စီးပွားရေး

AEC အတွက် ပြင်ဆင်ထားမှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးဟု ဆို

This article has been converted from Zawgyi One to Unicode

ယခုနှစ်ကုန်လျှင် စတင်တော့မည် ဖြစ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC) အတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထား မှုသည် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

AEC ဆိုင်ရာ ပညာပေးစကားဝိုင်းများ လုပ်ဆောင်နေသော ပါရမီ စွမ်းအင်အုပ်စု ကုမ္ပဏီမှအကြံပေး ဦးတင်ချိုက“ဝန်ကြီးဌာန တွေနဲ့ သွားဆွေးနွေးတော့ AEC ကိစ္စမှာ တော်တော်များများကတော့ ပြင်ဆင်ပြီးနေပြီလို့ ပြောလို့ရပါတယ်။ အခွန်အကောက်လျှော့တာတို့ အခွန်မဟုတ်တဲ့ အတားအဆီးတွေ ပယ်ဖျက်ပေးတာတို့ဘာတေို့ တော်တော်များများ ပြီးနေပါပြီ”ဟု ပြောသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC ဖြစ်လာလျှင် ဒေသတွင်းနိုင်ငံများကြား ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ အကောက်ခွန်အတားအဆီးမဲ့ လွတ်လပ်စွာ ဝင်ရောက်လာတော့မည်ဖြစ်ပြီး အကောက်အခွန် မဟုတ် သော အတားအဆီး အနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်ကြောင်းလည်း သိရသည်။

ဦးတင်ချိုက“အကောက်ခွန်မဟုတ်တဲ့ အတားအဆီးမျိုးတွေပေါ့။ အဲ့ဒီလို အတားအဆိးမျိုးတွေကျ ဒီက ၂၀၁၈ ခုထိ ယူသွားလို့ရ တယ်။ ယှဉ်ပြိုင်ခွင့်ကို အပြည့်ဖွင့်ပေးမယ်ဆိုရင် ဒီနိုင်ငံဘက်မှာ ပြင်ဆင်ထားပြီးသား မရှိသေးတဲ့ လုပ်ငန်းမျိုးက ထိခိုက်သွားနိုင် တယ်။ ဥပမာအားဖြင့် ဘဏ်လုပ်ငန်းလို ဟာမျိုးပေါ့။ အခုနိုင်ငံခြားဘဏ်တွေကို ပေးနေတာ၊ လက်လီဘဏ်လုပ်ငန်းမှ မဟုတ်တာ။ ဒါမျိုးကိုသာ ဖွင့်ပေးလိုက်မယ်ဆိုရင် ဟိိုဘက်က ကျင့်သားရပြီးသား နိုင်ငံခြားဘဏ်တွေနဲ့ ဘယ်ယှဉ်နိုင်မလဲ။ ဒါမျိုးကို အခွန် အကောက် မဟုတ်တဲ့ အတားအဆီးထဲမှာ ထည့်ထားလို့ရတာပေါ့”ဟု ပြောသည်။

အကောက်ခွန်ဦးစီးဌာနက ပြောကြားချက်အရဆိုပါက မြန်မာနိုင်ငံအနေဖြင့် AEC အတွက် အကောက်ခွန် လျှော့ချမှုသည် ၉၄ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဟု သိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဖွံ့ဖြိုးမှု နောက်ကျပြီး အာဆီယံသို့ ဝင်ရောက်မှုလည်း နောက်ကျသော နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ် စသော နိုင်ငံများသည် ၂၀၁၅ အကုန် AEC စတင်သည်နှင့် သတ်မှတ်ချက်များအတိုင်း အတားအဆီးမရှိ လျှော့ချရမည် မဟုတ်ဘဲ ၂၀၁၈ ခုနှစ်အထိ အချိန်ယူ၍ တဖြည်းဖြည်း လျှော့ချခွင့် ရရှိထားသည်။

AEC ဖြစ်လာပါက ပြည်ပမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အရင်းအနှီးများကအစ ကျွမ်းကျင်လုပ်သားများပါ အချင်းချင်းကြား ဝင်ရောက်လာတော့မည် ဖြစ်ရာ ပြည်တွင်း လုပ်ငန်းများ၊ ပြည်တွင်း ထုတ်ကုန်များအနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် လက်ရှိတွင် ပြည်တွင်းရှိ အများဆုံးသော လုပ်ငန်းများဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များသည် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်း များစွာကို လုပ်ကိုင်နေသူတဦးဖြစ်သော ဒေါက်တာ စိုးထွန်းက“SME တွေ ဖွံ့ဖြိုးလာအောင် ငွေကြေးနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ နည်းပညာနဲ့ ဈေးကွက် ဒါတွေ ပံ့ပိုးဖို့ လိုတာပေါ့။ ဒီက SME တွေက ဖွံ့ဖြိုးမှု မရှိသေးဘူး။ Home industry(အိမ်တွင်းမှု လုပ်ငန်း) အဆင့်ပဲ ရှိတာများတယ်။ free flow ဖြစ်ရင်တော့ ပြိုလဲနိုင်တဲ့ အနေအထားပေါ့။ လောလော ဆယ် တောင် AEC မဖြစ်ခင် သူ့ဟာသူပြိုလဲနေတာ။ ဖြစ်လာရင်တော့ ပိုပြီးရပ်သွားမယ့် အနေအထားရှိတယ်” ဟု ပြောဆိုသည်။

ယခုအနေအထားမျိုးတွင် ပြည်တွင်း အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် စိုးရိမ်စရာတခုဖြစ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ အကြံပေး ဒေါက်တာ ဂျော့စ်စိုးဝင်း က ပြောသည်။

၎င်းက“AEC လာတော့မယ်ဆို အစိုးရ ဌာနတွေက ဘယ်လောက်ပြင်ဆင်ထားလဲ မသိ။ နောက် ပုဂ္ဂလိက ကဏ္ဍက ဘယ်လောက် ပြင်ဆင်ထားလဲ မသိ။ အဲ့ဒါတခုတော့ ကျနော့်အနေနဲ့ စိတ်ပူတယ်ဗျ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ SME နဲ့ ပတ်သတ်ပြီး တော်တော် လေး ပြင်ဆင်ထားကြပြီးပြီ။ အဓိကကတော့ ပုဂ္ဂလိက SME လုပ်ငန်းရှင်တွေ လုပ်ငန်းသေးတွေအတွက် လိုအပ်တဲ့ ငွေကြေးကဏ္ဍ အရင်းအမြစ်က အရမ်းအားနည်းနေတာ။ လုပ်ငန်းသေးလေးတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်နေရတာ လုပ်မယ်ဆို ၉၅ ရာခိုင်နှုန်း လောက်က ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဖြစ်နေတာ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ သူများနိုင်ငံတွေမှာ ၅၀ ရာခိုင်နှုန်းလောက် အကူအညီရကြတာ။ ကိုယ့်ပိုက်ဆံက တဝက်ပေါ့။ ဒီမှာ မရှိဘူးဖြစ်နေတယ်”ဟုလည်း ပြောဆိုသည်။

အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်လာပါက ပြည်တွင်းမှ ထုတ်ကုန်များသည် ဈေးနှုန်း အရည်အသွေးမှအစ ဒေသတွင်းနိုင်ငံ များမှ ဝင်လာမည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန် တင်ပို့မှု များမလာဘဲ AEC နှင့်ထပ်တူ ပြည်ပ မှ သွင်းကုန်သာ များလာပါက ကုန်သွယ်ရေး လိုငွေပြမှုကို ပို၍ ဖြစ်စေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များဘက်က ပြောဆို သည်များလည်း ရှိသည်။

Loading