စီးပွားရေး

မြန်မာ့ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှု ရွေးကောက်ပွဲရလဒ်ပေါ် မှီတည်

This article has been converted from Zawgyi One to Unicode

ရာစုနှစ်ဝက် နီးပါးကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး အရပ်သား တပိုင်းအစိုးရ ဖွဲ့စည်းနိုင်ခဲ့သော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲတခုကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်တော့မည်ဖြစ်သည်။ ယခုရွေးကောက်ပွဲသည် စစ်အာဏာရှင်ဟောင်းများက ရလဒ်ကို အသိအမှတ်မပြုခဲ့သည့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် ပွင့်လင်းမြင်သာမှု အရှိဆုံး ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးတံခါးဖွင့်လိုက်ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းနှင့် အတူ ပထဝီ နိုင်ငံရေး အရ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့က အရှေ့တောင်အာရှ ပင်မကုန်းမြေမှ အကြီးမားဆုံး နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာသည့်အတွက် စီးပွားရေး တိုးတက်မှု အကျိုးအမြတ် အချို့ ရရှိခဲ့သည်။

ရွေးကောက်ပွဲအတွက် အရေးကြီးသည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာ ရှုမြင်ချက်

အခြေခံ အဆောက်အဦးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိလာခြင်း၊ စရိတ်နည်းသည့် ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းတို့ကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ပျမ်းမျှ ၇ ရာခိုင်နှုန်းကျော်တွင် နှစ်စဉ်ရှိနေခဲ့သည်။ စီးပွားရေးတိုးတက်မှုက ယခုနှစ်တွင် ၈.၃ ရာခိုင်နှုန်းနှင့် ၂၀၁၆ ခုနှစ်တွင် လည်း ထိုပမာဏ နီးပါးဖြစ်လိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ခန့်မှန်းထားသည်။ သို့သော်လည်း နိုင်ငံသားတဦးချင်း၏ ပျမ်းမျှဝင်ငွေမှာ ယမန်နှစ်က အမေရိကန် ၁၁၉၈ ဒေါ်လာ(လက်ရှိငွေလဲနှုန်းဖြင့် မြန်မာကျပ်ငွေ တသိန်းခွဲခန့်) သာရှိခဲ့ သည့်အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံထက် ၅ ဆမျှ နည်းနေသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းပြည် ဆက်လက်တည်ငြိမ်နေရန်နှင့် နောက်တက်လာမည့် အစိုးရက ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ရန် အရေးကြီးပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားခြင်းက မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနှင့် တံခါးဖွင့်လိုက်သည်။ ၂၀၀၉ ခုနှစ် မှ ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆယ်ဆ မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ အထိဖြစ်လာခဲ့သည်ဟု နိုင်ငံတကာရေးရာ ပညာရှင်အဖွဲ့အစည်းတခုဖြစ်သည့် Chatham House ၏ အဆိုအရသိရသည်။ Total SA ၊ Telenor ASA မှ Coca-Cola Co အထိ ကုမ္ပဏီများ ဝင်ရောက်လာသည့် အချိန်တွင် မရေရာသော ရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ အခြေခံ အဆောက်အဦး ညံ့ဖျင်းမှုနှင့် နိုင်ငံရေး အခြေအနေ စိုးရိမ်စရာများက စိတ်အားထက်သန်မှု အချို့ကို လျော့ကျစေသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲက စိတ်ဝင်စားမှုများ ပြန်လည်မြင့်တက်လာစေရန် အထောက်အကူ ပြုမည်ဖြစ်သည်။ အဓိက ပါတီကြီး ၂ ခု လုံးကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်နေရသည့် အတားအဆီး အချို့ကို ဖယ်ရှားပေးမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေတခုကို အသစ်ပြန်လည် ပြဌာန်းနိုင်ရန် ဦးစားပေးမည်ဟု ပြောခဲ့ကြသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်

မြန်မာနိုင်ငံလူဦးရေ ၅၂ သန်း မှ သန်း ၃၀ ခန့်က လွှတ်တော် ၂ ရပ်ရှိ ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦး၏ ၄ ပုံ ၃ ပုံကို မဲပေး ရွေးချယ်ခွင့် ရရှိကြမည် ဖြစ်သည်။ ကျန် ၂၅ ရာခိုင်နှုန်းမှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် စစ်တပ်ကိုယ်စားလှယ်များ ဖြစ်ကြသည်။ သမ္မတရွေးချယ်ပုံစနစ်အရ လွှတ်တော် ၂ ရပ်မှ ရွေးချယ်သည့် သမ္မလောင်း ၂ ဦးနှင့် စစ်ဘက် ကိုယ်စားလှယ်များက အဆိုပြုသည့် သမ္မလောင်း ၁ ဦးထဲမှ မဲပေးရွေးချယ်မည်ဖြစ်သည်။ ထို့ကြောင့် သမ္မတသစ် ရွေးချယ်မှု နောက်ဆုံး အဆုံးအဖြတ်ကို ၂၀၁၆ ခုနှစ် အစောပိုင်းအထိ ပြုလုပ်နိုင်မည် မဟုတ်ပါ။

နိုင်ငံရေးတည်ငြိမ်မှု

အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၎င်းတို့ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ လူကြိုက်များမှုကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အကောင်းဆုံး အခွင့်အရေးရရှိနေသည့် အသွင် ရှိပါသည်။ သို့သော်လည်း အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်လာနိုင်ခြင်း မရှိသလို သမ္မတ ရွေးချယ်မှုအပေါ် သူ၏ သြဇာလွှမ်းမိုးနိုင်စွမ်းမှာလည်း လွှတ်တော် ၂ ရပ်လုံးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားသည့် စစ်တပ်၏ အရှိန်အဝါကြောင့် အကန့်အသတ် ဖြစ်နေသည်။

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်အုပ်ချုပ်ရေး တရားဝင် ရပ်ဆိုင်းသွားသည့် ၂၀၁၁ ခုနှစ် ကတည်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့သော်လည်း စစ်တပ်နှင့် နီးစပ်သော ဆက်သွယ်မှုများ ရှိနေသည့်အတွက် လူကြိုက်များမှု လျော့ကျခဲ့ရသည်။ အကယ်၍ အဓိကပါတီကြီး ၂ ခုလုံးက လုံလောက်သည့် ကိုယ်စားလှယ်အရေအတွက် မရရှိခဲ့လျှင် အစိုးရတခု ဖွဲ့စည်းနိုင်ရေးအတွက် ပါတီငယ်များနှင့် ပူးပေါင်းရန် လိုအပ်လာမည် ဖြစ်သည်။ ရွေးကောက်ပွဲက မတရားမှု စွပ်စွဲချက်များကြောင့် ထိခိုက်မှုရှိခဲ့လျှင် သို့မဟုတ် စစ်တပ်က ရွေးကောက်ပွဲရလဒ် အပေါ် ကျေနပ်နှစ်သက်မှု မရှိလျှင် နိုင်ငံရေးတွင် နောက်ထပ်ဝင်ရောက်စွက်ဖက်နိုင်သည့် အန္တရာယ်လည်း ရှိနေသည်။

ပထဝီနိုင်ငံရေးဩဇာ

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေသလို မြန်မာ-အိန္ဒိယ နယ်စပ်ကလည်း ကီလိုမီတာ ၁၅၀၀ ခန့် ရှည်လျားသည်။ အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီက မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ စီးပွားရေး အတွက် အရှေ့တောင်အာရှသို့ ထွက်ပေါက်အဖြစ် သတ်မှတ်ထားသည်။ သူ၏ Act East မူဝါဒ (အာဆီယံကဲ့သို့သော အရှေ့ဘက်မှ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရေး မူဝါဒ) တွင် အလေးထားရမည့် နိုင်ငံအဖြစ် သဘောထားခဲ့သည်။ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ကုန်သွယ်ခြင်း တိုးမြှင့်ရန် အခွန်များ လျှော့ချပေးဖို့လည်း သူ၏ အစိုးရက သဘောတူခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံနှင့် အခြားဈေးကွက်များသို့ ဆက်သွယ်ပေးနိုင်မည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းနှင့် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း တခုကိုလည်း ထောက်ခံခဲ့သည်။

တရုတ်နိုင်ငံအတွက်မူ ဥရောပနှင့် ဆက်သွယ်သည့် ကုန်သွယ်ရေး လမ်းကြောင်းဟောင်းများကို ပြန်လည်တည်ဆောက်လိုပြီး ရေနံတင်သင်္ဘောများ သွားလာရန် မလက္ကာရေလက်ကြားကို မှီခိုနေရခြင်းအား လျှော့ချလိုသည့် သမ္မတရှီကျင်ဖျင့်အတွက် မြန်မာနိုင်ငံက အရေးပါသည့် နေရာတခုဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ယူနန်ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်ပေးထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ ထိုပိုက်လိုင်းများမှတဆင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည် ဖြစ်သည်။ အစိုးရသစ်အနေဖြင့် တရားဝင်ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုနိုင်သော်လည်း အာရှ၏ အင်အားကြီး နိုင်ငံ ၂ ခု ၏ ငွေကြေးအပြင် သြဇာလွှမ်းမိုးမှုအတွက်ပါ အားထုတ်မှုများကြားတွင် ပါးနပ်စွာ ကစားတတ်ရန် လိုအပ်ပါသည်။ အမေရိကန်နှင့် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်း နိုင်ငံငယ်များလည်း ရှိနေသေးသည်။

ပြည်တွင်းတည်ငြိမ်မှု

နိုင်ငံမဲ့ ဖြစ်နေသည့် ရိုဟင်ဂျာ ၁ သန်းကျော် မဲပေးခွင့် မရရှိခဲ့ပါ။ ရိုဟင်ဂျာနှင့် အခြားမွတ်ဆလင်များကို အစိုးရက အလေးမထားသလို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ ပစ်မှတ်ဖြစ်နေသည်။ တိုင်းပြည်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်မှုများ ရှိနေသည်မှာလည်း ဆယ်စုနှစ် များစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကမကထပြု ဆောင်ရွက်ခဲ့သော်လည်း ယခုလအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့်သာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ခဲ့သည်။ အင်အားအကြီးဆုံး အဖွဲ့ ၂ ဖွဲ့ အပါအဝင် အခြား ၇ ဖွဲ့ ဆွေးနွေးရာတွင်ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် လက်မှတ်ထိုးရန် ငြင်းပယ်ခဲ့ကြသည်။ နယ်စပ်ဒေသများတွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရသည့် အတွက် တရုတ်၊ အိန္ဒိယ နိုင်ငံများနှင့် ဆက်ဆံရေး အဆင်မပြေမှုများ ရှိခဲ့သည်။ နောက်လာမည့် အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ပူးပေါင်းပါဝင်လာနိုင်ရေး အဓိက တာဝန်တရပ်အနေဖြင့် ကြိုးစားရတော့မည် ဖြစ်သည်။

(Bloomberg မှ Andrew Davis ၏ Myanmar’s Growth, Stability Hinge on General Election Result ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Loading