စီးပွားရေး

ပြုပြင်ပြောင်းလဲရေး အကန့်အသတ်ကို ဖော်ပြနေတဲ့ တကျော့ပြန် ဒေါ်လာမှောင်ခိုဈေးကွက်

This article has been converted from Zawgyi One to Unicode

ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံမှ ဘဏ်များက သန်းပေါင်းရာနှင့်ချီသော အမေရိကန်ဒေါ်လာများ မှောင်ခိုဈေးကွက်မှ ဝယ်ယူခဲ့ကြသည်ဟု ဘဏ်လုပ်ငန်းကဏ္ဍမှ သတင်းရင်းမြစ်များက ဆိုသည်။ စစ်အစိုးရ လက်အောက်တွင် အရှိန်အဟုန် ကောင်းခဲ့သည့် နည်းလမ်းတကျ ထိန်းချုပ်မှုမရှိသော ကုန်သွယ်ရေးစနစ်တခု ပြန်လည် ထွန်းကားလာပြီး ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်း ပြန်လှည့်သွားမည်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပိုမိုစိုးရိမ်လာကြသည်။

အသစ်ဖွံ့ဖြိုးစ ဘဏ္ဍာရေးစနစ်ကို ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုဖြစ်သော ကျပ်ငွေကို ကျားကန်ရန် ဗဟိုဘဏ်က အားထုတ်လာသည့် အချိန်တွင် ကုန်သွယ်ရေး လည်ပတ်မှုကို ဆက်လက် ထိန်းသိန်းနိုင်ရန်အတွက် တရားမဝင် ဒေါ်လာပွဲစားများထံမှ ဒေါ်လာငွေများ ဝယ်ယူခဲ့ရသည်ဟု ဘဏ်လုပ်ငန်းရှင်များက ပြောသည်။

“ကျပ်ငွေတန်းဖိုးကျဆင်းမှု အမှန်တကယ် ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ရဲ့ ငွေကြေးတန်ဖိုးတက်လာစေဖို့ ကျနော်တို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ ဈေးကွက်ပြန်ပေါ်လာတယ်။ ဘဏ်တွေကတဆင့် ငွေကြေး လွှဲပြောင်းမှုတွေလည်း မရှိတော့ဘူး။ ကျနော်တို့ ပြိုလဲလုနီးပါး အခြေအနေဖြစ်ခဲ့ပါတယ်” ဟု ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတဦးက ပြောသည်။

နိုင်ငံတကာငွေကြေး စနစ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ပြီး အရပ်သားတပိုင်း အစိုးရ အာဏာရရှိလာသည့် ၂၀၁၁ ခုနှစ်တွင်မှ စတင် လုပ်ဆောင်လာသည့် ပြုပြင်ပြောင်းလဲရေးများ၏ ထိခိုက်လွယ်မှုကို ထိုအဖြစ်အပျက်က ပြသနေသည်။

၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည့် ကျပ်ငွေကို ထိန်းကျောင်းမှုရှိသော နှုန်းရှင်စနစ် ထားရှိလိုက်သည့် ပြုပြင်ပြောင်းလဲရေးများ နောက်ပြန်လှည့်သွားခြင်း၏ အဓိက အကြောင်းမှာ နိုဝင်လာဘ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် အစိုးရ၏ ရပ်တည်ချက်ကို ထိခိုက်စေနိုင်မည့် ငွေကြေားဖောင်းပွမှု ပြဿနာကို ရှောင်လွှဲနိုင်ရန်ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

Reuters သတင်းဌာနက မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ မှတ်ချက် တောင်းခံခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ပါ။

၂၀၁၅ ခုနှစ် အစောပိုင်းမှ စ၍ ဗဟိုဘဏ်မှ သတ်မှတ်သည့် တရားဝင်ငွေလဲလှယ်နှုန်းနှင့် မှောင်ခိုဈေးကွက်မှ ပေးသည့် ဈေးနှုန်းက ကွာသည်ထက် ကွာလာခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ကာလအတွင်းတွင် နိုင်ငံတကာကုန်သွယ်ရေးက လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး သွင်းကုန်က ပို့ကုန်ထက် ပိုမိုများပြားလာခဲ့သဖြင့် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်းတွင် ကုန်သွယ်ရေး လိုငွေပြမှုက အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံအထိ မြင့်တက်သွားခဲ့ရသည်။ လွန်ခဲ့သော ၂ နှစ်ထက်စာလျှင် အမေရိကန်ဒေါ်လာ ၉၂ သန်းသာ လျော့နည်းကြောင်း အစိုးရမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလာခဲ့ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ကလည်း လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။

ဒေါ်လာငွေပြတ်လပ်မှု ကြာမြင့်လာပြီး နှစ်လယ်ပိုင်းတွင် ပိုမိုဆိုးရွားလာ၍ ပို့ကုန်သမားများကလည်း နောက်ဆုံးတွင် ကျပ်ငွေ တန်ဖိုးလျှော့ချမည်ကို မျှော်လင့်ထားခြင်း သို့မဟုတ် တရားဝင်ငွေလဲနှုန်းအတိုင်း မရောင်းချလိုခြင်းတို့ကြောင့် ဒေါ်လာငွေကို ကိုင်ထားခဲ့ကြသည်။

ဘဏ်များသည်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာက ဝိုင်းပယ်ဒဏ်ခတ်ထားခဲ့သည့် ကာလများအတွင်းကထဲက ငွေကြေး စနစ်တွင် ကောင်းစွာ ခြေခိုင်နေခဲ့သည့် ပွဲစားများကို အသုံးပြုခြင်းအားဖြင့် တရားမဝင်ဈေးကွက် အတွင်းသို့ ရောက်ရှိသွား ခဲ့ကြသည်။

“သူတို့က ဒါကို မှောင်ခိုဈေးကွက်လို့ခေါ်တယ်။ ဒါပေမယ့် ဒါက ဈေးကွက်အစစ်ပါ။ ဘဏ်တွေအနေနဲ့ ဥပဒေတွေအတိုင်း လုပ်ဖို့ အလွန်ခက်ပါတယ်” ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းမန်နေဂျာ တဦးဖြစ်သည့် ဦးဝင်းလွင်က ပြောသည်။

ရွေးချယ်စရာမရှိသော ဘဏ်များ

မြန်မာဘဏ် ၃ ခုမှ အမှုဆောင်များနှင့် Reuters က တွေ့ဆုံမေးမြန်းခဲ့ရာတွင် နိုင်ငံတကာ ကုန်သွယ်ရေးအတွက် ငွေပေးချေရမည့် ၎င်းတို့၏ ဖောက်သည်များအတွက် တရားမဝင်ဈေးကွက်မှ ဒေါ်လာများ ဝယ်ယူခဲ့သည်ဟု ပြောသည်။ အမည်များကို ဖော်ပြရန် ငြင်းဆန်ခဲ့ကြသော အဆိုပါ ပုဂ္ဂိုလ်များက ထိုအလေ့အထ ကျယ်ပြန့်လာနေသည်ဟု ဆိုသည်။

“ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ မှောင်ခိုဈေးကွက်ကို ပြန်သွားခဲ့ရတယ်” ဟု ပြည်တွင်း ဘဏ်တခုမှ နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။

ဘဏ်များက ပွဲစားများထံမှ တနေ့လျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ဝယ်ယူနေရသည်ဟု အဆိုပါ အမှုဆောင်များက ခန့်မှန်းခဲ့သည်။ တရားမဝင်ဈေးကွက်မှ ဝယ်ယူမှုက ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်းတွင် အမြင့်ဆုံးရောက်ခဲ့ပြီး တရားမဝင် ဈေးကွက်တွင် ဒေါ်လာဈေးက ၁၆ ရာခိုင်နှုန်းအထိ ပိုများနေခဲ့သည်။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့၏ ဖိအားပေးမှုကြောင့် ဗဟိုဘဏ်က ကျပ်ငွေကို ကာကွယ်ပေးခြင်းကို ဇူလိုင်လအတွင်းတွင် စွန့်လွှတ်လိုက်ပြီး ကျပ်ငွေတန်ဖိုး လျော့ကျခွင့်ပြုလိုက်ရသည်။ ဒေါ်လာ ဝယ်လိုအားလည်း တိုးလာခဲ့သည်။

ယခုနှစ်အတွင်းတွင် ကျပ်ငွေတန်ဖိုး ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် စွမ်းဆောင်ရည် အဆိုးဝါးဆုံး ထွန်းကားစ ငွေကြေးဈေးကွက်များထဲမှ တခုဖြစ်စေခဲ့သည်။

သို့သော်လည်း နိုင်ငံခြားဘဏ်များကို မြန်မာနိုင်ငံတွင် ဒေါ်လာရောင်းချခွင့်ပြုခြင်းကဲ့သို့ ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေးများ မရှိသည့် အတွက် တရားမဝင် ဒေါ်လာဈေးကွက်သို့ ပြန်လည် ရောက်ရှိသွားခြင်းသည် မလွဲမသွေ ဖြစ်လာရမည့် အကြောင်းတခု ဖြစ်သည်ဟု တချို့ ကုန်သည်များနှင့် ဘဏ်လုပ်ငန်းရှင်များက ပြောကြသည်။

“ဒီကိစ္စတခုလုံးက လားရာ မြန်မြန်ဆန်ဆန် ပြောင်းသွားနိုင်တယ်။ ဗဟိုဘဏ်က ဒေါ်လာထောက်ပံ့မှု (Supply) ကို ဘယ်ကို ကန့်သတ်တယ်ဆိုတာ ကျနော်တို့ အားလုံးသိပါတယ်။ သူတို့ကတော့ ပြီးသွားပါလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ မှာက အရံငွေ မရှိတော့ဘူး” ဟု မြန်မာဘဏ်တခုမှ အမှုဆောင်တဦးက ပြောသည်။

ယခု ဘဏ္ဍာရေးနှစ်ကုန်၌ ဗဟိုဘဏ်တွင် နိုင်ငံခြားအရံငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဝန်းကျင်ရှိလိမ့်မည်ဟု IMF က ခန့်မှန်းထားသည်။ နိုင်ငံခြားမှ သွင်းကုန်တန်ဖိုး၏ ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ဖြစ်သည်။ အမှန်တကယ်ရှိနေသည့် အရံငွေနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထုတ်ပေးရန် ဗဟိုဘဏ်က ငြင်းပယ်ခဲ့ပါသည်။

ပြည်ပကွန်ရက်

မြန်မာနိုင်ငံမှ ဘဏ်များက နိုင်ငံတကာ ကုန်သွယ်ရေးအတွက် စင်ကာပူနိုင်ငံတွင် ငွေစာရင်းများ ဖွင့်လှစ်ထားကြသည်။ အဆိုပါ ငွေစာရင်းများသို့ ဒေါ်လာငွေသွင်းရန်အတွက် ပွဲစားများသို့ မြန်မာကျပ်ငွေနှင့် ပေးချေဝယ်ယူရသည်ဟု ဘဏ်လုပ်ငန်း အမှုဆောင်များနှင့် ကုန်သည်များက ပြောသည်။ ထို့နောက် ပွဲစားများက စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှတဆင့် မြန်မာဘဏ်များ၏ နိုင်ငံရပ်ခြားမှ ငွေစာရင်းများသို့ ငွေလွှဲပြောင်းပေးကြသည်။

ထိုသို့ ပြုလုပ်နေသည်ကို သတိပြုခြင်းရှိ မရှိနှင့် တားဆီးရန် အားထုတ်ခြင်း သို့မဟုတ် တားဆီးရန် စီစဉ်ထားခြင်းများ ရှိ မရှိ စင်ကာပူငွေကြေး အာဏာပိုင်များသို့ မေးမြန်းခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပါ။

“သံသယဖြစ်ဖွယ်ရာ ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်ဖို့နဲ့ သတင်းပို့ဖို့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ လိုအပ်ပါတယ်” ဟု Monetary Authority of Singapore (MAS) က အီးမေးလ် တစောင်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲကလည်း ယခုကိစ္စတွင် တစိတ်တပိုင်း ပါဝင်နေနိုင်ပါသည်။

“အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ အခက်အခဲကတော့ သူတို့က ငွေတန်ဖိုးကျဆင်းသွားရင် ငွေကြေးဖောင်းပွမှု ဖြစ်လာမှာကို စိုးရိမ်နေကြတာပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ IMF ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် Yongzheng Yang က ဇွန်လအတွင်းတွင် ပြောကြားခဲ့သည်။

ဘဏ်များက မှောင်ခိုဈေးကွက်မှ ဒေါ်လာငွေ ဝယ်ယူခြင်း မပြုတော့လျှင် ပို့ကုန်သမားများနှင့် သွင်းကုန်သမားများက ငွေကြေးရောင်းဝယ်မှုကို ၂ ဦး ၂ဘက် သဘောတူညီချက်ဖြင့် တရားမဝင် ဆက်လက် လုပ်ဆောင်ကြလိမ့်မည်ဟု မြန်မာ အရှေ့တိုင်းဘဏ်နှင့် ရန်ကုန် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက် ကော်မတီ (Yangon Foreign Exchange Market Committee) ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

“ငွေလွှဲပြောင်းမှုတွေကို စနစ်တကျ စောင့်ကြည့်တာတွေ၊ အရေးယူဆောင်ရွက်တာတွေ မရှိပါဘူး” ဟု သူကဆိုသည်။

ထို့ကြောင့်ပင် ပြုပြင်ပြောင်းလဲရေး စတင်ချိန်တွင် ပထမဆုံး လိုင်စင်ရရှိခဲ့သည့် နိုင်ငံတကာဘဏ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာရေးကို အတားအဆီး ဖြစ်နေခဲ့ရသည်။

“ဗဟိုဘဏ်က တရားမဝင်မှောင်ခိုဈေးကွက်ကို ဖြိုခွဲပစ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပုံမှန် ငွေကြေးဈေးကွက်တခု တည်ထောင်ဖို့ မဖြစ်နိုင်ပါဘူး” ဟု မြန်မာနိုင်ငံတွင် မကြာသေးမီက လုပ်ငန်းများ စတင်ခဲ့သော နိုင်ငံခြားဘဏ်တခုမှ ငွေတိုက်ဌာန အကြီးအကဲက ပြောသည်။

Reuters သတင်းဌာနတွင် ဖော်ပြထားသော Antoni Slodkowski နှင့် Simon Webb တို့၏ Return of Dollar Black Market Shows Limits of Reforms ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။

Loading