မြန်မာနိုင်ငံရှေးဟောင်းမြို့တော်တခုဖြစ်သည့် ပုဂံရှေးဟောင်း အမွေအနှစ်ဇုန် နယ်မြေတွင် ဟိုတယ်များ တိုးချဲ့ ဆောက် လုပ်လာခြင်း အပါအဝင် တိုးချဲ့လာသော ခရီးသွားလုပ်ငန်းများကြောင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက် ပျက်စီး လာ မည် ကို ဒေသခံများက စိုးရိမ်သဖြင့် ရှေးဟောင်းဇုန်အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်များကို ဇုန်ဧရိယာပြင်ပသို့ ပြောင်းရွေ့ပေးရန် တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။
“လက်ရှိ တည်ဆောက်နေဆဲ ဟိုတယ်တွေ ဆက် မဆောက်ဖို့၊ ဇုန်ထဲမှာ ရှိပြီးသားဟိုတယ်တွေကို မြို့ပြင်ထုတ်ပေးဖို့ ပြောချင်တယ်။ ဒီဇုန်ကို ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းမယ်ဆိုရင် ဒီကိစ္စကိုလုပ်ဖို့ အရမ်းလိုအပ်တယ်။ ကျနော် တို့ အနေနဲ့ ဒီကိစ္စကို ပြင်းပြင်းထန်ထန်ကို လုပ်ဆောင်သွားမှာပါ။ အမွေအနှစ်တွေက ထိန်းသိမ်းဖို့ သိပ်ကိုလိုအပ်နေပြီ”ဟု ပုဂံဒေသခံ ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် ပုဂံချစ်သူများအသင်း ဥက္ကဋ္ဌဦးမင်းနိုင်က ပြောသည်။
ပုဂံချစ်သူများအသင်းသည် အဆိုပါ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နှင့် အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူများက ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းပြုပြင်ရေးနှင့် စောင့်ရှောက်ရေးတို့အတွက် စောင့်ကြည့် လေ့လာ ခြင်းနှင့် အစိုးရသို့ ထောက်ပြ တောင်းဆိုခြင်း၊ အခြား ပရဟိလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ၂၀၀၅ ခုနှစ်ကတည်းက လှုပ်ရှားဆောင်ရွက်နေသည့် အသင်းဖြစ်သည်။
“အစိုးရ တာဝန်ရှိသူတွေ အပါအဝင် ပုဂံမှာရှိနေတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာန က တာဝန်ရှိသူတွေကို ကျနော်တို့က အခုဖြစ်ပျက်နေတဲ့အခြေအနေတွေကို အထောက်အထားတွေ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ရှင်းပြတယ်။ သူတို့အရေးမယူဘူး။ ဒီအမွေအနှစ်တွေဆိုတာ ပျက်စီးသွားရင် အလျော်အစားပေးလို့မရဘူး။ ကျနော်တို့က သမ္မတကြီးကိုလည်း စာတင် ထားတယ်။ ဘာမှတော့အကြောင်းမပြန်သေးဘူး”ဟု ပုဂံချစ်သူများအသင်းဥက္ကဋ္ဌ ဦးမင်းနိုင်က ရှင်းပြသည်။
ပုဂံရှေးဟောင်း အမွေအနှစ်ဇုန် နယ်မြေတွင် ဟိုတယ် တည်ဆောက်ခြင်းဖြင့် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော်များထိခိုက်ခြင်း၊ ရှေးဟောင်းစေတီပုထိုးများသည် ဟိုတယ်ဧရိယာများအတွင်း ပါဝင်သွားပြီး တချို့ဟိုတယ်များက စေတီပုထိုးများ အနီးတွင် နိုင်ငံခြားသား ဧည့်သည်များအတွက် ဖျော်ဖြေပွဲများ ပြုလုပ်ပေးခြင်းနှင့် စက်ယန္တရားကြီးများဖြင့် အဆောက်အအုံသစ်များ ဆောက်လုပ်နေခြင်းတို့ကို မလုပ်ဆောင်ရန် ဒေသခံ ပြည်သူများက ပန်ကြားလျက်ရှိသည်။
“နန်းမြင့်ဟိုတယ်ဆိုရင် သဗ္ဗညုဘုရားထက် ၉ ပေပဲ ဆောက်ထားတာ လျော့တယ်။ တချို့ဟိုတယ်တွေထဲမှာ စေတီပုထိုးတွေ ရောက်နေတယ်။ အဆောက်အအုံတွေ ဆောက်ထားတာ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ၅ ပေတောင် မကွာဘူး။ ဒီလိုအနေအထားတွေမှ အများကြီးပဲ” ဟု ပုဂံဒေသခံ တဦးက ပြောသည်။
အကျယ်အဝန်း ၁၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ရှေးဟောင်းစေတီပုထိုးပေါင်း ၂၀၀၀ ကျော်နှင့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် အဆူပေါင်းများစွာ တည်ရှိသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း ဟိုတယ်၊ မိုတယ် အလုံးရေ ၁၃၀ ကျော် တည်ဆောက်ထားပြီး စည်းကမ်းမလိုက်နာသည့် ဟိုတယ်၊ မိုတယ် တချို့ကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးယိုယွင်းလာမည်ကို ပုဂံဒေသခံများက စိုးရိမ်နေကြသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူက “ဝန်ကြီးဌာန အနေနဲ့တော့ သူတို့ကို အဖြေတုံ့ပြန်ဖို့ သီးသန့်မရှိဘူး။ ဒေသခံတွေ ပြောဆိုနေတဲ့ ကိစ္စတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ ရေဆိုးစနစ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စသည် ဖြင့် အသေးစိတ် ဆွေးနွေးထားတာတွေတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။