အိမ်၊ ခြံ၊ မြေ စီးပွားရေး ကဏ္ဍ၌ ငွေကြေးအင်အား သန်းပေါင်းများစွာ ပိုင်ဆိုင်သူများက စီမံကိန်းဖြစ်ပေါ်လာနိုင်မည့် မြေနေရာများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာခြင်းနှင့် စက်မှုဇုန် မြေနေရာများကို အဓိကဝယ်ယူ စုဆောင်း ရင်းနှီး မြှုပ်နှံလာကြသဖြင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး ဈေးနှုန်း ဖြစ်လာကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေး အေဂျင်စီများက ပြောဆိုကြသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိ အစိုးရ သက်တမ်းအတွင်း စီးပွားရေးကဏ္ဍတွင် သီလဝါ အထူး စီးပွားရေးဇုန် တည်ထောင်ခြင်း၊ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်းကြီး များကို ဖော်ဆောင်ရန် လျာထားခဲ့ခြင်းသည်လည်း အိမ်ခြံမြေဈေးများ မြင့်တက်လာစေသည့် အကြောင်းရင်း တစိတ်တပိုင်း ပါဝင်ခဲ့သည်။
စီမံကိန်းကြီးများ နည်းတူ နိုင်ငံ၏ စီးပွားရေး ကဏ္ဍ၌ အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် ဖြေလျှော့မှုအချို့ ပြုလုပ်ပေးလာခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ထိုလုပ်ငန်းများ အတွက် လိုအပ်သော ရုံးခန်း၊ စက်ရုံမြေ နေရာများ ငှားရမ်းဝယ်ယူလာမှုကလည်း အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်လာရခြင်း အကြောင်းရင်း များတွင် ပါဝင်လာသည်။
အလားတူ အစိုးရ၏ စီမံကိန်းများ ရှိသည့် မြေနေရာများကို ငွေကြေးအင်အား သန်းပေါင်းများစွာ ပိုင်ဆိုင်သူများက ဝယ်ယူစုဆောင်းကြသည့် အပြင် ပြည်ပနိုင်ငံသား တရုတ်စီးပွားရေး လုပ်ငန်းရှင်များက အမည်မဖော်ဘဲ ငွေအရင်း အနှီး ထုတ်ပေးကာ မြန်မာနိုင်ငံသား အမည်ခံများဖြင့် ဝယ်ယူမြှုပ်နှံလာခြင်း တို့ကြောင့် ပြည်တွင်း အိမ်ခြံမြေ ဈေးနှုန်းများသည် တရှိန်ထိုး မြင့်တက်လာကာ အာရှနိုင်ငံများ၏ အိမ်ခြံမြေဈေးနှုန်းများထက် မြင့်တက်လာသည့် အခြေအနေသို့ ရောက်ရှိလာရကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အိမ်ခြံမြေ ဈေးကွက်သည် စစ်အစိုးရ လက်ထက် ၂၀ဝ၇ ခုနှစ်တွင် အိမ်ခြံမြေ အခွန်နှုန်းထား လျှော့ချခဲ့ခြင်းနှင့် ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ ပြောင်းလဲချိန်တွင် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများ၌ ပြုပြင် ပြောင်းလဲမှုများ ကြောင့်လည်း အိမ်ခြံမြေ ကဏ္ဍသည် ငွေကြေးတတ်နိုင်သူများ အတွက် အဓိက ရင်းနှီးမြှုပ်နှံမှု ပြုရန် ဈေးကွက်တခု ဖြစ်လာပြီး အိမ်ခြံမြေ ဈေးနှုန်းများသည်လည်း အလွန်အမင်း မြင့်တက်လာခဲ့သည်။
ထိုသို့ မြင့်တက်လာရခြင်းသည် ငွေကြေးတတ် နိုင်သူများက နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ ကာလအပေါ်တွင် သုံးသပ်ပြီး ဈေးကစားခြင်းနှင့် ရင်းနှီး ဝယ်ယူလာခြင်း များကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် မဖြစ်နိုင်သည့် ဈေးနှုန်းများ အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။
သို့သော် အိမ်ခြံမြေ ဈေးကွက်သည် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ထိုက်သင့်သလောက် အရောင်းအဝယ် ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် နှစ်လယ်မှ စတင်ကာ အရောင်းအဝယ်များ သိသာစွာ ငြိမ်သက်ခဲ့ပြီး ဈေးကွက်လှုပ်ရှားမှု မရှိသလောက် အေးစက်ခဲ့သည်။
လက်တလော အချိန်ကာလတွင်လည်း နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြည့်နေပြီး အိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်ကြီးများက အိမ်ခြံမြေ ဈေးကွက် အလားအလာကို အဝယ်ရပ်နားထားပြီး စောင့်ကြည့်နေသည့် အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။
ထို့ပြင် အိမ်ခြံမြေ ဈေးကွက်အတွင်းသို့ ငွေမည်းများ စီးဝင်မှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ငွေကျပ် သိန်း ၁ ထောင် အထက် ရောင်းဝယ်ပါက အကြောင်းကြားရမည် ဟူသည့် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ချက်များလည်း ပေါ်ထွက်ရာ အမည်ခံ ဝယ်ယူထားသူများ အနေဖြင့် လက်ရှောင်ပြီး စောင့်ကြည့်နေဆဲကာလ ဖြစ်နေသည်ဟု အိမ်ခြံမြေ ဈေးကွက် လေ့လာသူများက ပြောဆိုသည်။
သို့သော် တနှစ်တာ ကာလအတွင်း အိမ်ခြံမြေ ကဏ္ဍနှင့် ပတ်သက်ပြီး ငွေမည်းများ စီးဝင်ခဲ့ခြင်း ရှိ မရှိ တွေ့ရှိချက်နှင့် ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိတဦးက “အိမ်ခြံမြေမှာ ငွေမည်းစီးဝင်တာ မတွေ့ရှိရ သေးဘူး ဆိုတာက ကျနော်တို့ မဖော်နိုင်သေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ သတင်းပို့တဲ့ သူက အရေးကြီးတယ်။ အိမ်ခြံမြေမှာ အခွန်နဲ့ပဲ အရေးယူခဲ့တာ သုံးခုလောက်ရှိခဲ့တယ်။ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ အဆင့်လောက်အထိ အရေးယူနိုင်တာ မရှိသေးဘူး” ဟု ပြောဆိုသည်။
ထိုသို့ အိမ်ခြံမြေကဏ္ဍတွင် ငွေကြေး ခဝါချမှုဖြင့် အရေးယူနိုင်လောက်သည့် အဆင့်ကို တွေ့ရှိရခြင်း မရှိဟု အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောဆိုနေသော်လည်း အိမ်ခြံမြေဈေးကွက်တွင် သန်းပေါင်းများစွာ ပိုင်ဆိုင်သည့် လုပ်ငန်းရှင်များက ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုထားပြီး၊ တချို့မှာ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တခုခုကိုပင် ပြသနိုင်ခြင်း မရှိဘဲ အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ထားသည်ကို တွေ့ရှိနေရသည်ဟု အိမ်ခြံမြေ ကဏ္ဍကို လေ့လာစောင့်ကြည့်နေသူများက ပြောဆိုကြသည်။
“ခရိုနီတွေက မြေကို ရင်းနှီးပြီးတော့ စီမံကိန်းတွေမှာ ဝင်လို့ ရအောင်လုပ်တာ တွေ့ရတယ်။ အခု လယ်မြေတွေ အသံတွေ ထွက်နေတယ်။ ဒါပေမယ့် အဲဒီလယ်မြေတွေ အကုန်လုံးက ခရိုနီတွေ အဓိက ဝယ်သိမ်းထားတာပေါ့။ သိန်းသောင်းနဲ့ ချီပြီးတော့ အရှေ့မှာ လိုက်ဝယ်နေတဲ့သူတွေရှိတယ်။ လယ်မြေတွေကို လက်ထဲမှာ ရှိနေတဲ့ သူတွေ ကလည်း လယ်သမားတွေ မဟုတ်တော့ဘူး။ အဲဒီမြေကွက်တွေပေါ်မှာမှ စာရွက်စာတမ်းတွေ ကျလာဖို့ ဆိုတာက နားလည် တတ်ကျွမ်းတဲ့ သူတွေက ရွေ့ထားတဲ့ အကွက်တွေ ပေါ့။ သူတို့က ဘယ် အစိုးရပြောင်းပြောင်း မြေကွက် အပေါ်မှာ အကွက်ရွေ့ထားပြီးသား” ဟု ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ၏ အမှုဆောင် အရာရှိတဦးက ပြောဆိုသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက စက်မှုဇုန် မြေကွက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက ရန်ကုန် တိုင်းဒေသကြီး စက်မှုဇုန်များရှိ လုပ်ငန်းလုပ် ကိုင်ခြင်း မရှိသော ဂိုဒေါင်နှင့် စက်မှုလက်မှု မြေကွက်များအား နိုင်ငံတော်မှ ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း ရန်ကုနု်တိုင်း အစိုးရအဖွဲ့က တရားဝင် အမိန့်ထုတ် ခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်သည်ကို မတွေ့ရှိရသေးပေ။
ရန်ကုန်တိုင်း ဒေသကြီး မြေယာစီမံခန့်ခွဲမှု ကော်မတီ၏ ထုတ်ပြန်ချက်ပါ ဖော်ပြထားချက် အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုလက်မှု မြေကွက်အလွတ်ပေါင်း ၂၃၃၉ ကွက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင် အလုံးပေါင်း ၁၂၉၉ လုံး၊ ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော်ရှိနေကြောင်း သိရသည်။
အိမ်ခြံမြေ အရောင်းအဝယ်များတွင် တရားမဝင် ငွေမည်းများဖြင့် ဈေးကစားသူများကို အရေးယူခြင်းနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက “တကယ် ရင်းနှီးမြှုပ်နှံချင်သူတွေက တဆင့် ပြန်ငှားပြီး လုပ်ငန်းဆောင်ရွက် နေရတယ်။ လုပ်ကွက်ပါမစ်တွေကို ယူထားပြီး တဆင့်ပြန် ငှားစားတာတွေ ပြန်ရောင်းတာတွေ ရှိတယ်။ ငွေကြေးခဝါချမှုနဲ့ ချိတ်ဆက် ကြည့်ရင် ငွေဖြူပြဖို့ ဒီလို လုပ်နေတယ်လို့ ကောက်ချက်ဆွဲရမှာပဲ။ အခုဆို မူးယစ်ဆေးတို့ စိတ်ကြွ ဆေးဝါးတွေကို ဖမ်းမိလာတာက သက်သေတွေပဲ။ ဒါတွေကို မြေကွက်တွေမှာ အသုံးချတာလို့ ယူဆတယ်။ ဘာကြောင့်လဲ ဆိုရင် မြေဈေးတွေက မတန်တဆဈေးတွေ မဖြစ်နိုင်တဲ့ဈေးတွေ ဖြစ်နေတယ်” ဟု ထောက်ပြ ပြောဆိုသည်။
အလားတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “မြေကို အရင်းအနှီးတခု အဖြစ် ထားပြီးတော့ ခရိုနီနဲ့ အာဏာပိုင် ပေါင်းပြီး စီးပွားရေးကို ခြယ်လှယ်နေတယ်လို့ ကျနော် ပြောချင်တယ်။ မြေကစားတဲ့ အထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ပါနေမလား ဆိုတဲ့ နေရာမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဆိုတာကလည်း လူပဲ လေ။ ခရိုနီဖြစ်နေတဲ့ သူတွေကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင် ဖြစ်နေမှာပဲ။ သူက ဗီဇရုပ် အရ စီးပွားရေး သောင်းကျန်းမှာ ပဲ။ အာဏာရှိတဲ့ ကာလ တဖက်မှာက လွှတ်တော်ကိုယ်စားလှယ် တပြိုင်နက်တည်းမှာပဲ ငွေအရင်းအနှီး ရှိတော့ ဒါတွေကို အရင်းအနှီး လုပ်မှာပေါ့” ဟု ပြောသည်။
အိမ်ခြံမြေ ကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှ ၂၀၁၄ ခုနှစ်အထိ အိမ်ခြံမြေ၊ ငွေကြေးကဏ္ဍ၊ မူးယစ်ဆေးဝါး၊ လူကုန် ကူးခြင်းစသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး သိမ်းဆည်း ရရှိထားသော ဘဏ္ဍာငွေများသည် ကျပ်သန်းပေါင်း နှစ်သောင်း ရှိခဲ့ကြောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့က ဖော်ပြခဲ့သည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့က အိမ်ခြံမြေကဏ္ဍနှင့် ပတ်သက်ပြီး ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီနှင့် ဥပဒေအသစ် အရ ပါဝင်လာသည့် အိမ်ခြံမြေ ပွဲစားများက သတင်းပေးပို့ရန် သတ်မှတ် ဖွဲ့စည်းခဲ့သည်။ ယခုနှစ်တွင် မူးယစ်ဆေးဝါးအမှုများ အများ အပြားဖြစ်ပေါ် ခဲ့သောကြောင့် ယခုနှစ် အောက်တို ဘာလအထိ ကျပ်သန်းပေါင်း နှစ်သောင်းခွဲနီးပါး သိမ်းဆည်းရရှိခဲ့သည် ဟု အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
“ကြေးတိုင်နဲ့ မြေစာရင်းဌာနရယ် စည်ပင်သာယာရေး ကော်မတီက အမြဲတမ်း သိန်းတထောင် အထက်ဆိုရင် သတင်း ပို့တယ်။ အိမ်ခြံမြေပွဲစားတွေက သတင်းပို့နိုင်တာ မရှိသေးဘူး။ သူတို့က သိန်းတထောင်အထက် ဆိုရင်ပို့တော့ ဘယ်လို ဟာမျိုးက သံသယဖြစ်ဖွယ် ဆိုတာ သိဖို့လိုသေးတယ်။ သံသယ ဖြစ်ဖွယ်တွေကို စိစစ်တဲ့အခါ ငွေကြေး ခဝါချမှုနဲ့ ပေါ်လာတဲ့ အထိတော့ မရှိသေးဘူး။ အခွန်တိမ်းရှောင်မှုဖြစ်စဉ်တွေပဲ ရှိတယ်။ သတင်းပေးပို့မှုပေါင်း တထောင်ကျော်လောက် ရှိတယ်” ဟု အထူးစုံစမ်းစစ် ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိက ပြောသည်။
ငွေကြေးဈေးကွက်တွင်လည်း ကျပ်ငွေ ကျဆင်းစဉ်ကတည်းက တခြားစီးပွားရေး ကဏ္ဍများတွင် စိုးရိမ်စရာများ ဖြစ်ပေါ် ခဲ့သော်လည်း အိမ်ခြံမြေဈေးကွက်သည် ငွေကြေးကျဆင်းမှုကို ရှောင်ရှားရန် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံစရာ နေရာ အဖြစ် ရှိခဲ့သည်ဟု House.com Myanmar ၏ မန်နေဂျင်း ဒါရိုက်တာ Mr. Balaji Ramaswami က ပြောဆို ခဲ့သည်။
မြေယာများတွင် ရင်းနှီးမြှုပ်နှံပြီး မြေဈေးကို လိုသလိုကစားနေသည့် ခရိုနီကြီးများသည် မည့်သည့်အစိုးရ တက်သည် ဖြစ်စေ စီးပွားရေး ပိုင်ဆိုင်မှု ခိုင်မာနိုင်ခြေ ရှိသည့် မြေကွက်များ အပေါ်တွင် လွှမ်းမိုးချုပ်ကိုင်မှု ရှိနေဦးမည် ဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ပြောဆို ကြသည်။ ။