မကြာသေးမီက မြန်မာကျပ်ငွေတန်ဘိုး လျော့ကျသွားခြင်းနှင့်အတူ စိတ်လှုပ်ရှားစရာများ၊ ထိတ်လန့်စရာများ ပေါ်ပေါက်ခဲ့ ရသည်။ ယခုတန်ဘိုး ကျဆင်းခြင်းသည် ၂၁၀၅ ခုနှစ်အတွင်း ၁၃ ရာခိုင်နှုန်းလျော့ကျခြင်း ဖြစ်ပြီး ငွေတန်ဘိုးကို နှုန်းရှင် သတ်မှတ်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ၂၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ ထို့ပြင် ကျပ်ငွေတန်ဘိုး ကျဆင်း မှုက စီးပွားရေးအရ ချုပ်ချယ်ကန့်သတ်မှုများပြုလုပ်ခဲ့သော ယခင်စစ်အစိုးရလက်ထက်က အမိန့်အာဏာဖြင့် ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း၊ ခွဲတမ်းချခြင်းများ ရှိနေသည့် အနေအထားမျိုး ပြန်လည်ရောက်ရှိသွားစေပြီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူ အချို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းများပင် ရှိခဲ့သည်။
စာရေးသူ၏ အမြင်တွင်မူ အားလုံးက လွဲမှားနေခြင်းဖြစ်သည်။ နိုင်ငံခြားငွေ လဲလှယ်မှုတွင် ကျပ်ငွေတန်ဘိုး ကျဆင်းခြင်း ကိုယ်တိုင်က ပြဿနာတခု မဟုတ်ပါ။ ထို့ပြင် ကျပ်ငွေ တန်ဘိုး ကျဆင်းခြင်းက မြန်မာနိုင်ငံ နှစ်ပေါင်း ၅၀ ကျော် ဆင်းရဲမွဲတေခြင်းသို့ ရောက်စေခဲ့သော အတွေးအခေါ် သဘောတရားတခု ပြန်ရောက်လာစေရန် အကြောင်းပြချက်လည်း မဟုတ်ပါ။
ပုံမှန်အားဖြင့် ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းက ဗဟိုဘဏ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်း စနစ်နှင့် တွဲနေသည်။ စီးပွားရေး အခြေခံအချက်များ၏ အပြောင်းအလဲကိုလည်း ရောင်ပြန်ဟပ်သည်။ ဈေးကွက် စီးပွားရေးစနစ်အတွင်းမှ ကုန်ပစ္စည်း ဈေးနှုန်းများကို ပုံမှန်မောင်းနှင်သည့် အလုံးစုံသောကိစ္စလည်း ဖြစ်ပါသည်။
တခါတရံ ငွေလဲနှုန်း ပြောင်းလဲမှုများက နိုင်ငံတခု မည်သို့အလုပ်ဖြစ်နေသည်ကို ပြသနေသည့် ဘာရိုမီတာ တခုဖြစ်သည်။ အလားတူပင် ငွေလဲနှုန်းက အတုံ့အလှည့်အနေဖြင့် သွင်းကုန်နှင့် ထုတ်ကုန်အစရှိသည့် ဈေးနှုန်းတို့၏ အတက်အကျကဲ့သို့သော တိုင်းပြည်၏ ထိန်းချုပ်နိုင်မှု အပြင်တွင်ရှိနေသော အခြင်းအရာများကိုလည်း တွန်းအားပေးပါသည်။
မြန်မာနိုင်ငံ ကိစ္စတွင် တိုင်းပြည်၏ ငွေဖောင်းပွမှုနှုန်းက အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် အတော်လေး မြင့်မားနေသည်။ ပို့ကုန် ဈေးနှုန်းများက ကျဆင်းနေသည်။ ထိုအချိန်တွင် ကမ္ဘာပေါ်တွင်လည်း ဒေါ်လာတန်ဘိုးများ မြင့်တက်လာနေသည့် အတွက် နိုင်ငံအများစုမှာ ငွေတန်ဘိုးကျဆင်းမှု ဖြစ်ပေါ်နေ၏။ ထိုအခြေအနေမျိုးတွင် ကျပ်ငွေတန်ဘိုး ကျဆင်းခြင်းက မျှော်လင့်ထားရမည် ဖြစ်သလို သာမန်အားဖြင့်ဆိုပါက ကြိုဆိုရမည့်ကိစ္စ တခုဖြစ်သည်။
မည်သည့်အတွက်ကြောင့် ကြိုဆိုရမည်နည်း။ ကျပ်ငွေတန်ဘိုး ကျဆင်းသွားခြင်းက မြန်မာနိုင်ငံ၏ နိုင်ငံခြား ပို့ကုန်များကို ဈေးနှုန်းချိုသာသွားနေပြီး နိုင်ငံတကာဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သဘောကျသည့် နေရာတခုလည်း ဖြစ်လာပါလိမ့်မည်။
တချိန်တည်းမှာပင် နိုင်ငံခြားသွင်းကုန်များ ပိုမိုဈေးကြီးသွားမည် ဖြစ်သည်။ နိုင်ငံခြားမှ တင်သွင်းရသည့် ကုန်ကြမ်းပစ္စည်း များ ဈေးတက်သွားနိုင်သည့် ဆိုးကျိုးသက်ရောက်မှု အချို့ ရှိသော်လည်း ပြည်တွင်း ကုန်ထုတ်လုပ်သူများက နိုင်ငံခြား ကုမ္ပဏီများနှင့် ပိုမိုယှဉ်ပြိုင်နိုင်လာပြီး ၎င်းတို့ကို ကာကွယ်ပေးသလို ဖြစ်သွားပါလိမ့်မည်။
ငွေတန်ဘိုးကျဆင်းသွားခြင်းက ပြည်ပကြွေးမြီများ၏ နိုင်ငံခြားငွေတန်ဘိုးကို ပြည်တွင်းငွေနှင့်တွက်လျှင် ပမာဏ မိုမို များပြားသွားစေမှာ မှန်သော်လည်း အားလုံးခြုံ၍ တွက်ကြည့်လျှင် မြန်မာနိုင်ငံတွင် အနည်းငယ်သာ ထိခိုက်နိုင်ပါသည်။ (အချို့ ခရိုနီ ကုမ္ပဏီများပင် ထိုအခြေအနေကို သဘောကျကြသည်။)
မြန်မာနိုင်ငံက လုပ်ခ လစာ ဈေးသက်သာသော နေရာတခုဖြစ်သည်။ သို့သော်လည်း တခြားဘက်ကကြည့်လျှင်မူ ငွေကြေးဖောင်းပွမှုနှုန်းမြင့်နေခြင်းနှင့် ခေတ်နောက်ကျပြီး ပြည့်စုံမှုမရှိသည့် အခြေခံ အဆောက်အဦးများကြောင့် ပိုမို ကုန်ကျမှုများ ရှိနေခြင်းတို့ကြောင့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား အစရှိသည့် ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် အားနည်းနေသည်။ ကျပ်ငွေတန်ဘိုးကျဆင်းနေခြင်းက အဆိုပါ စရိတ်များနှင့် စွန့်စားရမှုများကို ပြန်ထေမိနိုင်သည့်အတွက် အမှတ် အနည်းငယ် ရနိုင်ပါသည်။
ငွေလဲလှယ်နှုန်း ကျဆင်းသွားခြင်းမှ ရရှိနိုင်သည့် အကျိုးအမြတ်များနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံကို ကြည့်နိုင်ပါသည်။ သြစတြေးလျဒေါ်လာ တန်ဘိုးကျဆင်းသွားခြင်း (၂၀၁၂ ခုနှစ်ကစ၍ ၂၅ ရာခိုင်နှုန်း နှင့် ၂၀၁၅ နှစ်ဆန်းပိုင်း မှ စ၍ ၁၃ ဒဿမ ၅ ရာခိုင်နှုန်း) က မြန်မာကျပ်ငွေတန်ဘိုး ကျဆင်းသွားရခြင်းနှင့် အလားတူပင်ဖြစ်သည်။ သို့သော်လည်း ထိုသို့ ဖြစ်ခဲ့ခြင်းက သြစတြေးလျနိုင်ငံအတွက် စိတ်ပျက်စရာအစား စိတ်သက်သာစရာ ဖြစ်ခဲ့သည်။
ပို့ကုန် ပစ္စည်းများဈေးကျသွားသော်လည်း သက်သာရာတခုအနေဖြင့် သြစတြေးလျဒေါ်လာ မတည်ငြိမ်မှုက နိုင်ငံတကာ စီးပွားရေး ကျဆင်းမှုနှင့် ပျက်စီးဆုံးရှုံးမှုများမှ (ယခု အချိန်တွင်ရော ယခင်ကာလများတုန်းကပါ) ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခဲ့သည်။
တကျော့ပြန် အမိန့်နှင့် ထိန်းချုပ်ရေး
ငွေလဲနှုန်းကျဆင်းမှုက မကောင်းသည့် အရာတခ ုမဟုတ်ပါ။ သို့သော်လည်း လတ်တလော မြန်မာနိုင်ငံတွင် ကျပ်ငွေ တန်ဘိုးကျဆင်းမှုက သက်သာစရာများ သြစတြေးလျကဲ့သို့ ရှိခဲ့သည် သို့မဟုတ် အစိုးရတာဝန်ရှိသူများက အေးအေး ဆေးဆေး ရှိခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုသို့ ဖြစ်မည့်အစား ကသောင်းကနင်း အထိတ်တလန့်များနှင့် ယခင်က လုပ်ထုံးလုပ်နည်း ဟောင်းများဖြစ်သည့် အမိန့်အာဏာဖြင့် ထိန်းချုပ်ခြင်းများကို စိတ်အားထက်သန်စွာ ပြန်လည်ပြုလုပ်ခဲ့ကြသည်။
ဈေးကွက်တွင် ကျပ်ငွေတန်ဘိုးကို ကျဆင်းခွင့်ပြုမည့် အစား၊ ကျပ်ငွေတန်ဘိုး (ငွေလဲနှုန်း) ကို ဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှသွားစေရန် ခွင့်ပြုရမည့်အစား ငွေကြေးဆိုင်ရာ တာဝန်ရှိသူများက ဈေးကွက်အတွင်းသို့ ယခင် နည်းလမ်းဟောင်းများဖြင့် ဝင်ရောက် စွက်ဖက်ခဲ့ကြသည်။
လွတ်လပ်သော ဈေးကွက်အတွင်းတွင်ရှိနေသည့် ပေါက်ဈေးထက်များသည့် တရားဝင်ငွေလဲနှုန်းကို ကြေညာလိုက်ခြင်း အားကြောင့် ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ရောင်းလိုအားကို အဆမတန် ပိုမိုမြင့်အောင်ပြုလုပ်သလိုဖြစ်သွားသည့် အတွက် အမေရိကန်ဒေါ်လာ ပြတ်လပ်သွားစေခဲ့သည်။ ဘဏ်များမှ ထုတ်ယူနိုင်သည့် ငွေပမာဏ အပေါ်လည်း ကန့် သတ်မှုများ ရှိလာခဲ့သည်။ လက်ရှိ အချိန်တွင် အမေရိကန် ဒေါ်လာ ၅၀၀၀ အထိရှိသော ငွေ အထုတ်အသွင်း ကိစ္စများကို တပတ်လျှင် ၂ ကြိမ်သာ ပြုလုပ်ခွင့်ရှိပါသည်။
အဆိုပါ ကန့်သတ်မှုများက နိုင်ငံခြားငွေစာရင်း ဖွင့်ထားသော အကောင့်များကို ရည်ရွယ်ပြုလုပ်ခဲ့သည့်တိုင် လူပုဂ္ဂိုလ်များရော ကုမ္ပဏီကြီးများကိုပါ သက်ရောက်မှုရှိခဲ့သောကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အခက်အခဲ သိသိသာသာ ဖြစ်စေခဲ့ရသည်။ အထူးသဖြင့် လုပ်ခလစာ အပြည့်အ၀ ပေးနိုင်ရန်နှင့် အခြား ပုံမှန် အသုံးစရိတ်များ အတွက် လွှဲပြောင်းရာတွင် အခက်အခဲ ကြီးစွာ ဖြစ်စေသည်။ မည်သို့သော ပိတ်ပင်တားဆီးမှုမျိုးကမဆို မြန်မာနိုင်ငံ ငွေကြေးကဏ္ဍသည် ကန်ထရိုက် ပျက်စီးမှုများ၊ သံသယဖြစ်ဖွယ်ရာ ပိုင်ဆိုင်မှုအခွင့်အရေးများနှင့် ရှိရင်းစွဲ မတည်ငြိမ်မှုများဖြင့် ပြည့်နှက်နေကြောင်း နောက်တကြိမ် သတင်းပေးလိုက်သလို ဖြစ်သည်။
ထိုအကြောင်းများကြောင့် နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်လည်ဦးမော့လာရခြင်းနှင့်အတူ တရားဝင် ငွေလဲနှုန်းနှင့် ကွာခြားသော တရားမဝင် ငွေလဲနှုန်းတခုလည်း ပေါ်ထွက်လာခဲ့ရသည်။ အဆိုပါ ဈေးကွက်တွင် မြန်မာနိုင်ငံမှ ဘဏ်များ အပါအဝင် ဈေးကစားသူများလည်း ရှိလာခဲ့သည်။
အတိုချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ဟောင်းက လျှင်လျှင်မြန်မြန် ဖန်တီးနိုင်ခဲ့သည် မှာ နိုင်ငံခြားငွေ ဈေးကွက် အမျိုးမျိုးနှင့် ငွေလဲနှုန်း အမျိုးမျိုးသာဖြစ်သည်။ ဈေးကစားသူများ၊ တရားမဝင်လုပ်ကိုင်သူများ နှင့် အဆက်အသွယ်ကောင်းသူများကတော့ ကမောက်ကမ ဖြစ်ရပ်များမှ အကျိုးအမြတ် ရရှိခဲ့ကြသည်။
ဘာလုပ်ဖို့လိုသလဲ
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းပြဿနာအတွက် ကိုယ့်ဘာသာကိုယ် အလွန်ခက်ခဲစွာ ဖြေရှင်းရမည့်နည်း ရှိပါသည်။ အစိုးရ၏ ထိန်းချုပ်မှုကို ဖယ်ရှား၍ ကျပ်ငွေကို နှုန်းရှင်အဖြစ် လွတ်လပ်စွာ ထားရှိပြီး စောင့်နေရုံသာဖြစ်သည်။ အကန့်အသတ်နှင့် လွန်စွာ ရှားပါးစွာ လုပ်ဆောင်ရသည့် အစိုးရက ဝင်ရောက်စွက်ဖက်နိုင်သော စစ်မှန်သည့် ထိန်းကျောင်း နှုန်းရှင်စနစ်ဟူသည် ကျပ်ငွေ မတည်ငြိမ်မှုကို ဈေးကွက် အခြေခံ အကြောင်းအချက်များ၊ အကျိုးဆက် အခြေအနေများအတိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး အကျိုးအမြတ် ရှာဖွေသူများနှင့် ဈေးကစားသူများက အများပြည်သူကောင်းကျိုးကို ဆန့်ကျင်ပြီး တလမ်းသွား အမြတ်ထုတ်မှုများရှိတော့မည် မဟုတ်ပါ။
စွန့်စားမှုနှင့် ကုန်ကျစရိတ် မရှိသော ငွေလဲနှုန်း စီမံခန့်ခွဲရေး စနစ်ဟူ၍ မရှိပါ။ သို့သော်လည်း ဗဟိုဘဏ်မှ ထိန်းကျောင်း မှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်း စနစ် အစစ်အမှန်တခု၏ စိုက်ထုတ် ကုန်ကျမှုများက ပွင့်လင်းမြင်သာသည်။ ဘဏ္ဍာရေး ကဏ္ဍအတွက် ကြောင်းကျိုးဆီလျော်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ပေးပြီး တကယ့် ကုန်သည်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံမှုများ ပေးနိုင်သည်။
ပုံမှန် နိုင်ငံခြားငွေဈေးကွက်များနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား အများစုမှာ ပုံမှန်မဟုတ်သည့် ငွေလဲလှယ်နှုန်းဖြင့် ကာလကြာရှည်စွာ နေထိုင်ခဲ့ရသည်။
ကျပ်ငွေကို နှုန်းရှင် ဖြင့် မျှောလိုက်ခြင်းက ပုံမှန်ဖြစ်သော၊ ပုံမှန်မဟုတ်သော ငွေလဲနှုန်းများနှင့် ဈေးကွက်များကို အတူတကွ ယူဆောင်လာပါလိမ့်မည်။ ၂၀၁၂ ခုနှစ်ကထဲက အဆိုပါ အချက်ကို အလေးပေးပြောဆိုမှုများ ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် အထိ မဖြစ်လာသေးပါ။
မြန်မာနိုင်ငံ၏ ဗဟိုဘဏ်တွင် စွမ်းဆောင်ရည်ကောင်းသူ အချို့ ရှိပါသည်။ အထူးသဖြင့် ဒုဥက္ကဌ အဆင့်တွင်ဖြစ်သည်။ မည်သို့ဖြစ်စေ အလုံးစုံကို ခြုံကြည့်၍ အကျယ်ပြန့်ဆုံး ကြည့်လျှင်မူ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ လက်ရှိတာဝန်ရှိ ပုဂ္ဂိုလ်များသည် အကျင့်ပျက်ခြစားနိုင်မှုကို ဖြစ်စေနိုင်သည့် တစိတ်တပိုင်း ထိန်းချုပ်ထားသော ငွေလဲလှယ်နှုန်း အစီအစဉ်ကို စနစ်တကျ လုပ်ကိုင်ရန်နှင့် စောင့်ကြည့် ထိန်းကျောင်း လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည် ကင်းမဲ့နေသေးပါသည်။
ဒီဇာတ်လမ်းကို ကျနော်တို့ အရင်ကလည်း မြင်ခဲ့ဖူးပြီ။ အခုအချိန်ကတော့ ကျပ်ငွေကို အမှန်တကယ် လွတ်လပ်ခွင့် ပေးရတော့မည့် အချိန်ဖြစ်ပါသည်။
(Sean Turnell သည် သြစတြီးယားနိုင်ငံ Macquarie တက္ကသိုလ်မှ ဘောဂဗေဒ တွဲဘက်ပါမောက္ခဖြစ်ပါသည် ။ ၎င်း၏ Time to Set the Kyat Free ကို ဆီလျော်အောင်နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)