အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲတွေ ရှိနေသေးပေမယ့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွေကို လည်ပတ်ခွင့် ပြုထားတာကြောင့် ဖားကန့်ဒေသမှာ စက်ယန္တရားသံတွေ နေရာညပါ တညံညံနဲ့ ဆူညံနေပါပြီ။ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေဟာ ငြိမ်းချမ်းရေး အခြေအနေကို စောင့်ကြည့်ပြီး မလုပ်ကိုင်ကြ သေးပေမယ့် ကုမ္ပဏီ ၃၀ ကျော်ကတော့ အရဲစွန့်ပြီး လုပ်ငန်းလည်ပတ်နေကြပါတယ်။
ဒါပေမယ့် လည်ပတ်နေတဲ့ကုမ္ပဏီ လုပ်ငန်းခွင်အများစုဟာ အပြည့်အဝ လည်ပတ်တာ မဟုတ်ပါဘူး။ လမ်းဖောက်တာ၊ ခေါင်းပေါင်းကျင်း (မြေကြီး အပေါ်ပိုင်း တူးဖော်) တာလောက်ပဲ လုပ်နေပါတယ်။ လုပ်ငန်းလည်ပတ်တဲ့ သဘောလောက်သာ လုပ်ဆောင်နေကြတဲ့ ကုမ္ပဏီက အများစု ဖြစ်နေတယ်။ အဲဒီ ကုမ္ပဏီတွေမှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် သူဌေးကြီးတွေရဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့ ကြိုင်မိသားစု၊ ထူး၊ မက်စ်၊ ကျောက်စိမ်းနဂါး စတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အစိုးရ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲများဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေကို အရင်ဆုံး ဆုတ်ခွါခဲ့ကြတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။
နာမည်ကြီးကုမ္ပဏီတွေဟာ KIA ကို အခွန်ဆောင်ရမှာရယ်၊ ကျောက်စိမ်း အေးနေတာရယ်အပြင် အဓိက ဖောက်သည်ဖြစ်တဲ့ တရုတ်ကုန်သည်တွေကို တရုတ်အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်အရ အခွန်တွေ တိုးကောက်တာ၊ ပိုင်ဆိုင်မှု စစ်ဆေးတာတွေကြောင့် တရုတ်ကုန်သည်တွေ ကျောက်စိမ်းဝယ်ယူမှု ရပ်နားထားကြောင့် ကျောက်စိမ်းထဲမှာ ငွေကို ရင်းနှီးမြုပ်နှံ မထားချင်ပါဘူးလို့ ဆိုကြပါတယ်။
စစ်တပ်အသိုင်းအဝိုင်းနဲ့ ခရိုနီသူဌေး အများအစုကတော့ ကျောက်စိမ်းထဲမှာ နှစ်ပေါင်း ၂၀ လောက် ရင်းနှီးမြှုပ်နှံထားပြီး ဘယ်သူမှ မသိကြသေးခင် အရည်အသွေးကောင်း ကျောက်စိမ်းများစွာ ထုတ်ယူပြီးပါခဲ့ပြီ။ ကျောက်မျက်ပြပွဲမှာ တရားဝင် ရောင်းချတာတွေရော၊ တရားမဝင်လမ်းကြောင်းက ထွက်သွားတာတွေရောဟာ တန်ဖိုး ဒေါ်လာ သန်းပေါင်း ထောင်ချီမက ရှိနေပါပြီ။
ယခင် စစ်အစိုးရလက်ထက်က တပ်မတော်နဲ့ ခရိုနီအသိုင်းအဝိုင်းက ဥပဒေစိုးမိုးမှုမရှိတဲ့ အနက်ရောင် နယ်မြေမှာ လက်နက်ကိုင်များနဲ့ လက်ဝါးချင်ရိုက် လုပ်ကိုင်ခဲ့ကြပေမယ့် ယခု ပွင့်လင်းလာတဲ့အချိန်မှာ ပြဿနာများစွာ ရှိနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။
“အရင်တုန်းက ဗိုလ်ချုပ်တဦးကို နာမည်ရှယ်ယာ ထည့်ပေးရင် လုပ်ကွက်တွေ ချပေးတယ်။ နောက် ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းဆို လုပ်ခွင့်ရသွားတယ်။ အဲဒီနေရာတွေဟာ ကျောက်စိမ်းကြော တကယ်ကောင်းတဲ့ နေရာတွေ” လို့ ကျောက်စိမ်းလုပ်ငန်းရှင် တဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ ၁၉၈၀ နောက်ပိုင်းမှ ကုမ္ပဏီတွေကို တူးဖော်ခွင့် ပေးခဲ့တာပါ။ ကုမ္ပဏီတွေ အများအပြား ဝင်လာတာကတော့ ၁၉၉၃-၁၉၉၄ ခုနှစ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ယူပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းရေးဗန်းပြ ကုမ္ပဏီတွေပါ။ လုပ်ကွက် တော်တော်များများ ရထားတာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နာမည်ပါတဲ့ ပအို့ဝ်တိုင်းရင်းသား ကုမ္ပဏီက လုပ်ကွက်အပြင် လုပ်ကိုင်ခွင့်လည်း တော်တော်ရတယ်လို့ ဒေသခံ ကျောက်လုပ်ငန်းရှင်တွေက ပြောပြပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်းမှာ ပုဂ္ဂလိက ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ ၆၁၇ ခုနဲ့ လုပ်ကွက်ပေါင်း ၇၈၁၂ ကွက် ရှိပြီးတော့ အစိုးရနဲ့ အကျိုးတူ ကျောက်မျက် ကုမ္ပဏီမှာ ၂၂၁ ခု၊ လုပ်ကွက်ပေါင်း ၃၀၁ ကွက် ရှိပါတယ်။
ကျောက်စိမ်းကုမ္ပဏီ အများစုဟာ စစ်တပ်နဲ့ ဆက်သွယ်နေသူ၊ တရုတ် ကျောထောက်နောက်ခံ ပြုထားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး အဖိုးတန် ကျောက်စိမ်းတွေဟာ တရားမဝင် လမ်းကြောင်းကနေ တဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိကုန်တယ်လို့ မြန်မာ့ကျောက်စိမ်း ကုန်သွယ်မှုကို လေ့လာနေတဲ့ Global Witness ရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့ The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲများကြောင့် ၁ နှစ်ကျော် ၂ နှစ်နီးပါး ရပ်နားထားတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်တွေကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကုမဏီ ၃၆ ခုသာ လည်ပတ်နေသေးတယ်လို့ ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာနက သိရပါတယ်။
ဆိပ်မူအခြေစိုက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတခုရဲ့ ဒါရိုက်တာ တဦးကတော့ ကျောက်မျက် တူးဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟာ စစ်တပ်နဲ့ KIA တိုက်ပွဲတွေ ပြန်ဖြစ်လို့ လုပ်ငန်းခွင်တွေ ပြန်ရပ်ရင် အရှုံးများနိုင်တယ်၊ ဒါကြောင့် ကုမ္ပဏီအများစုက မလုပ်ရဲသေးတာပါလို့ ပြောပြပါတယ်။
အခုလက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေ အများစုက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကုမဏီတွေ အများစုဖြစ်ပြီး ငွေဖြူငွေမည်း ကိစ္စတွေနဲ့ ဆက်စပ်နိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ခန့်မှန်းကြပါတယ်။ တိုင်းရင်းသားကုမ္ပဏီ တချို့ဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ ခရိုနီတွေရဲ့ လုပ်ကွက်တွေကို နှုတ်ကတိတွေနဲ့ အရောင်းအဝယ်လုပ်ပြီး လုပ်ကိုင် နေကြတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
ယခင်က ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များ ကုမ္ပဏီထောင်ပြီး လုပ်ကိုင်ခွင့်ရဖို့ ခက်ခဲပေမယ့် သတ္တုတွင်း ဥပဒေသစ် ပေါ်လာရင် ဥပဒေနဲ့အညီ ရင်နှီးမြှုပ်နှံကြရတော့မှာ ဖြစ်ပါတယ်။ ဒေသခံတိုင်းရင်း သားကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများလည်း လုပ်ပိုင်ခွင့် ရရှိတော့မှာ ဖြစ်တဲ့အတွက် အများပိုင်ကုမ္ပဏီတွေ ထောင်ဖို့ ပြင်ဆင်နေတဲ့သူတွေလည်း ရှိနေပါတယ်။
ဒါကြောင့် တပ်မတော်နဲ့ ခရိုနီအသိုင်းအဝိုင်းတို့အတွက် ယခင်က အရည်အသွေးကောင်း ကျောက်စိမ်းများစွာကို အခွန် သိန်းထောင်ချီ မဆောင်ဘဲ ရောင်းခွင့်ရတဲ့ အနေအထား ကုန်ဆုံးတော့မယ်လို့ ဆိုနိုင်ပါတယ်။
ပွင့်လင်းလာတဲ့ အနေအထားမှာ ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ သတ္တုတွင်း ဥပဒေတို့မှာလည်း အငြင်းပွားစရာဖြစ်နေဆဲ ဖြစ်နေတာမို့ ကျောက်စိမ်းကုမ္ပဏီ အများစုဟာ မရင်းနှီး မမြှုပ်နှံသေးတာ ဖြစ်နိုင်တယ်လို့ ကျောက်စိမ်းကုမ္ပဏီ ပိုင်ရှင်တဦးက ပြောဆိုပါတယ်။
ယခင် စစ်တပ်ဗိုလ်ချုပ် ရှယ်ယာများနဲ့ လည်ပတ်ခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီများနဲ့ သူဌေးကြီးများ ပိုင်ဆိုင်တဲ့ ကျောက်စိမ်းကုမ္ပဏီများဟာ ကျောက်စိမ်း ရင်းနှီးမြှုပ်နှံမှုကနေ တဖြည်းဖြည်း ဆုတ်ခွာသွားနိုင်မည့် အနေအထား တွေ့ရပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက ဦးတေဇ ပိုင်ဆိုင်တဲ့ ထူးကုမ္ပဏီရဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တချို့ကို ‘ဝ’ လက်နက်ကိုင် အဖွဲ့ရဲ့ ကုမ္ပဏီတခုကို ရောင်းချခဲ့ကြောင်း ၂၀၁၂ ခုနှစ်က KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နဲ့ တွေ့ဆုံစဉ် ပြောဆိုဖူးပါတယ်။ ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ မက်စ် တူးဖော်ရေးကုမ္ပဏီကတော့ ၂၀၀၉ ခုနှစ်မှာ တန်နဲ့ချီတဲ့ အရည်အသွေး ကျောက်စိမ်း ရရှိပြီးတဲ့နောက်မှာ ကျောက်ကောင်း သိပ်မရတော့ပါဘူး။ ဘောလုံးကလပ်ရဲ့ ညစာ စားပွဲတခုမှာ ဦးဇော်ဇော်က ဖားကန့်က လုပ်ကွက်တွေ နားဖို့တောင် စဉ်းစားနေတယ်လို့ ပြောဆိုဖူးပါတယ်။
ကျောက်စိမ်းနဂါးကတော့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလကတည်း မြေအောက်မှာ ကြွက်တွင်းများသဖွယ် ဥမင်များတူးကာ ဖားကန့်မြို့အောက်၊ သချႋုင်းကုန်းအောက်ပါမကျန် အဖိုးတန်ကျောက်စိမ်းများ ထုတ်ယူပြီးနောက် သိပ်နာမည်မထွက်တော့ပါ။ တခြားကျောက်မျက် ကုမ္ပဏီလောက် ရင်းနှီးမြှုပ်နှံမှု သိပ်မရှိတော့ပဲ ပုံမှန်လောက်တာ တူးဖော်ခဲ့ပါတယ်။
လက်ရှိအနေအထားရလည်း ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ၊ အတည် မပြုသေးသည့် သတ္တုတွင်း ဥပဒေများဟာ အငြင်းပွားဖွယ်ရာ အခြေအနေများ ရှိနေတဲ့အပြင် စစ်တပ်နဲ့ KIA တို့ရဲ့ တိုက်ပွဲအခြေအနေနဲ့ အဓိက ဖောက်သည်ဖြစ်တဲ့ တရုတ်ကုန်သည်တို့၏ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကြောင့် အခွန်တိုး ကောက်နေသည့် ပြသာနာတို့က စစ်တပ်အသိုင်းနှင့် ခရိုနီတို့အတွက် ကျောက်စိမ်းလုပ်ငန်းမှာ ဆက်လက် ရင်းနှီးမြုပ်နှံဖို့အတွက် စဉ်းစားရတော့မယ့် အနေအထား ဖြစ်နေပါတော့တယ်။