ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အမေရိကန် သူဌေးကြီး ဂျော့ချ်ဆိုရော့စ် (George Soros) အသက် ၈၅ နှစ်ပြည့်ခဲ့သည်။ လန်ဒန်မြို့ရှိ Victoria and Albert ပြတိုက်တွင် မွေးနေ့အကြိုပွဲတခုကို ကျင်းပခဲ့ရာ ရင်းမြှုပ်နှံမှုဈေးကွက်မှ ကြိုပွိုင့် ထောက်ပံ့ငွေ မန်နေဂျာများ (hedge-fund managers) နှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ တက်ရောက်ခဲ့ကြသည်။ တက်ရောက် လာသူများက အင်္ဂလန်ဘဏ် (Bank of England) ကို ပြိုလဲစေခဲ့သူဖြစ်သည့် ဂျော့ချ်ဆိုရော့စ်အတွက် ဆုတောင်း ဂုဏ်ပြု ပေးခဲ့ကြသည်။ ၁၉၉၂ ခုနှစ် တွင် ဂျော့ချ်ဆိုရော့စ်က စတာလင်ပေါင်ငွေကြေးနှင့် ယှဉ်ပြိုင်၍ အလောင်းအစားပြု စွန့်စားခဲ့ရာတွင် အောင်မြင်ခဲ့သူ ဖြစ်သည်။ သူ့ထက် နှစ် ၄၀ ခန့် ငယ်သည့် သူ၏ တတိယမြောက် ဇနီးသည် တမီကို ဘောလ်တန် (Tamiko Bolton) ကတော့ လွန်ခဲ့သော ၂ နှစ် သူတို့ မင်္ဂလာဆောင်ခဲ့စဉ်ကအတိုင်း ကြည့်လို့ ကောင်းနေဆဲဖြစ်သည်။
အသက် ၈၅ နှစ် အရွယ်ရှိပြီဖြစ်သောကြောင့် ဂျော့ချ်ဆိုရော့စ် အလုပ်လုပ်ရာမှာ အတော်လေးနှေးကွေးသွားပြီဟု ထင်လျှင် မှားပါလိမ့်မည်။ သူ၏ အသားတင်ကြွယ်ဝမှုသည် အမေရိကန် ဒေါ်လာ ၂၄.၂ ဘီ လီယံ ရှိမည်ဟု Forbes က ခန့်မှန်းထားပြီး အမေရိကန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အမှတ်စဉ် ၂၇ ၌ ရှိနေပါသည်။ နောက်ပိုင်းတွင် Quantum Group of Funds ဟု အမည်ပြောင်းခဲ့သည့် သူ၏ ကိုယ်ပိုင် ငွေကြေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို အရင်းအနှီး အမေရိကန် ဒေါ်လာ ၁၂ သန်းဖြင့် ၁၉၆၉ ခုနှစ်တွင် နယူးယောက်မြို့၌ စတင်တည်ထောင်ခဲ့ပြီး လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့သည်။ အလှူဒါနပြုလုပ်ခဲ့သည်မှာလည်း ယခုအခါ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိနေပြီ ဖြစ်သည်။
ဂျော့ချ်ဆိုရော့စ်သည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး ငွေကြေးကုန်သည်ဖြစ်သော်လည်း (သူက “ကြောင်းကျိုးဆက်စပ်နိုင်မှု” ဟုခေါ်သည့်) သူ၏ ဘဝနှင့် ရင်းနှီးမြှုပ်နှံမှု အတွေးအခေါ်များကြောင့် လူအများက ပိုသိကြသည်။ အခွင့်အရေး ပေါ်လာသည်နှင့် မြန်မြန်ဆန်ဆန် လှုပ်ရှားသည့်အတွက် သူ့ ပြိုင်ဘက်များကို မျက်ခြေဖြတ်နိုင်ခဲ့သည်။
“အများစု သိထားကြတာက ဈေးကွက်တွေဟာ အမြဲမှန်တယ်တဲ့။ ကျနော်ကတော့ ဆန့်ကျင်ဘက်မှာ နေတယ်။ ကျနော်က ဈေးကွက်တွေက အမြဲမှားတယ်လို့ ယူဆလိုက်တယ်” ဟု သူက ပြောသည်။ ဈေးကွက်များသည် မှန်ကန်လေ့ရှိသော်လည်း အခြေအနေအချို့တွင် အမှားအယွင်းများကို ပြင်ဆင်သည့်အချိန်တွင် စိတ်လှုပ်ရှားစရာ အပြောင်းအလဲကို သူက ကြိုမြင်နိုင်ခဲ့သည်။ “ဈေးကွက်က ဘာမှားနေသလဲဆိုတာ မသိတဲ့အချိန်မှာ အဲဒီအမှားကို ကျနော်က သိတယ်။ ဆိုတော့ ကျနော်က ရှေ့ကြိုရောက်နေတာပေါ့” ဟု ဂျော့ချ်ဆိုရော့စ်က ပြောသည်။
ဂျော့ချ်ဆိုရော့စ်၏ သားဖြစ်သော ရောဘတ်ဆိုရော့စ် (Robert Soros) ကမူ သီအိုရီများက အရေးမကြီးကြောင်း၊ သူ၏ ဖခင်သည် ဈေးကွက်အတွင်းတွင် သူ၏ အနေအထားကို အလိုအလျောက်ဖြစ်ပေါ်လာသည့် စေ့ဆော်မှုဖြင့် အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သည့်အတွက်ကြောင့် ဆိုသည်ကို သက်သေပြစရာလည်း မရှိကြောင်း၊ ပင်ကိုယ် ဗီဇစိတ်ကိုသာ အများဆုံး အားပြုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ရောဘတ်ဆိုရော့စ်သည် Soros Fund Management ၏ ဒုတိယ ဥက္ကဌဖြစ်သည်။
ဂျော့ချ်ဆိုရော့စ်က တခြားငွေကြေးကုန်သည်များနှင့် အယူအဆ ရပ်တည်ချက် ကွဲပြားခြားနားသူ ဖြစ်သည်။
အခွန်ငွေ ဆိုင်းငံ့ပေးခြင်း အစီအစဉ်များ၊ အခြားနိုင်ငံများမှ ဝင်ငွေများ၊ အလွန်စမတ်ကျသော ဝါဏိဇ္ဇစနစ်တို့၏ အားသာချက်ကို ရရှိနေသည့် အချိန်တွင်ပင် ဂျော့ချ်ဆိုရော့စ်က ချမ်းသာကြွယ်ဝသူများ အခွန် ပိုမိုပေးဆောင်ရမည့် အကြောင်း၊ လူ ၉၉ ရာခိုင်နှုန်းကို အသုံးပြုပြီး ၁ ရာခိုင်နှုန်းသာ ချမ်းသာကြွယ်ဝမှု တိုးနေသည့် အမေရိကန်၏ ပုံစံကို လက်မခံနိုင်ကြောင်း၊ လွတ်လပ်သော ဈေးကွက်များသည် ပြင်ပအကူအညီမလိုဘဲ ၎င်းတို့ဖာသာ ကုစားနိုင်သည် ဟူသော ဈေးကွက်သည်သာ အရာရာဟု ယုံကြည်ထားသူများသည် ၂၀၀၈ ခုနှစ်ငွေကြေး အကြပ်အတည်းများ ဖြစ်ပေါ်စေခဲ့ပြီး အလားတူဖြစ်ရပ်များနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း စွဲဆောင်နိုင်စွမ်း အပြည့်ဖြင့် ရှင်းလင်းပြောဆိုခဲ့သည်။ ရင်းနှီးမြှုပ်နှံသူ၏ အလေ့အထက ဈေးကွက်ကို အတက်မှာ အရှိန်ပြင်းပြင်းတက်စေနိုင်သလို ကျချိန်မှာလည်း ပြိုကွဲပျက်စီးစေနိုင်သည်။
ဗီဇပါရမီကြောင့်ဖြစ်စေ၊ သီအိုရီကြောင့်ဖြစ်စေ ဂျော့ချ်ဆိုရော့စ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူများ ထဲမှ တဦးဖြစ်ပါသည်။ Hedge-fund manager လုပ်ငန်းတခုတည်းကပင် သူ၏ ရင်းနှီးမြှုပ်နှံသူများအတွက် အမေရိကန် ဒေါ် လာ ၄၀ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ စီးပွားရေး သတင်းနှင့် ဈေးကွက် လေ့လာ စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တခုဖြစ်သည့် Market Watch ၏ အဆိုအရ ဂျော့ချ်ဆိုရော့စ်၏ Quantum fund သည် အခြား Hedge funds များထက် ဝင်ငွေ ပိုမိုရရှိခဲ့သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ်တွင် အသားတင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံ ရရှိခဲ့သဖြင့် အခြားသူများထက် သာလွန်ခဲ့သည်။
ပရဟိတလုပ်ငန်းတွင်လည်း ဈေးကွက်မှာကဲ့သို့ပင် ဂျော့ချ်ဆိုရော့စ်က ဒဿနနှင့် ပင်ကိုယ်သိစိတ်ကို ပူးပေါင်း၍ ဦး ဆောင်ခဲ့သည်။ သူ၏ ဖောင်ဒေးရှင်းဖြစ်သော Open Society က ဒီမိုကရေစီ သဘောတရားများဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးကို လေးစားမှု၊ လွတ်လပ်စွာ ကွဲပြားခွင့်၊ လွတ်လပ်စွာ တရားစီရင်ရေး၊ ရွေးကောက်ခံ အစိုးရနှင့် ဈေးကွက် စီးပွားရေးများက ကမ္ဘာတွင် အကောင်းဆုံးဖြစ်သည် ဆိုသော ဂျော့ချ်ဆိုရော့စ်၏ အခြေခံ ယုံကြည်မှုများ အတိုင်း ဆောင်ရွက်နေသည်။
ဂျော့ချ်ဆိုရော့စ်က သူ့ကိုယ်သူ မအောင်မြင်သော အတွေးအခေါ် ပညာရှင်တဦး အဖြစ် ပြောသည့် အချိန်များလည်း ရှိခဲ့ဖူးသည်။ သို့သော်လည်း ၁၉၉၃ ခုနှစ်တွင် သူက ရန်သူဝိုင်းရံထားခြင်းခံနေရသည့် ဘော့စနီးယား၊ ဟာဇီဂိုဗီးနား မြို့တော် ဆာရာဂျေဗို (Sarajevo) မြို့မှ ပြည်သူများအတွက် သောက်သုံးရေ ပေးနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့သည်။ ထိုသို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ၏ ပင်ကိုယ်ဗီဇ စိတ်၏ လှုံ့ဆော်မှုကြောင့် ဖြစ်သည်။ Open Society ဖောင်ဒေးရှင်းတွင် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်ခဲ့ဖူးသူ Aryeh Neier က ၎င်းတို့၏ ဆောင်ရွက်မှုများက ရုတ်တရက် ပေါ်ပေါက်လာလေ့ရှိသည်ဟု တွေ့ဆုံ မေးမြန်းခန်း တခုတွင် ပြောကြားခဲ့သည်။ အခြားဖောင်ဒေးရှင်းများကဲ့သို့ မဟုတ်ဘဲ သူတို့တွင် ဦးတည်ရာကို အလျှင်အမြန် ပြောင်းလဲနိုင်စွမ်းရှိသည်ဟုလည်း ဆိုသည်။
ဂျော့ချ်ဆိုရော့စ်နှင့် သူ၏ အဆင့်မြင့် ပညာတတ် ဝန်ထမ်းများက သူ၏ စိတ်ကူးများကို ပြန့်နှံ့စေခဲ့သည်။ သူ၏ ဖောင်ဒေးရှင်းများကို နိုင်ငံပေါင်း ၁၀၀ ခန့်တွင် ဖြန့်ကျက်ထားသည်။ ကျမ လတ်တလော ရေးသားခဲ့သော Buying a Better World: George Soros and Billionaire Philanthropy အမည်ရှိ စာအုပ်သည် မြန်မာနိုင်ငံမှသည် ပိုလန်အထိ၊ လိုင်ဘေးရီးယားမှသည် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး အထိ ဂျော့ချ်ဆိုရော့စ်၏ ပရဟိတလုပ်ငန်းများ မည်သို့ သက်ရောက်မှု ရှိစေခဲ့သည်ကို တိုင်းတာပြရန် အားထုတ်ခဲ့ခြင်း ဖြစ်ပါသည်။
ယခုအချိန်တွင်အသက် ၈၅ နှစ် အရွယ်ရောက်ခဲ့ပြီ ဖြစ်သော်လည်း ဂျော့ချ်ဆိုရော့စ်က အနားယူခြင်း နည်းပါးသည်။
ဥရောပသမဂ္ဂ အနေဖြင့် လက်ရှိ အခက်အခဲများမှ လွတ်မြောက်နိုင်ရေး ရွေးချယ်စရာ အများအပြားကို သူက အဆိုပြုပေးခဲ့သည်။ အပျက်အစီးများပြားလှသည့် ကမ္ဘာစစ်ပွဲ ၂ ခုမှ ရုန်းထွက်နိုင်ရေး ရှေ့ကို မျှော်မြင်တတ်သည့် နိုင်ငံခေါင်းဆောင်များ စုစည်းခဲ့သည့် အဖွဲ့တွင် ဗျူရိုကရက်များ ကြီးစိုးနေသည်ကိုလည်း သူက ဝေဖန် ခဲ့သည်။ လက်ရှိ အခြေအနေတွင် ဥရောပသမဂ္ဂက မြီရှင်များနှင့် မြီစားများ ဟူ၍ ၂ ပိုင်း ဖြစ်နေသည်။ သူရေးသားခဲ့သော The Tragedy of the European Union: Disintegration or Revival? အမည်ရှိ စာအုပ်ထုတ်ဝေချိန်တွင် ဥရောပသမဂ္ဂ၏ ပြဿနာများကို အခင်အမင်မပျက် ဖြေရှင်းနိုင်မည့် နည်းလမ်းတခု အတွက် အလားအလာများက မှေးမှိန်နေခဲ့ပြီ ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဂျာမန် အဓိပတိ အန်ဂျလာမာကဲလ်က သူ့ကို နားမလည်ခဲ့သလို သူပြောတာကိုလည်း နားထောင်ခြင်းမရှိခဲ့ဟု ဂျော့ချ်ဆိုရော့စ်က ကျမကို ပြောပါသည်။
မကြာသေးမီက Financial Times သတင်းစာတွင် ဥရောပ၏ ဒုက္ခသည် အကျပ်အတည်းနှင့် ပတ်သက်၍ ဂျော့ချ်ဆိုရော့စ်က While Failing To Help Refugees, Europe Fails Itself အမည်ဖြင့် ဆောင်းပါး တပုဒ် ရေးသားခဲ့သည်။ ဒုက္ခသည် ပြဿနာနှင့် ပတ်သက်၍ အားလုံးပါဝင်နိုင်သည့် အစီအစဉ် တခု ဥရောပသမဂ္ဂတွင် ရှိမနေခဲ့ပါ။ ထို့ကြောင့် အဖွဲ့ ဝင်နိုင်ငံများသည် ခိုလှုံခွင့်တောင်းခံလာသူများအတွက် ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖြေရှင်းဖို့ ဖြစ်လာရသည်။ ပြင်သစ်နှင့် သြစတြီးယားတို့က နိုင်ငံကူးလက်မှတ်ဖြင့် ထိန်းချုပ်ခြင်းကို ပြန်လည်လုပ်ကိုင်လာပြီး ဟန်ဂေရီက ခြံစည်းရိုးတခု ကာရံနေသည်ဟု သူက ပြောသည်။
ဂျော့ချ်ဆိုရော့စ်က ဂရိနိုင်ငံသို့လည်း health and solidarity စင်တာများမှတဆင့် ငွေကြေးထောက်ပံ့မှုများ တိုးချဲ့ပေးခဲ့သည်။ အဆိုပါ စင်တာများသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဥပဒေရေးရာ အကြံပေးမှုများ ပြုလုပ်နေသည့် အဖွဲ့များ ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည့် ဂရိလုပ်ငန်းရှင် သူဌေးကြီးများက ၎င်းတို့၏ နိုင်ငံသားများကို ကူညီရန် ဂျော့ချ်ဆိုရော့စ်၏ နမူနာများအတိုင်း လိုက်လံလုပ်ဆောင်ကြခြင်း မရှိသည်က ဝမ်းနည်းဖွယ်ရာဖြစ်သည်။ သို့သော်လည်း အကယ်၍ သူတို့ ထိုနည်းအတိုင်းလိုက်ခဲ့သည်ဆိုလျှင်ပင် ပမာဏ အလွန်နည်းပါးနိုင်ပြီး အလွန်နောက်ကျနေပြီ ဖြစ်သည်။
ယူကရိန်းနိုင်ငံကို စီးပွားရေးအရရော နိုင်ငံရေးအရပါ ထောက်ပံ့ရန်လည်း သူက တိုက်တွန်းခဲ့သည်။ “တကယ်လို့ ယူကရိန်း တိုးတက်လာပြီဆိုရင် သူတို့ရဲ့ ပြဿနာတွေကို ရုရှားသမ္မတ ပူတင်က လုပ်နေတာ၊ အနောက်နိုင်ငံတွေကြောင့် မဟုတ်ဘူးဆိုတာ အဖြေပေါ်လာလိမ့်မယ်” ဟု ဂျော့ချ်ဆိုရော့စ်က ပြောသည်။ သူပြောသည့်အတိုင်းလည်း သူက ငွေကြေးသုံးစွဲခဲ့သည်။ ယူကရိန်းနိုင်ငံသို့ သူ၏ International Renaissance Foundation မှတဆင့် ဒေါ်လာသန်းချီ ပေးခဲ့သည်။
အနောက်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ပိုမိုကောင်းမွန်လာအောင် အကူအညီပေးခဲ့လျှင် ယူကရိန်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဂျော့ချ်ဆိုရော့စ်က မတ်လကုန်ပိုင်းတွင် ကြေညာခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားခဲ့ပြီးသည့် အချိန်ကလည်း ရုရှားနိုင်ငံကို အလားတူ အကူအညီမျိုးပေးရန် သူက တိုက်တွန်းခဲ့ဖူးသည်။
ကျမ ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတခုတွင် ဆိုဗီယက်ပြည်ထောင်စုဟောင်းနှင့် ရုရှားနိုင်ငံတွင် သူကြိုးစားကြည့်ခဲ့သည့် ကဏ္ဍအကြောင်းကို ဂျော့ချ်ဆိုရော့စ်က ပြောပြခဲ့သည်။ သူ၏ နှစ်လိုဖွယ်ရာကောင်းသော အလေ့အထများထဲမှ တခုမှာ သူ၏ စိတ်ပျက်မှုများနှင့် ကျရှုံးမှုများကို ဖုံးကွယ်မထားတတ်ခြင်း ဖြစ်သည်။ ဥပမာ ပြရလျှင် ရုရှားနိုင်ငံဖြစ်သည်။
“စိတ်မကောင်းစရာပါပဲ။ ဒီမိုကရေစီ ရွေးကောက်ပွဲတွေက ပွင့်လင်းလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို ယူဆောင်မလာဘူး။ ဆန့်ကျင်ဘက်ကိုပဲ ယူလာနိုင်ခဲ့တယ်” ဟု သူကပြောသည်။
Asia Society က ဦးစီး၍ မေလအတွင်းကပြုလုပ်ခဲ့သည့် “When Societies Open” အမည်ရှိ အခန်းအနားတွင် ဂျော့ချ်ဆိုရော့စ်နှင့် အခန်းအနားကြီးကြပ်သူ Orville Schell တို့က ဂျော့ချ်ဆိုရော့စ်၏ Open Society ဖောင်ဒေးရှင်းများက တက်တက်ကြွကြွ အကူအညီများပေးနေသည့် နိုင်ငံပေါင်း ၁ ဒါဇင်ခန့်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများ အကြောင်း ပြောခဲ့ကြသည်။ “အခွင့်အရေး တံခါးတွေ ရှိပါတယ်။ အဲဒီဟာတွေ ဖွင့်တဲ့ အချိန်မှာ ခင်ဗျား ဝင်သွားချင်မှာပဲ” ဟု ဂျော့ချ်ဆိုရော့စ်က ပြောသည်။
မြန်မာနိုင်ငံသည် ထိုသို့သော နေရာတခု ဖြစ်သည်။ Open Society က စစ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ရှိနေစဉ် ထောက်ခံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးပြီး စစ်တပ်က ပြုပြင်ပြောင်းလဲရေးများ မပြုလုပ်မီ အချိန်အထိ Open Society က အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို အထောက်အပံ့ ပေးခဲ့သည်။ လူ့အခွင့်အရေး ဆောင်ရွက်မှုများကို မှတ်တမ်းတင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် သုံးစွဲခဲ့ပြီး အကူအညီများပေးရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့ကို တောင်းဆိုခဲ့သည်။ ဝမ်းနည်းဖွယ်ရာ ကောင်းသည်မှာ လူမျိုးရေးအရ တိုက်ခိုက်ခံနေရသည့် လူနည်းစုများနှင့် တိုးပွားလာသည့် ဒုက္ခသည်များကို အကူအညီ ပေးရန် ဒေါ်အောင်ဆန်းစုကြည် များများစားစား မလုပ်နိုင်ခဲ့ပါ။
၂ ပတ် တကြိမ်ထုတ် The New York Review of Books မဂ္ဂဇင်းတွင် ဇူလိုင်လက ရေးသားခဲ့သော အက်ဆေးတပုဒ်၌ ဂျော့ချ်ဆိုရော့စ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား သတိပေးခဲ့သော မလွှဲရှောင်နိုင်သည့် တရုတ်-အမေရိကန် ပဋိပက္ခနှင့် ပတ်သက်၍ ပဲ့တင်ထပ်ဖော်ပြခဲ့သည်။ “အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက ပြိုင်ဆိုင်မှုက ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် စည်းကမ်းဘောင်တွေထဲမှာပဲ ရှိအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း စစ်အင်အား သုံးစွဲရတဲ့ အခြေအနေ ဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပါတယ်” ဟု သူက ပြောသည်။ အမေရိကန်နှင့် တရုတ် နိုင်ငံကြားတွင် နီးကပ်သော ဆက်ဆံရေးရှိရန်လည်း တောင်းဆိုခဲ့သည်။ အနောက်တိုင်းနှင့် နီးကပ်အောင် အားထုတ်ခဲ့သည့်အတွက် တရုတ် သမ္မတ ရှီကျင်ဖျင့်ကို လေးစားကြောင်းလည်း ပြောသည်။ တရုတ်နိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းနှင့် အစိုးရ၏ ပုံစံတို့က ဂျော့ချ်ဆိုရော့စ်၏ စိတ်ကူးဖြစ်သော သည်းခံပြီး ပွင့်လင်း လွတ်လပ်သည့် အဖွဲ့အစည်းကိစ္စကို မထိခိုက်စေခဲ့ပါ။
အမေရိကန်နိုင်ငံတွင် သူ့ကို လက်ဝဲယိမ်းသည့် လစ်ဘရယ်တယောက်အဖြစ်မြင်ကြပြီး ရီပတ်ပလစ်ကင်တို့က အလွန် အန္တရာယ်ကြီးသူတယောက်ဟု ယူဆထားကြသည်။ “ရိုးရာအစွဲအလမ်းရှိတဲ့ အမေရိကန်တွေအတွက်တော့ ဂျော့ချ်ဆိုရော့စ်က ပြည်သူ့ ရန်သူ နံပါတ် ၁ ပဲ။” ဟု Fox News ရုပ်သံလိုင်းမှ Bill O’Reilly က အစီအစဉ်တခုတွင် ပြောကြားခဲ့သည်။
ဂျော့ချ်ဆိုရော့စ်က အမေရိကန် နိုင်ငံတွင်းထက် နိုင်ငံ ပြင်ပသို့ အများဆုံး အာရုံစိုက်သွားသည်ကို ကျမနှင့် တွေ့ဆုံမေး မြန်းခဲ့သည့် အမေရိကန်နိုင်ငံသားများက အံ့သြနေသည့်ပုံရပါသည်။ သို့သော် အမေရိကန်နိုင်ငံတွင် Black Male Achievement လှုပ်ရှားမှု (အာဖရိက နွယ်ဖွား အမေရိကန် ယောက်ျားများ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် နိုင်ငံရေးတွင် ပိုမိုပါဝင်လာ ရေး လှုပ်ရှားမှု)၊ Institute-Baltimore (ကလေးငယ်များကျောင်းတက်နိုင်ရေး၊ မူးယစ်ဆေးစွဲသူများ ဆေးဝါးကုသခွင့် ရရှိရေး၊ ရာဇဝတ်မှုလျော့ကျရေးနှင့် တရားစီရင်ရေး စနစ်များပိုမိုထိရောက်ကောင်းမွန်လာရေး ဆောင်ရွက်နေသည့်အဖွဲ့ အစည်း)၊ Project on Death in America (သေလုမျောပါး လူနာများကို စောင့်ရှောက်ရေး၊ စောင့်ရှောက်မှုပေးရာတွင် ကြုံတွေ့ရသည့် အတားအဆီးများနှင့် ပတ်သက်၍ သုတေသနပြုနေသည့် လူပုဂ္ဂိုလ်များ အဖွဲ့ အစည်းများကို ငွေကြေး ထောက်ပံ့သည့် အဖွဲ့အစည်း) နှင့် Drug Policy Alliance (မူးယစ်ဆေးကြောင့်ဖြစ်ရသည့် ရာဇဝတ်မှုများ ဆန့်ကျင်ရေး၊ မူးယစ်ဆေးဖြတ်သူများ၊ အကြမ်းဖက်ခံရသူများ ထိခိုက်ခံစားရမှုလျော့ကျစေရေး၊ ဆေးဝါးကု သနိုင်ရေး အတွက် ဆောင် ရွက်နေသည့် နယူးယောက် အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း) များသို့ ဂျော့ချ်ဆိုရော့စ်က ငွေကြေးထောက်ပံ့သည်။ ၂၀၀၄ ခုနှစ်တွင် ဂျော့ဘုရှ် ဒုတိယအကြိမ် သမ္မတတာဝန် ပြန်လည်မရယူနိုင် အောင် အခြားဘီလီယံနာတဦးနှင့် ပူးပေါင်း၍ ရန်ပုံငွေတရပ် ထူထောင်ပေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။ သမ္မတ ဘားရက်အိုဘားမား၏ မဲဆွယ် လှုပ်ရှားမှုများအတွက်လည်း ငွေကြေးလှူဒါန်းခဲ့ပြီး ယခုအခါတွင် ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲလှုပ်ရှားမှုကို ငွေကြေး ထောက်ပံ့ပေးနေသည်။ ရီပတ်ပလစ်ကင် ကိုယ်စားလှယ်လောင်းများ၏ ပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များကို တာဝန်ယူစေရန် စောင့်ကြည့်သည့် အဖွဲ့တခုဖြစ်သည့် American Bridge 21st Century သို့လည်း အမေရိကန် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည်။
အသက်အရွယ် ကြီးရင့်ပြီဖြစ်သော်လည်း George Soros က ထူးထူးခြားခြားပင် သူ၏ အမွေနှင့် ပတ်သက်၍ ပြောဆိုရန် စိတ်မဝင်စားသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းပါက စိတ်ဆိုးတတ်သည်။ သူ၏ နာမည်ဖြင့် အဆောက်အဦးများ၊ ကျောင်းများ ဆောက်လုပ်ရန်လည်း ဘယ်တုန်းကမျှ ဆန္ဒမရှိခဲ့ပါ။ သူ၏ အသက် ၈၅ နှစ်ကျော်သွားသည့် အချိန်တွင်လည်း သူက နိုင်ငံများနှင့် စိတ်ကူး အတွေးအခေါ်များကြားတွင် ယခင်ကအတိုင်း သွက်သွက်လက်လက် ရှင်သန်လှုပ်ရှားနေဦးမည် ဖြစ်သည်။ ဘီလီယံနှင့် ချီသော ငွေကြေးများကို ရှာဖွေရင်း သူ၏ ဒဿနများကို ပြန့်ပွားအောင်လုပ်ပေးနေသူများသို့လည်း သူပိုင်ငွေကြေးများကို ဆက်လက်လှူဒါန်းနေလိမ့်ဦးမည် ဖြစ်ပါသည်။
( Anna Porter ၏ In business and beyond, George Soros barely stops for breath ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
ကနေဒါနိုင်ငံသူ အန်နာပေါ်တာသည် “Buying a Better World: George Soros and Billionaire Philanthropy” အပါအဝင် စာအုပ် အမြောက်အများ ရေးသားခဲ့သည့် စာရေးဆရာမ တဦးဖြစ်ပါသည်။