ပြည်တွင်းသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်သည် မကြာခင်ကျင်းပရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲ အခြေအနေအပေါ်တွင် မူတည်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ပြောဆိုကြသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပရန် ရှိသော ရွေးကောက်ပွဲ၏ ရလဒ်နှင့် အဆိုးအကောင်း အခြေအနေတို့ အပေါ်တွင် မူ တည် ပြီး ရင်းနှီးမြှုပ်နှံရန် စုံစမ်းစောင့်ဆိုင်းမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၎င်းက“လာပြီးစုံးစမ်းတာတွေ လုပ်ငန်းအသစ်တွေလည်း ပါပေမယ့် သူတို့ကို ပြန်ပြီးကြည့်လိုက်ရင် ရွေးကောက်ပွဲ အလွန်ကာလမှာ လာပြီးတော့ လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေ တော်တော်များပါတယ်။ ရွေးကောက်ပွဲကို ခဏစောင့်နေတဲ့သူတွေလည်း ရှိတယ်ပေါ့။ လာစုံစမ်းနေတာက ရွေးကောက်ပွဲ ပြီးမှ လုပ်မယ်ဆိုတဲ့သူတွေက ပိုများတယ်။ ပိုချဲ့ပြီးလုပ်မယ် ဆိုတဲ့သူတွေပေါ့”ဟုလည်း ပြောပြ သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် ရွေးကောက်ပွဲပြီးလျှင် ပိုတိုးလာနိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်တင်သည့် အရေအတွက်သည် ယခင်နှစ်ကထက် ပိုမို များပြားကြောင်း၊ လက်ရှိ အတည်မပြုရသေးသော လုပ်ကိုင်ခွင့်တင်ထားသည့် အရေအတွက် ၅၀ ကျော်ရှိကြောင်းလည်း ပြောဆိုခဲ့ သည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ဝင်ရောက်ခဲ့သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၈.၁ ဘီလီယံရှိခဲ့ပြီး ယခုနှစ်တွင် ထို့ထက်ပိုရန် မျှော်လင့်ထားသည်ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က လည်း ပြောဆိုသည်။
သို့သော် မကြာမီ ကျင်းပရန်ရှိသော ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာနှင့် တည်တည်ငြိမ်ငြိမ် ပြီးဆုံးမှုရှိမှသာလျှင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်မည် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အများစုက ပြောဆိုကြသည်။
ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဖြစ်သည့် ဒေါက်တာ ဂျော့စ်စိုးဝင်းက“စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုတွေက အခုချိန် မှာ Slow down ဖြစ်နေတယ်။ ငြိမ်နေတဲ့ သဘောပေါ့။ ရွေးကောက်ပွဲနဲ့ ဆိုင်နေတယ်။ ရွေးကောက်ပွဲပေါ်မူတည်ပြီးမှ သူ့ရဲ့ Vision ကို သွားလို့ရမှာ။ Vision ကရှိပြီးမှ သူ့ရဲ့ရှေ့ဦးတည်ရာကို ကြည့်လို့ရမှာပေါ့။ ဒါက ရွေးကောက်ပွဲပေါ်မှာ မှီတည်နေတယ်။ ရွေးချယ်ပုံ ရွေးချယ်နည်းရယ်၊ ဘယ်သူအနိုင်ရမလဲ ဆိုတဲ့ မျှော်မှန်းချက်ပေါ်လည်း မူတည်တာပေါ့”ဟု ပြောသည်။
မြန်မာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ယခုနှစ်ထဲမှာပင် အကျဘက်သို့ ဦးတည်နေသည့် အလားအလာရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သလို ကမ္ဘာ့ဘဏ်ကလည်း မြန်မာ့စီးပွားရေးသည် ယခု၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းအထိ လျော့ကြနိုင်ရန် ရှိကြောင်း ခန့်မှန်းထားသည်။
ယင်းသို့ ၎င်းတို့၏ ခန့်မှန်းမှုသည် မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲ ရှိနေခြင်းနှင့် ရေဘေးဒုက္ခ ဖြစ်ပေါ်ခဲ့သည်များနှင့် သက်ဆိုင်ကြောင်းလည်း ပြောဆိုခဲ့ကြသည်။
စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သော လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦမြတ်သင်းအောင် ကလည်း “အခုဟာ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)ကို လျှောက်ကြ လိုင်စင် ကျကြတယ်။ ဒါပေမယ့်လို ခပ်အေးအေးပဲ အချိန်ယူတာပေါ့လေ။ နောက်ပိုင်း အခြေ အနေ အတွက် လုပ်တာတွေက များပါတယ်။ တချို့ကလည်း မဝင်သေးတာတွေက စောင့်ကြည့်တာပေါ့လေ။ စီပွားရေးက ဒီရွေးကောက်ပွဲ အေးအေးဆေးဆေး ပြီးသွားမှပဲ ပြန်ပြီးသွက်လာမယ့် သဘောပေါ့။ စီးပွားရေးကတော့ နည်းနည်း အေးနေတယ်”ဟု ပြော သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး မရွှေ့ဆိုင်းရေးနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၃ ရက်နေ့က ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မူလသတ်မှတ်ထားသော ရက်အတိုင်း နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဒေါက်တာ မောင်မောင်လေးက “အဓိကက နောက်တက်မယ့် အစိုးရရဲ့ ပေါ်လစီ၊ နောက် Rule of law ပေါ့။ ဥပဒေက ပီပီပြင်ပြင် ဖြစ်ပြီး ကျောသားရင်သား မခွဲခြားဘဲ သတ်သတ်မှတ်မှတ် လုပ်ရင် ပိုပြီး အဆင်ပြေမယ်။ ရွေးကောက်ပွဲက စီးပွားရေး ကဏ္ဍအတွက် အလွန် အရေးကြီးတာပါ။ Free and fair နဲ့ ကောင်းကောင်းမွန်မွန် ဖြစ်လာရင်ပေါ့”ဟု ပြောဆိုသည်။