ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှ ဆိပ်ကမ်းမြို့ တခု ဖြစ်သည့် ထားဝယ်မြို့ အနီးရှိ ကြီးမားသည့် မျဉ်းကွေးသဏ္ဌာန် ကမ်းခြေရှိ အပူပိုင်းချုံပင်သစ်တော အတွင်းသို့ ထိုင်းနိုင်ငံသား အင်ဂျင်နီယာ Suphap Satthathum ပထမဆုံး ခြေချခဲ့သည်မှာ လွန်ခဲ့သော ၈ နှစ်က ဖြစ်ပါသည်။
သို့သော်လည်း ယခုအခါတွင် ၂၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ထားဝယ် အထူးစီးပွားရေးဇုန်၏ ပထမအဆင့် အတွင်းသို့ လာရောက် ကြည့်ရှုကြသူများကို လိုက်လံပြသနေသော Suphap Satthathum သူ၏ ဆောက်လုပ်ရေး ကုမ္ပဏီမှ တည်ဆောက်ထားခဲ့သော ဆိပ်ခံတံတားပေါ်တွင် ခြေလှမ်းကျဲကျဲနှင့် လျှောက်လှမ်းရင်း အင်အားသစ်တွေ ရရှိနေသည်။
အစမကောင်းခဲ့ခြင်းများနှင့် အဆက်မပြတ် ဝေဖန်မှုများ ရှိနေသော်လည်း ကပ္ပလီပင်လယ် ကမ်းရိုးတန်းမှ တိတ်ဆိတ်ပြီး အထီးကျန် ဆန်ခဲ့သည့် ကမ်းခြေကို အာရှ၏ အကြီးဆုံး စက်မှုနယ်မြေများ ထဲမှ တခုအဖြစ် အသွင်ပြောင်းရန် ရည်ရွယ်ထား သည့် ဖွံ့ဖြိုးရေးစီမံကိန်းက ယခုအချိန်အထိ နေရာလွတ်များစွာ ကျန်နေဆဲ ဖြစ်သည်ကို ထင်ထင်ရှားရှား မြင်နေရသည့်တိုင် နောက်ဆုံးတွင် စိတ်ဝင်စားမှု အနည်းငယ် ပြန်လည်ရရှိ လာနိုင်ဖွယ် ရှိနေသည်။
၂၀ဝ၈ ခုနှစ်က မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး စတင်ခဲ့သော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာနိုင်ငံတွင် ဖော်ထုတ်မည့် အထူးစီးပွားရေးဇုန် ၃ ခုအနက်မှ တခု ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင် ရန် ရည်ရွယ်ထားသည်။
ဘန်ကောက် အခြေစိုက် Italian-Thai Development (ITD) ကုမ္ပဏီက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုးရေး အတွက် နှစ် ၅၀ လုပ်ပိုင်ခွင့် ရရှိခဲ့ပြီး ယခုအခါ စီမံကိန်း၏ အပိုင်း (၁) ကို အကောင်အထည် ဖော်နေပြီ ဖြစ်သည်။
သဘာဝပေါက်ပင်များကို ရှင်းလင်းထားပြီး ဖြစ်သည့် စီမံကိန်းနယ်မြေရှိ ITD ကုမ္ပဏီ၏ ရုံးခန်း အဆောက်အအုံတွင် မြေပုံကြီးများ၊ စီမံကိန်းကို အပေါ်စီးမှ မြင်ရသည့် မြင်ကွင်းကို ဖော်ပြထားသည့် ပိုစတာကြီးများ ပြသထားသည်။ စီမံကိန်းတာဝန်ခံ တယောက်ဖြစ်သော Suphap Satthathum က ဆောက်လုပ်ဆဲ အဆောက်အအုံတခုကို ပြပြီး ထောင်နှင့်ချီမည့် အလုပ်သမားများ နေထိုင်ရန်အတွက် ဆောက်လုပ်မည့် အိမ်များထဲမှ ပထမဆုံး ဖြစ်သည် ဟု ပြောသည်။
အပိုင်း (၁) တွင် မော်တော်ကား စက်ပစ္စည်း၊ ပရိဘောဂ၊ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်း၊ အထည်ချုပ်နှင့် သားရေ၊ စည်သွတ်နှင့် အေးခဲအစားအစာ၊ ဆေးဝါးနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်မည့် စက်မှုလုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။ ITD က ရင်းနှီးမြှုပ်နှံသူများသို့ မြေနေရာများ ပေးနေသော်လည်း သဘောတူညီ ချက်များ ရရှိထားခြင်း ရှိ/မရှိကို သေသေချာချာ မသိရသေးပါ။ အလုပ် အကိုင် အခွင့်အလမ်းအတွက် အာမခံချက်များက အကောင်အထည် ပေါ်လာခြင်း မရှိသေးသကဲ့သို့ စက်မှုဇုန်ကို ဒေသခံများက နှစ်သက်လက်ခံမှုရှိလာ အောင်လည်း ကြိုးစားနေရဆဲ ဖြစ်သည်။
မလွယ်ကူခဲ့သော နိဒါန်း
ထားဝယ် အထူးစီးပွားရေးဇုန်၏ ပြဿနာများ အနက် တခုမှာ ၎င်း၏ မူလဇာစ်မြစ် ဖြစ်သည်။ စီမံကိန်းကို စတင် အကြံပြု ဆောင်ရွက်ခဲ့သည်မှာ ယခင် စစ်အစိုးရလက်ထက်က ဖြစ်သည်။ စစ်အစိုးရ နေရာတွင် အရပ်သားတပိုင်း အစိုးရဖြင့် အစားထိုးလာသည့် တိုင်အောင် (စီမံကိန်းအပေါ်) သင်္ကာမကင်းဖြစ်မှု အမြောက်အမြားကို ရှောင်လွှဲနိုင်ခြင်း မရှိဘဲ ခက်ခက်ခဲခဲ ကြိုးစားဖြေရှင်းနေရဆဲဖြစ်သည်။
“ယုံကြည်မှု ရဖို့က ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများ ရောင်းချသည့်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၅ နှစ် အရွယ် ဒေါ်အိအိမြင့်က ပြောသည်။
“ဒါက ယုံကြည်မှုနဲ့ ဆိုင်ပါတယ်။ ကျမတို့က အစိုးရကို မယုံဘူး။ ဒီလို စက်မှုဖွံ့ဖြိုးရေး စီမံကိန်းမျိုးကို သူတို့ စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး။ မြေသိမ်းတာတွေနဲ့ နစ်နာကြေးလိုမျိုး သူတို့ ခုထိ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အများကြီး ရှိသေးတယ်” ဟု သူက ပြောသည်။
ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အခြားကိစ္စများလည်း ရှိသည်။ ထားဝယ်နှင့် အနီးတဝိုက် ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် အနောက်ဘက် ပင်လယ်ကမ်းခြေနှင့် အရှေ့ဘက်မှ တောင်တန်းများ အတွင်းရှိ စပါးခင်းများ၊ မြစ်ချောင်းများဖြင့် စိမ်းလန်း ကျယ်ဝန်းသည့် အဆိုပါဒေသ၌ လေထုနှင့် ရေထု ညစ်ညမ်းလာမည်ကို စိုးရိမ်ကြောင်း ပြောခဲ့ကြသည်။
ITD က ထိုင်း အလုပ်သမားများ ခေါ်ဆောင် လာသည်ကိုလည်း သူတို့ သဘောမကျ ကြပါ။ ငွေကြေး ပြည့်စုံသည့် နိုင်ငံခြားသားများ ဝင်ရောက်လာခြင်း၏ သက်ရောက်မှုနှင့် အခြေခံအားဖြင့် ရှေးရိုးစွဲဆန်သည့် အသိုင်းအဝိုင်း အတွင်းသို့ ယဉ်ကျေးမှု အရ မလိုလား အပ်သည့် ပြဿနာများ ဝင်ရောက်လာမည်ကိုလည်း စိုးရိမ်ကြသည်။ “စီးပွားရေး အခွင့်အလမ်းအရ ကြည့်မယ် ဆိုရင်တော့ ဒါက ကောင်းပါလိမ့်မယ်။ ဒါပေမယ့် လူမှုရေး ကိစ္စတွေ ဘက်က ကြည့်မယ် ဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်” ဟု ဒေါ်အိအိမြင့်က သူ၏ စိုးရိမ်မှုကို ပြောပြသည်။
တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုကလည်း မြေယာပိုင်ဆိုင်မှုနှင့် နစ်နာကြေး ကိစ္စက ရှုပ်ထွေးမှုများ ရှိနေကြောင်း တွေ့ဆုံမေးမြန်း ခန်းတခုတွင် ဝန်ခံပြောကြားခဲ့သည်။ စီမံကိန်းအကောင် အထည်ဖော်သည့် ကုမ္ပဏီက ဒေသခံများ၏ လိုအပ်ချက်များကို နားလည်မှု မရှိခြင်းကြောင့်လည်း ပိုမိုခက်ခဲခဲ့ရသည်။
ဥပမာအနေဖြင့် ထားဝယ်စီးပွားရေးဇုန် အတွက် မြေသိမ်းခံရပြီး ပြောင်းရွှေ့ပေးခဲ့ရသည့် ဒေသခံများ အတွက် ITD က ဆောက်လုပ်ပေးခဲ့သည့် ကျေးရွာတခုဖြစ်သော ဘဝ (Bawah) ရွာကို ပြရမည် ဖြစ်သည်။ အိမ်အသစ်များက ကောင်းမွန် ကြံ့ခိုင်သော်လည်း ဒေသခံများ နေသားကျနေသည့် လယ်ကွင်းများ သီဟိုဠ်ပင်များ ကြားတွင် ပြန့်ကျဲနေ သော ရွာငယ်လေးများကဲ့သို့ ကျယ်ပြန့်လွတ်လပ်သည့် နေရာမျိုး မဟုတ်ဘဲ ဖြစ်နေသည်။ အိမ်အများစုမှာ ချုံနွယ်ပိတ် ပေါင်းများ ကြားတွင် အလွတ်အတိုင်း ရှိနေသည်။
၂၀၁၀ ခုနှစ်တွင် ထိုစဉ်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ဖြစ်သည့် အဖိစစ် ဝေ့ချာချီဝ (Abhisit Vejjajiva) က ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ “တချို့စက်မှု လုပ်ငန်းတွေက ထိုင်းနိုင်ငံမှာ ထားဖို့ မသင့်လျော်ဘူး၊ ဒါကြောင့် သူတို့က အဲဒီမှာ (ထားဝယ်မှာ) တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရုပ်မြင် သံကြားတွင် ပြောခဲ့သည့် နောက်ပိုင်း စီမံကိန်းကို ဆန့်ကျင်သူများ ပိုမိုစုစည်း အားကောင်းလာခဲ့သည်။
အမှိုက်ပုံ ဖြစ်တော့မလား
မြန်မာနိုင်ငံသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေသည့် စက်မှုလုပ်ငန်းများ အတွက် အမှိုက်ပုံ တခု ဖြစ်လာမည် ဆိုခြင်းကို နေပြည်တော်မှ မြန်မာအစိုးရက အလျင်အမြန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ထိုင်းဝန်ကြီးချုပ်၏ မှတ်ချက်က အရပ်ဘက် အဖွဲ့အစည်းများကို သတိပေး တပ်လှန့်လိုက် သလို ဖြစ်သွားပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး လွတ်လပ်မှု ပိုမို ရရှိလာသည့် အချိန် ဖြစ်နေသည့် အတွက် ကန့်ကွက်ပြောဆိုမှုများ ပိုမိုတိုးပွားလာခဲ့သည်။
ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူများက ထိုင်းနိုင်ငံမှ တက်ကြွလှုပ်ရှားသူများနှင့် ဆက်သွယ်၍ ထိုင်းနိုင်ငံသို့ လေ့လာရေး ခရီးများ သွားရောက်ခဲ့သည်။ ၎င်းတို့ထဲမှ တဦးမှာ Myanmar Knowledge Society ၏ အကြီးအကဲ ဦးဇော်ဦး ဖြစ်ပြီး သူက ထားဝယ်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။
“ထားဝယ်စီမံကိန်းက ဒေသခံတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတာ မရှိတဲ့ စစ်အစိုးရလက်ထက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့က သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ဆိုင်ရာ လေ့လာအကဲဖြတ်မှု (EIA) ပြုလုပ်ခြင်း မရှိဘဲနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးခဲ့ပါတယ်။ ကျနော်တို့က ဒီစီမံကိန်းကို စောင့် ကြည့်လေ့လာဖို့ လူငယ်တွေကို စုစည်းခဲ့ပါတယ်။ နောက်တော့ အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားမှုတခု ဖြစ်လာခဲ့ပါတယ်” ဟု ဦးဇော်ဦးက တွေ့ဆုံ မေးမြန်းမှု တခုတွင် ပြောသည်။
၂၀ဝ၉ ခုနှစ်တွင် ကျေးရွာ ၂၉ ခုကို ပြန်လည် နေရာချထားခဲ့သည်။ “ကျေးရွာသစ်တွေ အတွက် နေရာရှိပေမယ့် အခြေခံ အဆောက်အအုံတွေ မရှိဘူး” ဟု ဦးဇော်ဦးက ပြောသည်။ ကျေးရွာသူ ကျေးရွာသားများ ကလည်း ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သည်။
သို့သော်လည်း သူတို့က စီမံကိန်းကို လုံးဝ ဆန့်ကျင်ကန့်ကွက် ကြခြင်း မဟုတ်ပါ။ “ထားဝယ် ဒေသခံ ပြည်သူများက ရေနက်ဆိပ်ကမ်းကို သဘော တူပါတယ်။ ဒါပေမယ့် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ အများကြီး စိုးရိမ်မိ ပါတယ်” ဟု ဦးဇော်ဦးက ရှင်းပြသည်။
စီမံကိန်း၏ အရေးပါသော အစီအစဉ်များထဲတွင် လျှပ်စစ်ဓာတ်အား ၂၀ဝ၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ တခု၊ ဆည်တခုနှင့် ရေလှောင်တမံတခုတို့ ပါဝင်သည်။ ရေနံဓာတု လုပ်ငန်းများ အတွက် သီးခြား အစီအစဉ် ရှိသေးသည်။ အဆိုပါ အစီအစဉ်များကြောင့် စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။ သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ လေ့လာအကဲဖြတ်မှု (EIA) လာရောက် လုပ်ဆောင်နေသည့် ဘန်ကောက်မြို့ ချူလာလောင်ကွန်း (Chulalongkorn) တက္ကသိုလ်မှ သုတေသီများမှာ ဒေါသထွက်နေသည့် ကျေးရွာသားများကြောင့် ဆည် တည်ဆောက်မည့် နေရာမှ ထွက်ပြေးခဲ့ကြသည်ဟု တက်ကြွလှုပ်ရှား သူများက ပြောသည်။
ဒေသခံများ၏ လိုအပ်ချက်
ဒေသခံများက သူတို့၏ ကံကြမ္မာကို သူတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန် အတွက် ထားဝယ်တိုင်းရင်း သားများပါတီ (DNP) ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သည်။ ဥပဒေပြုခွင့် ရရှိရေး အတွက် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် (DNP) မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
(DNP) ၏ ဒုတိယဥက္ကဋ္ဌ အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သော ဦးမောင်မောင်အေးက “ကျနော်တို့ စက်မှုလုပ်ငန်းတွေ လိုအပ်ပါတယ်။ ဒါပေမယ့် အထည်ချုပ်လုပ်ငန်းနဲ့ ရေထွက်ပစ္စည်းလုပ်ငန်းလိုမျိုး သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေတဲ့ စက်မှုလုပ်ငန်းတွေ လိုအပ်တာပါ” ဟု ပြောသည်။
အကယ်၍ ထိုကဲ့သို့သော စက်မှုလုပ်ငန်းများသာ ဖွံ့ဖြိုးလာခဲ့ပါက သောင်းနှင့်ချီသော ဒေသခံများ အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများနှင့် ပင်လယ်စာ လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ရန် လိုအပ်မည် မဟုတ်တော့ ဟုလည်း သူက ဆိုသည်။
ဦးမောင်မောင်အေး၏ အယူအဆက လာမည့် ရွေးကောက်ပွဲတွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၏ အယူအဆနှင့် များစွာ ကွာခြားမှု မရှိပါ။ “ကျနော်က ဒီဒေသကပါ။ မြေယာပြဿနာတွေ အကြောင်း ကျနော်သိပါတယ်။ ကျနော် ပြည်သူတွေ ဘက်က အမြဲရပ်တည်ခဲ့ ပါတယ်။ ဒါက အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဆိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း တွေ အများကြီး ရှိတယ်။ ကျနော်တို့ ဆီမှာတော့ မရှိဘူး” ဟု သူ၏ ရုံးခန်းတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဦးမြတ်ကိုက ပြောသည်။
ထိုင်းနိုင်ငံတွင် သွားရောက်၍ အလုပ်လုပ်နေသည့် ထားဝယ်ဒေသခံ ၁၀ဝ,ဝဝဝ မှ ၂၀ဝ,ဝဝဝ အတွင်း ရှိလိမ့်မည် ဟု ဦးမြတ်ကိုက ခန့်မှန်းသည်။ အဆိုပါ ပြည်သူများမှာ လေ့ကျင့်မှု ရှိပြီးသား အလုပ်သမားများ ဖြစ်သည်။ ထားဝယ် အထူးစီးပွားရေး ဇုန်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်းသည် ၎င်းတို့ကို ပြန်လည် ခေါ်ယူရေး အတွက် ပထမခြေလှမ်း ဖြစ်သည်ဟု ဦးမြတ်ကိုက ဆိုသည်။
ဖြစ်နိုင်စရာ အနာဂတ်
စီမံကိန်းနေရာတွင် တည်ဆောက်ပြီးသည့် အဆောက်အအုံများထဲတွင် ရေလှောင်တမံငယ်တခု၊ ကျောက်ကျင်း တခုနှင့် ကွန်ကရစ် စက်ရုံတခုတို့ အပါအဝင်ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ အလုပ်သမားထက် ထိုင်း အလုပ်သမားက ပိုမိုများပြားနေခြင်းမှာလည်း ပြောင်းလဲသွားလိမ့်မည်ဟု Suphap Satthathum က ပြောသည်။ အဘယ့်ကြောင့်ဆိုသော် စီမံကိန်း သဘောတူညီချက်အရ အလုပ်သမား ၄ ဦးတွင် နိုင်ငံခြားသား ၁ ဦးသာ ဖြစ်ခွင့်ရှိသည့် အတွက်ကြောင့် ဖြစ်သည်။
ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် လမ်းတလျှောက်တွင် ဖိုင်ဘာဆက်ကြောင်း သွယ်တန်းရန် အစီအစဉ်များလည်း ရှိသည်။ လက်ရှိအချိန်တွင် မြေနီလမ်းချောအနေဖြင့် ရှိနေသည့် အဆိုပါလမ်းသည် ၁၃၈ ကီလိုမီတာ ရှည်လျားပြီး ထိုင်းနိုင်ငံ နယ်စပ်ရှိ Phu Nam Rong သို့ ၃ နာရီကျော် ၄ နာရီခန့် သွားရသည်။
နယ်စပ်မှ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက် သို့ ၂ နာရီ ခရီးမျှသာ ရှိတော့သည်။ ယခုအချိန်တွင် ထားဝယ် အထူးစီးပွားရေးဇုန်မှ ဘန်ကောက်မြို့သို့ သွားလျှင် ၇ နာရီခန့် ကြာမြင့်ပြီး တနင်္သာရီဘက်ခြမ်းမှ တောင်ပေါ် လမ်းများကို အားလုံးပြီးစီးသွားပါက ၄ နာရီမျှသာ ကြာမြင့်တော့မည်ဟု Suphap Satthathum က ပြောသည်။
ထိုသို့ ဆက်သွယ် သွားလာနိုင်ခြင်းကြောင့် ယခင်ကတည်းက ထိုင်းပင်လယ်ကွေ့မှ ကပ္ပလီ ပင်လယ်သို့ ဖြတ်လမ်း လိုချင်နေသည့် ထိုင်းနိုင်ငံက အားသွန်ခွန်စိုက် တွန်းအားပေး ဆောင်ရွက်နေသော စီမံကိန်းက မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ (Greater Mekong Sub – region Economic Corridor) ကို ပြည့်စုံစေမည် ဖြစ်သည်။ အဆိုပါ စီးပွားရေး စင်္ကြံက ထားဝယ်မှ တဆင့် ထိုင်းနိုင်ငံ ကန်ချနဘူးရီ (Kanchanaburi) မှ ဘန်ကောက်သို့၊ ထိုမှ ရှေ့ဆက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ဗီယက်နမ်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းမှ ဟိုချီ မင်းမြို့နှင့် ဗန်တောင် (Vung Tao) မြို့၊ ဗဟိုကမ်းရိုး တန်းမှ Quy Nhon မြို့တို့ကို ဆက်သွယ်ပေးမည် ဖြစ်သည်။
သို့သော်လည်း ဒေသခံများ၏ ဆန့်ကျင်မှုများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု နည်းပါးခြင်း စသည့် စီမံကိန်း၏ ရှုပ်ထွေးမှုများကြောင့် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။
ဇူလိုင်လ အတွင်းတွင် ဂျပန်အစိုးရ ပါဝင်လာပြီး ထားဝယ်စီမံကိန်းကို ထောက်ပံ့ရန် အတွက် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံ တန်ကြေးရှိ ၃ ဦးဆိုင် သဘောတူညီချက် တခုကို မြန်မာနှင့် ထိုင်းနိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် အတွက် စိတ်ဝင်စားမှု အနည်းငယ် ရရှိလာခဲ့သည်။
စီမံကိန်း၏ အစိတ်အပိုင်း တခုမှာ စတုရန်း ကီလိုမီတာ ၂၀ဝ ကျယ်ဝန်းမည့် ထားဝယ် အထူး စီးပွားရေးဇုန်ကို ထောက်ပံ့ရန် အတွက် ၁ နှစ်လျှင် ကုန်ပစ္စည်းတန်ချိန် သန်း ၂၅၀ အတင်အချ ပြုလုပ်ပေးနိုင်မည့် ဆိပ်ကမ်းတခုလည်း ပါဝင်သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) က ထားဝယ်ဒေသသည် ကမ္ဘာကုန်စည် ဖြန့်ဖြူးရေး နေရာသစ်တခု ဖြစ်လာလိမ့်မည် ဟု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ကမူ “ထားဝယ် အထူးစီးပွားရေးဇုန်က ဂျပန်နဲ့ အာဆီယံကြား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာအောင် ဖန်တီးပေးနိုင်မယ့် အခွင့်အရေး တခု ဖြစ်ပါတယ်” ဟု မယုတ်မလွန် ပြောကြားခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်မှ Suphap Satthathum ကမူ အကောင်းဘက်မှ မျှော်လင့်ထားသည်။ “ဒီစီမံကိန်းကို လူတိုင်းက သဘောတူတယ်လို့ ကျနော်တို့ မပြောပါဘူး။ ဒါက အခြေအနေကို လိုက်ပြီး ဖြေဆိုရမယ့် မေးခွန်းတခု ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံကတော့ အစီအစဉ်တွင် ပါဝင်ခြင်း မရှိတော့ဟု သူက ပြောသည်။ ၎င်းအစား ထားဝယ် အထူးစီးပွားရေးဇုန်ကို လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် အတွက် ITD က သဘာဝဓာတ်ငွေ့များ ဝယ်ယူသွားမည် ဖြစ်သည်။ ထားဝယ် အထူးစီးပွားရေးဇုန်တွင် သဘာဝဓာတ်ငွေ့ရည် တင်သွင်း သိုလှောင်မည့် ဆိပ်ကမ်းတခု တည်ဆောက်ရန် Royal Dutch Shell နှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
“ကျနော်တို့ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် သဘော တူညီချက်အရ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ITD က အလုပ်အကိုင် နေရာ ၇၀ဝဝဝ ဖန်တီးပေးရမှာ ဖြစ်ပါတယ်” ဟု Suphap Satthathum က ဆိုသည်။ ဒေသခံများ၏ ပူးပေါင်း ဆောင်ရွက်မှု ရရှိရန် အရေးပါသည် ဟုလည်း သူက ပြောသည်။
“၂ နှစ် အတွင်းမှာ စတုရန်း ၇ ကီလိုမီတာ အဆင်သင့် ဖြစ်ပါလိမ့်မယ်။ တိုးတက်မှု ရှိပါတယ်။ အရေးအကြီးဆုံး ကတော့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ပါပဲ။ အကြီးစားစက်မှုလုပ်ငန်းတွေနဲ့ ရေနက်ဆိပ်ကမ်း ကတော့ နောက်ပိုင်းမှာ ဖြစ်လာနိုင်ပါတယ်” ဟု Suphap Satthathum က ဆိုသည်။
(The Straits Times သတင်းစာပါ Nirmal Ghosh ၏ A special zone on Myanmar’s border ကိုနိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)