ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုဝင်ဘာလမှာ ဖွင့်မယ် လို့ ရည်ရွယ်ထားတဲ့ စတော့ဈေးကွက်ကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေလို့ ဒီဇင်ဘာလထဲမှာ စတော့ဈေးကွက် ပြောင်းလဲဖွင့်လှစ်ဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။
လတ်တလော စတော့ဈေးကွက်မှာ စာရင်းသွင်းပြီး အစုရှယ်ယာတွေ ရောင်းချကြမယ့် Listed ကုမ္ပဏီတွေနဲ့ စတော့အရောင်းအဝယ် ကြားခံဆောင်ရွက်ပေးမယ့် ဝန်ဆောင်မှု ကုမ္ပဏီတွေကို ကြီးကြပ်မယ့် စတော့အိတ်ချိန်း ကော်မရှင် SEC ကို ဖွဲ့စည်းပြီး ဖြစ်ပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာနက စတော့ အရောင်းအဝယ် ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေကို လိုင်စင် လျှောက်ထားဖို့ ခေါ်ယူထားပြီး စတော့ဈေးကွက်မှာ စာရင်းဝင်ပြီး ရှယ်ယာတွေ ရောင်းချကြမယ့် အများပိုင် ကုမ္ပဏီတွေ အတွက် လိုက်နာမယ့် စံနှုန်းသတ်မှတ်ချက် Listing Criteria တွေလည်း စတော့ အိတ်ချိန်း ကော်မရှင်က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် လက်တွေ့ အကောင် အထည် ဖော်ဖို့ အခက်အခဲများစွာ ရှိနေချိန်မှာ စတော့အိတ်ချိန်းကြီး တခုဖြစ်လာဖို့၊ ရင်းနှီးမြှုပ်နှံသူ တွေလည်း ပါဝင်လာပြီး ရှယ်ယာတွေ ရောင်းကြ ဝယ်ကြဆိုတာမျိုး ဖြစ်လာဖို့ဆိုရာမှာ စိန်ခေါ်မှုတွေက များစွာ ရှိနေဆဲပဲလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။
စတော့အိတ်ချိန်း ဈေးကွက်ကြီးမဖွင့်မီနဲ့ ဖွင့်ပြီးတဲ့နောက်ပိုင်း ထွက်ပေါ်လာမယ့် အခက်အခဲတွေနဲ့ မေးခွန်း ထုတ်စရာ တွေလည်း အများအပြား ပေါ်ထွက်လာဖို့ရှိ နေပါတယ်။
အဲဒီ မေးခွန်းတွေကတော့ စတော့ရှယ်ယာ အရောင်းအဝယ် ဝန်ဆောင်မှု ပေးမယ့် ကုမ္ပဏီ အမျိုးအစား ၄ မျိုးမှာ ကုမ္ပဏီအရေအတွက် ဘယ်လောက်ကို ဘယ်လို လိုင်စင်တွေ ချပေးမလဲ၊ စတော့အိတ်ချိန်း ကော်မရှင်က သတ်မှတ်လိုက်တဲ့ သတ်မှတ်ချက်တွေနဲ့ အညီ စတော့ဈေးကွက်မှာ ဝင်ရောက်နိုင်မယ့် အများပိုင်ကုမ္ပဏီ အရေအတွက် ဘယ်လောက် ရှိလာမလဲ၊ လက်ရှိ စံနှုန်းတွေ အပြင် စတော့အိတ်ချိန်းက ဘယ်လို သတ်မှတ်ချက်တွေ ထပ်ထုတ်ပြန်ဦးမလဲ၊ ဝန်ဆောင်မှု ကုမ္ပဏီ အရေအတွက်ကို စတော့ရှယ်ယာ အရောင်းအဝယ် ကုမ္ပဏီအချိုးနဲ့ ဘယ်လို ချိန်ကိုက်ပြီး လိုင်စင်ချပေးမလဲ ဆိုတာတွေပါ။
စတော့အိတ်ချိန်းမှာ ရှယ်ယာ အရောင်းအဝယ် လုပ်မယ့် ကုမ္ပဏီနည်းပြီး ဝန်ဆောင်မှု ကုမ္ပဏီများ သွားရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်မလဲ၊ ရင်းနှီးမြှုပ်နှံသူတွေဘက်က အကာအကွယ်ပေးရေး ဘယ်လို စံသတ် မှတ်ချက်တွေ ထုတ်ပြန်ထားမလဲ။ ရှယ်ယာအရောင်းအဝယ် စာရင်းတင်သွင်းမယ့် ကုမ္ပဏီနည်းရင်း ရင်းနှီးမြှုပ်နှံသူတွေဘက်က ရွေးချယ်စရာ အခွင့်အရေးနည်းမလား စတဲ့ မေးခွန်းတွေက မြန်မာ့ စတော့ ရှယ်ယာဈေးကွက် ဖွံ့ဖြိုးရေး အတွက် အခရာကျတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေမူတည်ပြီး လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေက ရှယ်ယာ ဈေးကွက် ဖွံ့ဖြိုး တိုးတက်လာရေးကို အကြီးအကျယ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
အဓိကအကျဆုံး စိန်ခေါ်မှုကတော့ စတော့အိတ်ချိန်း အတွေ့အကြုံ ဘယ်လောက်ရှိလဲ ဆိုတာ ဖြစ်ပါတယ်။ Listed ကုမ္ပဏီတွေရော၊ ဝန်ဆောင်မှု လုပ်မယ့် ကုမ္ပဏီတွေရော၊ ရင်းနှီးမြှုပ်နှံမယ့် သူတွေရော စတော့ရှယ်ယာ ဈေးကွက်နဲ့ ပတ်သက်လို့ အတွေ့အကြုံ လုံးဝ မရှိသေးတာပဲ ဖြစ်ပါတယ်။
စတော့ဈေးကွက် ဆိုင်ရာ အတွေ့အကြုံရှိတဲ့ THURA SWISS ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အောင်သူရက “စိန်ခေါ်မှုက စတော့ဈေးကွက်ကို ကျွမ်းကျင်တဲ့သူ မရှိတာဘဲ။ Service Provider တွေ ကိုယ်တိုင်က ဒီလုပ်ငန်းကို မလုပ်ဖူးဘူး။ ဝန်ထမ်းတွေကလည်း ကျွမ်းကျင် ဝန်ထမ်း မရှိဘူး။ နောက်တခုက Invester တွေကလည်း ကျွမ်းကျင်မှု မရှိဘူး၊ စတော့ဈေးကွက်ဆိုတာ ကြားရုံပဲ ကြားဖူးတာ။ ကိုယ်ကိုယ်တိုင် မရင်းနှီးဖူးတဲ့ သူတွေက များနေတယ် လေ။ ဒါတွေကတော့ အဓိက စိန်ခေါ်မှုလို့ ပြောလို့ ရပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ်ကလည်း စတော့ဈေးကွက် ဖွင့်လှစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးကြီးမားမား သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ စတော့အိတ်ချိန်းကို လာမယ့် ရွေးကောက်ပွဲပြီးမှ ဖွင့်မှာဖြစ်တာမို့ အကယ်၍ ရွေးကောက်ပွဲမှာ အဖြစ်အပျက်တွေက ချောချော မွေ့မွေ့ မဟုတ်ခဲ့ဘူးဆိုရင် စတော့ဈေးကွက်ဖွံ့ဖြိုးဖို့ အရှိန်ယူနေရတဲ့ အပေါ် ရိုက်ခတ်မှာ အမှန်ပါပဲ။
စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက “နိုင်ငံရေး မတည်ငြိမ်ရင်တော့ ဘယ်ဈေးကွက်မှ ဖွံ့ဖြိုးမှာ မဟုတ်ဘူး။ နိုင်ငံရေး မတည်ငြိမ်ရင် ဖွံ့ဖြိုးမှာ တခုပဲရှိတယ်။ မှောင်ခိုဈေးကွက်ပဲ ဖွံ့ဖြိုးမယ်၊ နိုင်ငံရေး တည်ငြိမ်မှသာ အစုရှယ်ယာ ဈေးကွက်တွေ အပါအဝင် တရားဝင်ဈေးကွက်တွေ ဖွံ့ဖြိုးမယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲက အရေးကြီးပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေး အခြေအနေတွင် အပြင် စတော့ ဈေးကွက်မှာ စာရင်းဝင်ပြီး ရှယ်ယာတွေ ရောင်းမယ့် အများပိုင် ကုမ္ပဏီ တွေက ဘယ်လောက်အထိ လုပ်ငန်းတွေ စုံမလဲဆိုတာလည်း ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့ အချက်တခုပါပဲ။
“ဈေးရုံကြီး တရုံဆောက်ထားတယ် ပေါ့။ လာတင်တဲ့ ဈေးတွေက အကုန်လုံး အုန်းသီး ငှက်ပျောသီး ဆိုလို့ရင် ဒီဈေးက အုန်း၊ ငှက်ပျောပွဲတန်း ဖြစ်သွားမှာပေါ့။ စတော့ဆိုတာတော့ Banking လည်း ပါမယ်၊ Infrastructure လည်းပါမယ်။ Retail လည်း ပါမယ်၊ ကုန်စည်အမျိုးမျိုး တင်ရောင်းနိုင်ဖို့ တင်ရမှာပေါ့။ Srevice ကုမ္ပဏီတွေ၊ အဲလိုင်းတွေ၊ Indrustry တွေ အစုံပေါ့” လို့ စတော့ဈေးကွက် ကျွမ်းကျင်သူတဦးက ပြောပါတယ်။
လက်ရှိ မြန်မာပြည်မှာ အများပိုင်ကုမ္ပဏီ အရေအတွက် ၂၀ဝ ဝန်းကျင်ရှိတဲ့ အထဲက လုပ်ငန်းစုံတဲ့ FMI ကုမ္ပဏီတို့၊ မြန်မာ့ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ MAPCO တို့လို ကုမ္ပဏီတွေက စတော့ အိတ်ချိန်းမှာ စာရင်းဝင်နိုင်ဖို့ လုပ်ဆောင် နေတာတွေ ရှိတယ်လို့ သိရပါတယ်။
စတော့အိတ်ချိန်းကော်မရှင်ကတော့ Listing Criteria တွေ ထုတ်ပြန်အပြီး အောက်တိုဘာလ အတွင်းမှာ Listed ကုမ္ပဏီ အဖြစ် စိတ်ဝင်စားသူတွေ လာလျှောက်ဖို့ ခေါ်ယူထားပါတယ်။
မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ပေါ်လာရင် ပြည်တွင်း ဈေးကွက် အတွက်ပဲ ဖြစ်တာမို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာ အရောင်းအဝယ် လုပ်လို့ ရမှာမဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး စတော့ဈေးကွက်မှာ မြန်မာပြည်ရဲ့ ကုမ္ပဏီ တွေနဲ့ ပတ်သက်တဲ့ ရှယ်ယာတွေကို နိုင်ငံခြားသားတွေက ရောင်းကြ ဝယ်ကြ လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုကြတာ တွေလည်း ရှိပါတယ်။ ဒါက အခု အခြေအနေအရဆို မဖြစ်နိုင်တော့ ပါဘူး။
လတ်တလောမှာ Listed ကုမ္ပဏီနဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေကို လိုင်စင်ချပေးမယ် အခြေအနေက စတော့ ဈေးကွက်ကို စိတ်ဝင်စားနေသူတွေ စောင့်ကြည့်နေကြတဲ့ အချက်ပါ။ ဝန်ဆောင်မှုကုမ္ပဏီ အမျိုးအစား ၄ မျိုး သတ်မှတ်ထားတဲ့ နေရာမှာ Under-writer လို့ခေါ်တဲ့ စတော့ စာရင်းဝင် listed အများပိုင် ကုမ္ပဏီတွေရဲ့ ရောင်းချလိုတဲ့ ရှယ်ယာပမာဏကို တာဝန်ယူ ဖြန့်ပေးရတဲ့ ကုမ္ပဏီ၊ Dealer လို့ ခေါ်တဲ့ ဝယ်ရောင်း ၂ ခုလုံး လုပ်ကိုင် နိုင်တဲ့ ကုမ္ပဏီ၊ Broker လို့ခေါ်တဲ့ ပွဲစားကုမ္ပဏီနဲ့ အကြံပေး ကုမ္ပဏီတွေ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှု ကုမ္ပဏီတွေကို စတော့အိတ်ချိန်း ကော်မရှင်က လိုင်စင်အတွက် လျှောက်လွှာခေါ်ယူ ခဲ့တုန်းက ၅၀ ကျော်လောက် လျှောက်လွှာတင်ထားတယ် လို့ သိရပါတယ်။
“ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေက များလာပြီး Listed ကုမ္ပဏီတွေက နည်းနေတဲ့ ပြဿနာတွေလည်း ရှိလာနိုင် တယ်။ လုပ်ပေးရမယ့် ကုမ္ပဏီ မရှိဘဲနဲ့ ဒါကို ထိုင်ကြည့်နေလို့ မဖြစ်ဘူး။ Listed ကုမ္ပဏီက တခုတည်း ရှိတာမျိုးကို Broker က ဆယ်ယောက်လောက်ဆို အဲ့လူတွေ ရန်ဖြစ်မှာပေါ့” လို့ စီးပွားရေး ကျွမ်းကျင်သူ တဦးက သုံးသပ် ပြောဆိုပါတယ်။
လာအိုနိုင်ငံတို့ ကမ္ဘောဒီးယားတို့လို စတော့ အိတ်ချိန်းဈေးကွက်ကို Listed ကုမ္ပဏီတခု၊ နှစ်ခုနဲ့ စမယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ရွေးချယ်စရာက အခွင့်အရေး နည်းပါးမှာ ပါ။ Listed ကုမ္ပဏီများပြီး ရင်းနှီး မြှုပ်နှံသူတွေ ဘက်က ရွေးချယ်စရာများဖို့လိုသလို ရင်းနှီးမြှုပ်နှံသူတွေ အတွက် အကာအကွယ်ပေးနိုင်တဲ့ အချက်တွေလည်း များများ လိုပါတယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
ဒီဇင်ဘာလမှ ဖွင့်မယ့် စတော့ဈေးကွက်ရဲ့ အခင်းအကျင်းဟာ ရွေးကောက်ပွဲ လွတ်လပ် မျှတစွာနဲ့ နိုင်ငံတကာ အလယ် မျက်နှာပန်းလှလှ ပြီးဆုံးနိုင်မှုနဲ့ များစွာ သက်ဆိုင်နေပါတယ်။ နိုင်ငံရေး မတည်ငြိမ်ရင် ဘယ်ဈေးကွက်မှ ဖွံ့ဖြိုးနိုင်မှာ မဟုတ်တဲ့ အတွက် စတော့ဈေးကွက် အပါအဝင် တရားဝင် စီးပွားရေး ဈေးကွက်တွေ ဖွံ့ဖြိုးဖို့က နိုင်ငံရေး တည်ငြိမ်မှုအပေါ် များစွာ မှီတည်နေတာ အသေအချာပါပဲ။ ။