ဦးတေဇ တည်ထောင်ထားသော အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် AGD ဘဏ်က ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တလျှောက် ၎င်းတို့ရရှိခဲ့သည့် အမြတ်အစွန်းမှာ သိသာစွာ နည်းပါးခဲ့သဖြင့် ရှယ်ယာရှင်များသို့ အမြတ်ဝေစု ခွဲဝေပေးနိုင်ခြင်းမရှိကြောင်း ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ပြုလုပ်သော AGD ဘဏ်၏ နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲတွင် ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
AGD ၏ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးသိန်းက “ဘဏ်ရဲ့ မြတ်စွန်းနိုင်မှု နည်းပါးခဲ့တဲ့အတွက် ရှယ်ယာရှင်များကို ယခုနှစ်အတွင်းမှာ အမြတ်ဝေစု ထုတ်ပေးခြင်းမပြုရန် ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်ခဲ့ရပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်။ ဒီနှစ်အတွက် ကျနော်တို့ရဲ့ စွမ်းဆောင်မှုဟာ ဝင်ငွေကျဆင်းသွားပြီး ကျေနပ်ဖွယ်ရာ မရှိဘူးလို့ ကျနော်ဝန်ခံပါတယ်။ အခွန်မထမ်းဆောင်မီ အသားတင်အမြတ်ဟာ ၁၁၂.၆ သန်းသာရှိတဲ့ အတွက်ကြောင့် ယခင်နှစ်က အသားတင်အမြတ်နဲ့ နှိုင်းယှဉ်လို့ရင် များစွာ လျော့နည်းသွားပါတယ်” ဟု ပြောသည်။
ဘဏ်၏ အမြတ်အစွန်း ရရှိငွေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၉၆၀၀ကျော် အထိ ရှိခဲ့ပြီး ပြီးခဲ့သည့်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ရရှိငွေ ကျပ် ၁၁၂ သန်းကျော်နှင့် ယှဉ်လျှင် အမြတ်အစွန်း လျော့နည်းသွားမှုပမာဏသည် ကျပ်သန်းပေါင်း ၉ ထောင်ကျော် အထိဖြစ်သည်ကို တွေ့ရသည်။
ယင်းသို့ အမြတ်အစွန်း သိသာစွာ လျော့နည်းသွားရသည့် အကြောင်းအရင်းများတွင် ပြည်တွင်းဘဏ်များ အချင်းချင်းကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းများ ပါဝင်သလို AGD ဘဏ်၏ လုပ်ငန်းတိုးချဲ့မှုနှင့် အရင်းအနှီးထည့်ဝင်နိုင်မှု မမျှတဖြစ်လာခြင်းတို့ ပါဝင်ကြောင်း ဦးစိုးသိန်းက ပြောသည်။
ပြည်တွင်းဘဏ်များ အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ အပ်နှံငွေများအပေါ် ပေးသည့် အတိုးနှုန်းများအပေါ် ပုံစံအမျိုးမျိုးနှင့် ပေးခြင်း၊ ဘဏ်များအကြား ငွေလွှဲဈေးကွက် လွှမ်းခြုံမှု အပြိုင်ဖြစ်လာစေရန် ဆောင်ရွက်မှုများအရ ယခင်ငွေ တရာကျပ်လျှင် ၁၅ ပြားနှုန်းကောက်ခံရာမှ ၅ ပြားနှုန်းအထိ လျှော့ချကောက်ခံခြင်း စသော အချက်များ ရှိခဲ့ကြောင်းလည်း ပြောသည်။
ဦးစိုးသိန်းက “လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ ကျနော်တို့ ဘဏ်ဟာ အလျှင်အမြန် တိုးတက်လာခဲ့ပါတယ်။ ပုံသေပိုင်ဆိုင်ပစ္စည်းတွေ ပိုဝယ်လာရတယ်။ ဘဏ်ခွဲတွေ ပိုဖွင့်လာရတယ်။ ရင်းနှီးငွေ ထပ်ပြီး တိုးမြင့်ဖို့ လိုအပ်လာပါတယ်။ လျှင်လျှင်မြန်မြန် တိုးတက်လာတဲ့ အဖွဲ့အစည်းနဲ့ ထည့်ဝင်မှုဟာ လိုက်လျောညီထွေ မဖြစ်တဲ့အခါမှာ ဝင်ငွေရှာနိုင်မှုကို ကန့်လိုက်သလိုက် ဖြစ်သွားပါတယ်။ ဒါက ကျနော်တို့ ဘဏ်တခုတည်းနဲ့ သက်ဆိုင်နေတဲ့ အရေးကြီးတဲ့ အကြောင်းတချက်ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ဒါမျိုး အခြေအနေကြုံပြီး မပြုပြင်နိုင်ရင် လာမယ့် နှစ်များမှာလည်း ဒီအခြေအနေမျိုး ဆက်လက်ကြုံတွေ့နိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
လက်ရှိ AGD ဘဏ်၏ ဥက္ကဌ ဦးသန်းရီကလည်း ၎င်းတို့ဘဏ်၏ အမြတ်အစွန်းများ လျော့ကျသွားမှုမှာ ပြည်တွင်းဘဏ်များ အချင်းချင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ခြင်းအပေါ် အဓိကထား ပြောဆိုသွားပြီး AGD ဘဏ်၏ စွမ်းဆောင်ရည်အပေါ်တွင် ကျေနပ်စရာ မရှိဟု ထင်လျှင်ထင်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ဘဏ်တွင် ယခုကဲ့သို့ အမြတ်အစွန်းများ လျော့ကျသွားမှုများနှင့်အတူ အမှုဆောင်ဒါရိုက်တာများ အပြောင်းအလဲလည်း ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်က အမှုဆောင်ဒါရိုက်တာ ၁၃ ဦးထဲမှ ဒေါ်သီတာဆွေ၊ ဦးသက်လွင်ရွှေ၊ ဦးဇာနည်လွင်မြင့်၊ ဒေါ်အိသဲတို့ ၄ ဦး နုတ်ထွက်သွားခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာ များစာရင်းတွင် ဥက္ကဌ ရာထူးကို ဦးသန်းရီကပင် တာဝန်ဆက်ယူပြီး ဦးတေဇ၏ သား ဦးထူးထက်တေဇက အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ပါဝင်လာကြောင်း တွေ့ရသည်။
ဦးတေဇ တည်ထောင်သော AGD ဘဏ်တွင် လက်ရှိရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည်မှာ ဒေါ်သီတာဆွေပင် ဖြစ်ပြီး ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိရှိကာ ဦးတေဇ၏ အမတော်စပ်နေသူဖြစ်သည်။
ထို့ပြင် လက်ရှိ AGD ဘဏ်တွင် ဦးတေဇအမည်ဖြင့် ရှယ်ယာပိုင်ဆိုင်ထားမှု မရှိတေ့ာဟု ဘဏ်၏ အမှုဆောင်အသိုင်းအဝိုင်းမှ ပြောဆိုသည်။
ပြီးခဲ့သည့် နှစ်အတွင်းက AGD ဘဏ်၏ ရှယ်ယာများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးများက ၆၀ ရာခိုင်နှုန်း ဝယ်ယူမည်ဆိုသည်ကို ဦးတေဇကိုယ်တိုင်က ယင်းကိစ္စအပေါ်တွင် ပြန်လည် စဉ်းစားသုံးသပ်နေကြောင်း ပြောဆိုခဲ့ဖူးသည်။ ဦးနေဝင်း၏ မြေးများပြောသည့် ရှယ်ယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်း ဝယ်ထားသည်မှာ မဟုတ်ပဲ ၁၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း ပြန်လှန် ပြောဆိုမှုများ ရှိခဲ့သည်။
ဘဏ်အမှုဆောင်ဒါရိုက်တာများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ဦးနေဝင်း၏ မြေးများ ဘဏ်၏ ၁၅ ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်မှုကို အတည်ပြုပေးသည်။
AGD ဘဏ်၏ အမြတ်အစွန်း လျော့နည်းသွားမှုသည် ဦးတေဇပိုင် လေကြောင်းလိုင်းဖြစ်သော Air Bagan လေကြောင်းလိုင်း အရှုံးခံပြေးဆွဲနေရမှု၏ ရိုက်ခတ်ချက်လည်း ပါဝင်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ပြောဆိုကြသည်။