ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့် ရရန်အတွက် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများအား အပြီးသတ်ရွေးချယ်ရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများကို ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ဝန်ကြီး ဦးကျော်စိုးက “ဘယ်ကုမ္ပဏီကို ရွေးချယ်မှာလဲ ဆိုတာ ပြောမရသေးဘူး။ စီမံကိန်းက ကြီးတယ်။ စိစစ်ရမယ့် ကိစ္စတွေရှိတဲ့အတွက် အချိန်ယူရဦးမယ်။ တင်ဒါခေါ်ထားတဲ့ အချိန်မှာ အချက် ၆ ချက် ရှိတယ်။ ဒါတွေနဲ့ ညီညွှတ်မှု ရှိမရှိ စိစစ်ရဦးမယ်”ဟု ပြောဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား လုပ်ကိုင်ခွင့်ပြုရန် တင်ဒါအဆိုပြုလွှာ ခေါ်ယူခြင်းကို ဇူလိုင်လ ၁၃ ရက်က စတင်ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၅၀ ကျော်က လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။
လျှောက်ထားသည့် ကုမ္ပဏီများ၏ တင်ဒါပဏာမ ဖွင့်ပေါက်စိစစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ရာ တင်ဒါတင်သွင်းသည့် ကုမ္ပဏီ ၃ ခု ရှိသော်လည်း ထိုကုမ္ပဏီများ၏ ဒါရိုက်တာများကို တရားဝင် ကြေညာခြင်း မရှိသည်ကို တွေ့ရသည်။
တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီ ၃ ခုသည် ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်နှင့် Business Capital City Development Ltd တို့ ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဦးကျော်စိုးက“ဒါရိုက်တာ အမည်စာရင်းက သူတို့ရဲ့ စာအုပ်ထဲမှာ ရှိတယ်။ မနေ့က လုပ်တဲ့ပွဲမှာက သူတို့ရဲ့ စီမံကိန်း အစီ အစဉ် အကြမ်းတွေကိုပဲ တင်ပြတာ”ဟု ပြောဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအား လုပ်ကိုင်ရန် နိုင်ငံသား Developer များကို ရွေးချယ်ရာတွင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာ အကူအညီ ရယူဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ် (လုပ်ငန်း/ကာလ) ၊ ပြည်သူလူထုအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် အထူးဖော်ပြလိုသည့် အချက်များ စသည့်အချက် ၆ ချက်ဖြင့် စိစစ်မည်ဖြစ်ကြောင်း သိရသည်။
တင်ဒါတင်သွင်းသည့် ကုမ္ပဏီတခုဖြစ်သည့် ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံဖြင့် အဆိုပြုတင်ပြခဲ့ပြီး ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ် ရေး ကုမ္ပဏီ လီမိတက်က ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏသည် ကျပ် ဘီလီယံ ၅၀၀ နှင့် ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေရယူ မည်ဟု တင်ပြခဲ့သည်။
Business Capital City Development Ltd က ရန်ကုန်မြို့သစ် စီမံကိန်း (တံွတေး) အမည်ဖြင့် ယခုစီမံကိန်းသည် ကြီးကျယ်သဖြင့် အသေးစိတ် တွက်ချက်ရန် ခက်ခဲနေ၍ ၎င်းတို့အနေဖြင့် ပြည်တွင်း ပြည်ပ ဘဏ်များမှ ချေးငွေရယူခြင်းနှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း တင်ပြသွားသည်။
တင်ဒါများ တင်သွင်းခဲ့သည့် ကုမ္ပဏီများနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက “သူတို့တင်ပြတဲ့ အရင်းအနှီးတွေက လိုအပ်ပါတယ်။ မြို့သစ် တခုကိုလုပ်ဖို့ ၁၅ ဘီလီယံနဲ့ မလုံလောက်နိုင် ဘူး။ ဘီလီယံ ၅၀၀ ကျတော့လည်း သူတို့လုပ်ချင်တဲ့ အပိုင်းလောက်ပဲ။ ဝင်ပြီးရောပါလာတဲ့ သဘောပေါ့။ တဦးတည်းပေးလို့ မရ လို့ ကျန် ၂ ခုက ပါဝင်ပေးထားရတဲ့ သဘောပါပဲ။ တင်ပြသွားတဲ့ Plan ၆ ချက်ကလည်း ယေဘုယျ ဆန်ပါတယ်”ဟု ပြောဆိုသည်။
လျာထားသည့် ရန်ကုန်မြို့သစ် စီမံကိန်း မြေနေရာသည် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တင်သွင်းသည့် မြေဧရိယာဧက တသိန်းကျော် (၁၁၈၇၃၂ ဧက) အကောင်အထည်ဖော်မည့် “ရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” တွင် ဦးစားပေး အဆင့် (၂) အနေဖြင့် ပါဝင်နေသည့် စီမံကိန်းတခု ဖြစ်ပြီး ဦးစားပေးအနေဖြင့် ပြောင်းလဲ အကောင် အထည် ဖော်ရန် လွှတ်တော်သို့ ထပ်မံတင်သွင်းခဲ့သည့် စီမံကိန်းတခုလည်း ဖြစ်သည်။
ယခင်က ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာတွင် ရန်ကုန်မြို့သစ် စီမံကိန်း အမည်တပ်ပြီး တရုတ် လုပ် ငန်းရှင် ရှောက်ပန်းနှင့် ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သည့် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့သဖြင့် ကန့်ကွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် စီမံကိန်းအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်း ခံခဲ့ရသည်။
ထိုစီမံကိန်းကို မြို့သစ်တိုးချဲ့သည့် အနေဖြင့် လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား မြေနေရာများကို လျာထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ တင်ဒါခေါ်ယူရေး အဖွဲ့မှ သိရသည်။