အီးယူ – မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး အတွက် ချုပ်ဆိုမည့် စာချုပ်တွင် ပါရှိသော အခန်းပေါင်း ၇ ခန်းတွင် ၂ ခန်းမှာ လုံးဝ ပြီးစီးနေပြီး ကျန် ၅ ခန်းအနက် ၄ ခန်းမှာလည်း ၉၀ ရာခိုင်နှုန်း ပြီးနေပြီဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောသည်။
အီးယူ-မြန်မာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကာအကွယ် ပေးရေးစာချုပ်သည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအပြင်၊ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံသူများ အတွက်ပါ အကာအကွယ်ပေးမည့် စာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း တွင်လည်း ရင်းနှီး မြှုပ်နှံှံမှုများ တိုးပွားလာမည် ဖြစ်သည့်အတွက် အရေးကြီးသည့် စာချုပ်ဖြစ်ကြောင်း သိရသည်။
“အခန်းပေါင်း ခုနစ်ခန်းမှာ အခန်းနှစ်ခန်းက လုံးဝ ပြီသွားပြီ။ ဆက်ညှိဖို့ ကျန်တာက ၅ ခန်းရှိတယ်။ ၅ ခန်းမှာ ၄ ခန်းက ရာခိုင်နှုန်း ၉၀ လောက် ပြီးသွားပြီ။ တခန်းက ရာခိုင်နှုန်း ၅၀ လောက်ပဲ ပြီးသေးတယ်။ နောက်တခါ ထပ်လုပ်ရဦးမယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေ၊ ဘာတွေနဲ့ မအားတော့ဘူး။ ညှိနေကြတာတော့ ဒီဇင်ဘာလထဲ နောက်ဆုံး လုပ်ကြည့်မယ်။ အခုက တတိယ အကြိမ်မြောက်လုပ်တာ တော်တော်များများတော့ ပြီးသွားပါပြီ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
စက်တင်ဘာ ၂၄ ရက်နေ့က ပါရမီလမ်းပေါ်ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ် စီမံခန့်ခွဲမှုဌာနတွင် ပြုလုပ်သော Foreign Direct Investment As A Key for Economic Development and Prosperity ဆိုင်ရာ ဟောပြောပွဲတွင် ယင်းကဲ့သို့ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းတွင် လိုနေသည့် ရင်းနှီးမြှုပ်နှံမှုများသည် အရည်အသွေး ပြည့်ဝသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ တိုင်းပြည်၏ ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်မှု၊ နည်းပညာများကို နိုင်ငံသားများထံ လွှဲပြောင်းပေးနိုင်မှုနှင့် ကျင့်ဝတ်နှင့် ညီသော စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။
“အနာဂတ်မှာ မြန်မာနိုင်ငံသားတွေက ကြွယ်ဝလာပြီးတော့မှ ကိုယ့်ရဲ့ လုပ်ငန်းတွေကို အီးယူနိုင်ငံမှာ သွားပြီးတော့ လုပ်ချင်တယ် ဆိုရင်လည်း သူတို့နိုင်ငံက ပြန်အကာအကွယ် ပေးထားတယ်။ ဒီတော့ တိုင်းပြည်အတွက် အရေးကြီး ပါတယ်။ ဘယ်တော့ လက်မှတ်ထိုးနိုင်မလဲ မပြောနိုင်သေးဘူး၊ နောက်တခါ ထပ်လုပ်ဖို့က ကျန်သေးတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
သို့သော် လက်ရှိ အနေအထားတွင် အီးယူအဖွဲ့ဝင် နိုင်ငံများမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် အတွက် ချီတုံချတုံ အခြေအနေတွင် ရှိနေခြင်းကြောင့် အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုများကို စိတ်ချလက်ချ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စက အရေးကြီးပါတယ်။ အီးယူနိုင်ငံအများစုရဲ့ အချက်အလက်တွေက လိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီလေ့ရှိတယ်။ ဒီတော့ အီးယူရင်းနှီးမြှုပ်နှံမှုကို များများ လိုချင်တယ်။ သို့သော် လာဖို့ကျတော့ မြန်မာပြည်ကို နည်းနည်းလေး စိမ်းနေသေး တယ်။ သူတို့ လာရင် သူတို့ရဲ့ လုပ်ငန်းတွေကို အပြည့်အဝ အကားအကွယ် မရဘဲနဲ့ လာဖို့ ချီတုံချတုံ ဖြစ်နေတယ်။ ဒီဟာ ပြီးသွားရင် သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုတွေက ဒီကို စိတ်ချလက်ချ လာလို့ရမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ မဆုံးရှုံး စေရဘူးဆိုတဲ့ အာမခံချက်တွေ ပေးမှာဆိုတော့ အီးယူ – မြန်မာ ရင်နှီးမြှုပ်နှံမှုက လက်ရှိအနေအထားမှာ တော်တော်လေးကို အရေးကြီးတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိချိန်တွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံး ဝင်ရောက်နေပြီး သီလဝါစီးပွားရေးဇုန်တွင် ကိုရီးယား၊ သြစတေးလျ စသည့် နိုင်ငံများမှ ဝင်ရောက် ရင်းနှီးမှုများရှိသော်လည်း ဂျပန်နိုင်ငံတခုတည်း၏ ရင်းနှီးမြှုပ်နှံမှုသည် ၆၀ ရာခိုင်နှုန်းတွင် ရှိကြောင်း၊ အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုမှာ ရာခိုင်နှုန်းအားဖြင့် နည်းပါးသေးကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ဒေသတွင်းနိုင်ငံများအကြား အနိမ့်ဆုံး နိုင်ငံများ စာရင်းတွင် ပါဝင် နေဆဲဖြစ်ပြီး လက်ရှိ ဝင်ရောက်ပြီး ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း နည်းပါးနေသေးကြောင်း သိရသည်။
ထိုပြင် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီ ဥပဒေ များကိုလည်း ယခုအစိုးရ လွှတ်တော် သက်တမ်းအတွင်း အတည်ပြု ပြဌာန်းနိုင်မည် မဟုတ်ကြောင်း၊ ထို ဥပဒေများသည် လက်ရှိအချိန်၌ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေ၍ ၂၀၁၅ အလွန် လာမည့် လွှတ်တော်ရောက်မှ အတည် ပြုနိုင်မည့် အခြေအနေရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောကြားထားသည်။