စီးပွားရေး

NLD အစိုးရသစ်လက်ထက်မှာ ဗဟိုဘဏ်လုပ်ပိုင်ခွင့် အပြည့်ရနိုင်ပါ့မလား

This article has been converted from Zawgyi One to Unicode

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်အနိုင်ရရှိသွားတာမို့ မကြာမီလူထုထောက်ခံမှုနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရရဲ့လက်ထက် မှာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့်မယ်ဆိုပြီး ကြွေးကြော်လုပ်ဆောင်ခဲ့ပေမယ့် သိသိသာသာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ အထူးသဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေမှာ တွင်တွင်ကျယ်ကျယ် ရှိခဲ့ပေမယ့် နိုင်ငံရဲ့ စီးပွားရေးတခုလုံးကို ဖွံ့ဖြိုးတိုးတက်ကြီးပွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

သမ္မတဦးသိန်းစိန်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေကတော့  နိုင်ငံရဲ့ အသေးစားအလတ်စား လုပ်ငန်းတွေအပေါ်အရေးပေးလုပ်ဆောင်မှုတွေ စတင်တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပဒေတွေ ထွက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေ စဖိတ်ခေါ်ခဲ့တာ၊ ငွေလဲနှုန်းတွေအပေါ် ယခင် ၁ဒေါ်လာ ၆ ကျပ်ခေတ်ကနေ ပြောင်းပြီး ဗဟိုဘဏ် ထိန်းချုပ်နှုန်းရှင် စနစ်နဲ့ ပြောင်းလဲလုပ်ဆောင်ခဲ့တာ၊ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လိုင်စင်ပေးခဲ့တာ၊ ပြည်ပ ဆက်သွယ်ရေးအော်ပရေတာတွေကို ပြည်တွင်းမှာ လုပ်ဆောင်ခွင့်ပေးနိုင်ခဲ့တာတွေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က သူရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေဟာ ထင်သလောက်များစွာ မဝင်ခဲ့ပါဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုက ၂၀၁၅ ရွေးကောက်ပွဲရလဒ် ဘယ်လို ဖြစ်မလဲဆိုတဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရရှိသွားပြီဖြစ်တာမို့  အစိုးရသစ်ဖွဲ့ပြီး စီးပွားရေးကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘယ်လိုမူဝါဒတွေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နံှမှုကို ဖိတ်ခေါ်မလဲဆိုတဲ့အဖြေပေါ်မှာမူတည်ပြီး နိုင်ငံစီးပွားရေး အပြောင်းအလဲ ဖြစ်ပေါ်မယ့် အလားအလာတွေရှိလာပါပြီ။

ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ပါတီ NLD ရဲ့ စီးပွားရေးမူဝါဒတွေမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ဆောင်သွားမယ်လို့ ဆိုထားသလို တိုင်းပြည်ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ခိုင်မာရေးတွေအတွက် လုပ်ဆောင်သွားမယ်ဆိုပြီး ကြေညာထားပါတယ်။
ဒီနေရာ မှာ နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးခိုင်မာရေးတွေအတွက် အဓိကကျတဲ့နေရာမှာ ရှိနေတာက ဗဟိုဘဏ် ဖြစ်နေပါတယ်။  NLD ရဲ့ စီးပွားရေးမူဝါဒမှာလည်း ဗဟိုဘဏ်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးမယ်လို့ ဆိုထားပြန်ပါတယ်။
နိုင်ငံငွေကြေးမူဝါဒနဲ့ ပတ်သတ်ပြီး ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ လုပ်နိုင် ကိုင်နိုင်ခွင့်တွေဟာ အခုလိုအချိန်မှာ အရေးကြီးလာပါပြီလို့ စီးပွားရေး ပညာရှင်တွေက ပြောဆိုကြပါတယ်။

စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက “အစိုးရတွေဆိုတာ ဘဏ္ဍာရေးလိုငွေရှိတယ်၊ ဘဏ္ဍာရေးလိုငွေကို အစိုးရ အလို ကျ လိုက်ပြီးတော့ ဖြည့်ဆည်းပေးနေရတာပေါ့။ ဗဟိုဘဏ်က လွတ်လပ်မယ်ဆိုရင် ဘဏ္ဍာရေးလိုငွေကို ဒီထက်တော့ ကျနော်တို့ မတတ်နိုင်တော့ဘူးဗျာ၊ ဒီထက်ဖြစ်လာရင် ကျနေ်ာတို့ Money Supply ကို ဒီလိုမြှင့်ရလိမ့်မယ်။ မြှင့်လိုက်တဲ့အတွက် လက်ရှိ ရှိနေတဲ့ တိုင်းပြည်ရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားထက် ငွေကြေးလည်ပတ်သုံးစွဲမှုက မြင့်သွားလိမ့်မယ်။ မြင့်ပြီဆိုရင် အလို လိုနေရင်းနဲ့  ငွေဖောင်းပွမှု တက်လာလိမ့် မယ်လို့ သူတို့ ပြောပိုင်ခွင့် ရှိလာမှာပေါ့။ ပြောရဲဆိုရဲရှိလာမှာပေါ့။ အခုဟာတော့ ပြောလို့လည်း ရချင်မှရမယ်။ လုပ်ပိုင်ခွင့်လည်း ရှိချင်မှ ရှိမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလိုငွေပြမှုဟာ လက်ရှိအစိုးရလက်ထက်မှာ ခန့်မှန်းခြေ ကျပ်ဘီလီယံ ၁သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ လိုငွေပြတယ်ဆိုတာက နိုင်ငံတော်ရဲ့ နှစ်အလိုက် အသုံးစရိတ်နဲ့ ရငွေမမျှတဘဲ အသုံးစရိတ်ပိုမိုများပြားပြီး လိုငွေပြခြင်းဖြစ်ပါတယ်။ လိုငွေပြမှု ဖြစ်စဉ်တွေမှာ နိုင်ငံတော် ဘက်ဂျတ်ရေးဆွဲစဉ်က သတ်မှတ် ငွေလဲနှုန်းထားနဲ့ တရိပ်ရိပ် မြင့်လာတဲ့ ငွေလဲနှုန်းကြား ကွာဟချက်ကြောင့် လိုငွေ ပိုမိုပြမှု ပိုမိုများပြားရတဲ့ အချက်လည်း တခုအပါအဝင်ဖြစ်ပါတယ်။

ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံတော် ဘက်ဂျတ်ရေးဆွဲစဉ်က ဗဟိုဘဏ်သတ်မှတ်နှုန်းကို ၁ ဒေါ်လာ ၁၀၂၀ နှုန်းနဲ့ ရေးဆွဲခဲ့တာပါ။ အခုလက်ရှိအချိန်မှာ  ၁ဒေါ်လာကို ၁၂၈၀ကျပ် ကျော် ဖြစ်နေပြီမို့ ငွေလဲနှုန်းကွာဟချက်အလိုက် အသုံးစရိတ်ဟာ ပိုမိုများပြားသွားပါတယ်။ ဒီနှစ်အတွက် ထပ်တိုးဘက်ဂျတ်တောင်းခံငွေစာရင်းမှာ ဒေါ်လာဈေးနှုန်း ကွာဟချက် ကြောင့် ထပ်မံတောင်းခံတဲ့ ပမာဏဟာ ၆၃၅ ဒသမ ၄၈၄ ကျပ်ဘီလီယံ ဖြစ်ပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာလမှာ ပြန်လည်စတင်တဲ့ လွှတ်တော်အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။

ဦးဝင်းရှိန်က “အရင် အရအသုံးစာရင်းမှာ တောင်းခံထားတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ ၁၀၂၀ နဲ့ တွက်ပြီး တောင်းခံခဲ့တာပါ။ အခုလက်ရှိ ငွေလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ၁၂၈၅ ကျပ်သို့ ရောက်ရှိ သွားလို့ ပြောင်းလဲတွက်ချက်တဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အရ နိုင်ငံခြားငွေသတ်မှတ်နှုန်း ကွာခြားချက်ကြောင့် ထပ်မံတောင်းခံရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါတွေက ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းအပေါ် တည်ငြိမ်အောင် ထိန်းကြောင်းနိုင်မှုနဲ့ များစွာဆိုင်သလို ဘဏ္ဍာရေးလိုငွေ ပြမှုတွေနဲ့ ပတ်သက်ရင်လည်း အစိုးရအပေါ်မှာ ပြတ်ပြတ်သားသား ပြောဆိုနိုင်မှုတွေနဲ့ ဆိုင်နေပါတယ်။

NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူလည်းဖြစ်၊  မြန်မာ့စီးပွားရေး စောင့်ကြည့်သူလည်းဖြစ်တဲ့ ဦးသန်းစိုး ( ဘောဂဗေဒ ) က “တကယ်တမ်းကျတော့ ဥပဒေအကြောင်းအရ စည်းမျဉ်းစည်းကမ်းတွေအရ လွတ်လပ်ပိုင်ခွင့် ရှိတယ် ဆိုတာကို ဖော်ပြထားသော်လည်း တကယ် operation မှာဆို မလွတ်လပ်တာမျိုးလေးတွေ တွေ့ရတယ်ဗျ။ ဥပမာ ငွေထုတ်တဲ့ ကိစ္စမျိုးလိုဆိုရင် ကျနော်တို့တော့ ဘတ်ဂျတ်လိုငွေ ဒီလောက် ပြနေပြီ။ ဘတ်ဂျတ်လိုငွေအတွက် ဘယ်လို ဖြစ် မလဲဆိုရင် ဒါက ဗဟိုဘဏ်ကို ပတ်သက်လာတာ၊ ဗဟိုဘဏ်က ဒါကို ကျနော်တို့တော့ ထုတ်လိုက်ရင် Inflation တော့ ထိတော့မယ်။ အဲဒီလို မလုပ်ပါနဲ့ ။ ဈေးကွက်ထဲမှာ ဘွန်းတွေ ရောင်းချင်ရောင်းလို့ ပြန်ပြောရမယ်ပေါ့ဗျာ” လို့ သုံးသပ် ပြောဆိုပါတယ်။

ဗဟိုဘဏ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ငွေကြေးလည်ပတ်မှုတွေမှာ အရေးပါနေသလို အိမ်နီးချင်းနိုင်ငံတွေ ကြားမှာ အတိုးနှုန်း မြင့်မားနေတဲ့ ပြည်တွင်း ဘဏ်တိုးနှုန်းအခြေအနေပေါ်မှာလည်း သူ့ရဲ့ကိုင်တွယ်မှုက အရေးပါပါတယ်။မြန်မာနိုင်ငံမှာ မကြာခင် ပေါ်ပေါက်လာဖို့ ရှိတဲ့ အရင်းအနှီးဈေးကွက် စတော့ရှယ်ယာ ဈေးကွက်ကို ဘဏ်တိုးနှုန်းမြင့်မှုက စိန်ခေါ်နေတယ်လို့ ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“ကျနော်တို့က ဘဏ်တိုးနှုန်းကို လျှော့နိုင်မှ တဖက်ကကြည့်ရင် အသေးစား အလတ်စားတွေ ထုတ်ချေးနိုင်မှ စီးပွားရေးက ပုဂလိကကဏ္ဍမှာ တိုးတက်မှာ။ နောက်တခု အစုရှယ်ယာဈေးကွက်ကြီးပေါ်လာတယ်ဆိုတော့လည်း အစုရှယ်ယာဈေးကွက်က ဘဏ်တိုးနှုန်းထက်မြင့်မှ ရင်းနှီးမြှုပ်နှံကြမှာပေါ့။ ဆိုတော့ အစုရှယ်ယာဈေးကွက်ကြီးပေါ်လာပြီး ဘဏ်တိုးနှုန်းကလည်း မလျှော့ နိုင်ဘူးဆိုရင် အစုရှယ်ယာဈေးကွက်မှာ စိန်ခေါ်မှုကပေါ်လာဦးမှာ”  လို့ ဆိုပါတယ်။ အစုရှယ်ယာ ဈေးကွက်က လာမယ့် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ တာဝန်တွေထဲမှာ ငွေလဲနှုန်းတည်ငြိမ်ရေးနဲ့ ကိုယ်နိုင်ငံငွေကြေး တန်ဖိုး မြင့်တက်လာအောင်လုပ်ဖို့ဆိုတာလည်း ရှိရမှာပါလို့  မြန်မာ့စီးပွားရေးလေ့လာသူ ဦးမြင့်သောင်းက ဆိုပါတယ်။

“ပြည်ပနိုင်ငံတွေရဲ့ ငွေကြေးနဲ့အတူတူ ဘတ်မှဘတ်၊ ရင်းဂစ်မှရင်းဂစ်၊ စင်္ကာပူဒေါ်လာမှ ဒေါ်လာ ဖြစ်သလို မြန်မာနိုင်ငံလည်း ကျပ်မှကျပ် ဖြစ်လာအောင် ကြိုးစားရမှာပေါ့။ကျပ်ငွေယူသွားရင် ထိုင်းလေဆိပ်မှာ ဘတ်နဲ့လဲလို့ရရမယ်ဗျာ။ စင်္ကာပူလေဆိပ် ရောက်ရင် ကျပ်နဲလဲလို့ရမယ်ဗျာ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ငွေကြေးတခုဖြစ်လာရမယ်ပေါ့။ အဲ့ဒီအထိ ဗဟိုဘဏ်က လုပ်နေ တယ်လို့ယုံကြည်တယ်။ ဒါကလည်း ဗဟိုဘဏ်တခုတည်းလုပ်လို့မရဘူး။ အနီးဆုံးက  Trade Policy ဗျ။ ဒီအချိန်မှာ ပို့ကုန်တွေ အများကြီး ပို့နိုင်နေရမယ်။ FDI ကလည်း ပို့ကုန်ထုတ်နိုင်တဲ့ Export Oriented   ဖြစ်တဲ့ ဟာတွေ အများကြီး လုပ်နိုင်ရမယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာငွေတန်ဖိုးက ကျနေပါတယ်။ငွေတန်ဖိုးကျတာနဲ့ အတူ ပို့ကုန် တင်ပို့မှုက သိသိသာသာ တက်မလာ ခဲ့ပါဘူး။ပို့ကုန်ထက် သွင်းကုန်က အားပိုပိုကောင်းလာတာမို့ ကုန်သွယ်ရေးလိုငွေပြမှုကလည်း များများလာပါတယ်။ ဒီလိုငွေ တွေအတွက် ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် ကြီးမားလာသလို ဒေါ်လာဈေးတွေက တက်ပြီး ကျပ်ငွေတန်ဖိုးက ကျမြဲ ကျနေခဲ့ပါတယ်။

ငွေလဲနှုန်းတည်ငြိမ်စေဖို့ ဈေးကွက်မှာ ဒေါ်လာတွေ ဖောဖော သီသီထုတ်ရောင်းနိုင်တဲ့ အခြေအနေ ဗဟိုဘဏ်မှာ ရှိဖို့ လိုပါတယ်။ ဒါပေမယ့် လက်ရှိဗဟိုဘဏ်မှာတော့ နိုင်ငံခြား အရန်ငွေဟာ လျော့ကျလာတယ်လို့ ကမ္ဘာ့ဘဏ်တို့ IMF တို့က ပြောဆိုထား ပါတယ်။ ဒီအတွက် အခုတက်မယ့် အစိုးရသစ်နဲ့ အတူတွဲလာမယ့် ဗဟိုဘဏ်ဟာ နိုင်ငံခြားအရန်ငွေ တိုးလာအောင် စုနိုင်ဖို့က လည်းအရေးပါပါတယ်။

ဒီတော့ လာမယ့် အစိုးရသစ်လက်ထက်မှာ ပြောင်းလဲဖွဲ့စည်း ဖို့ရှိနေတဲ့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ခိုင်မာပြီး တိုးတက်လာအောင် လုပ်ဆောင်စရာတွေ အများကြီးရှိနေပါတယ်။ နိုင်ငံ စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်ရေး အတွက်လည်း အဓိကခရာကျတဲ့ နေရာမှာ ဗဟိုဘဏ်က ရပ်တည်နေပါတယ်။ ဒါကြောင့်မို့ ပြောင်းလဲဖွဲ့စည်းဖို့ ရှိလာတဲ့ ဗဟိုဘဏ်ဟာ လွတ်လွတ်လပ်လပ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချပြီး နိုင်ငံငွေရေးကြေးရေးကဏ္ဍ ခိုင်မာဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။

Loading