦးလွင် နှီးဘုရားအနီးရှိ အိမ်ဝင်းနှစ်ခုကို ရောင်းချပြီး ကုန်ကြွေး များပေးဆပ်ရန် ရှေ့နေဖြစ်သူ ဦးတင်ကို (မုံရွာ) ကို လွှဲအပ်ထားရာ ထိုအိမ်ဝင်းနှစ်ခု ရောင်းချရာမှ သိန်းတစ်သောင်းခန့် ရရှိမည်ဟု ခန့်မှန်းထားပြီး ထိုငွေများဖြင့် ကုန်သည်များနှင် တောင်သူများကို ပေးဆပ်မည် ဖြစ်ကြောင်း ဦးတင်ကို(မုံရွာ) က ပြောသည်။
“ကြွေးကျန် ရစရာရှိတဲ့ ကုန်သည်တွေကိုတော့ အောက်တိုဘာ ၃ ရက်မှာ လွှဲပေးနိုင်မယ်။ ကျန်တဲ့လယ်သမား တွေကို တော့ ဒီလကုန်မှာ ပေးမယ်။ ဒီနေ့ပဲ အဲဒီကုန်သည်တွေနဲ့ ညှိနှိုင်းပြီး သဘောတူညီချက် ရပြီးပါပြီ” ဟု မန္တလေး ကုန်စည်ဒိုင် အသင်းသားဖြစ်သူ ဦးနေမျိုးအောင်၏ ရှေ့နေဖြစ်သူ ဦးတင်ကို (မုံရွာ)က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ အကြွေးရရန် ကျန်ရှိသည့် ကုန်စည်ဒိုင် အသင်းသား သုံးဦးက မန္တလေးမြို့ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးပဲနှမ်း ကုန်စည်ဒိုင်) သို့ တိုင်ကြားခဲ့ရာ အသင်းမှ ဦဒနေမျိုးအောင်ထံ အကြိမ်ကြိမ် ဆက်သွယ်မှုပြုရာ မရရှိဘဲ ငွေကြွေးကျန်များ မပေးဘဲ တိမ်းရှောင်နေမှုဖြင့် စက်တင်ဘာ ၁၈ ရက်တွင် အသင်း ကြီးက သတင်းစာမှတဆင့် အသိပေး ကြေညာခဲ့သည်။
“အကောင်းဆုံး ဖြေရှင်းပေးဖို့ပဲ မျှော်လင့်ပါတယ်၊ ကျနော်တို့ဘက်ကတော့ အများဆန္ဒပါပဲ၊ အခုက သူ့အနေ အထားကို သိချင်တာ။ သူတကယ် ဘဝပျက်လို့ မပေးနိုင်တာလား။ ပိုက်ဆံရှိရဲ့သားနဲ့ ရှောင်နေတာလားဆိုတာ” ဟု မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းမှ ကုန်သည်တဦးဖြစ်သူ ဦးကျော်လာက ပြောဆိုသည်။
အဆိုပါကြေညာချက်အရ ကြွေးကျန်ပေးရမည့် အသင်းသား ဦနေမျိုးအောင်သည် တပတ်အတွင်း အသင်းနှင့် လာရောက် ဆက်သွယ် ဖြေရှင်းရန်နှင့် မဖြေရှင်းပါက အသင်းစည်းမျည်း စည်းကမ်းအတိုင်း အသင်းသား အဖြစ်မှ ထုတ်ပယ် မည်ဖြစ်ကြောင်း ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသက်တင်က ပြောသည်။