ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၇၈ ရာခိုင်နှုန်းနဲ့ နိုင်သွားပြီးတဲ့အခါ အစိုးရကို လွတ်လွတ်ကျွတ်ကျွတ် တပါတီတည်းနဲ့ ဖွဲ့နိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံကို ချုပ်ကိုင်လာတဲ့ တပ်မတော်အနေနဲ့ အာဏာကို NLD နဲ့ ဝေမျှမယ့် အရိပ်လက္ခဏာတွေလည်း မြင်နေရပါတယ်။ NLD အနေနဲ့ တိုင်းပြည်စီးပွားရေးကို ပြန်ထူထောင်နိုင်ဖို့ အခွင့်အလမ်းလည်း ပေါ်လာပါပြီ။ ဒါကြောင့် မေးခွန်းက NLD အစိုးရဖွဲ့ရင် မြန်မာ့စီးပွားရေး ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာပါ။
ဆန်ရှင်ရုတ်သိမ်းရေး
NLD ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွင် “နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ နည်းပညာနှင့် ငွေရေးကြေးရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းရေး တွန်းအားပေးမည်”လို့ ဆိုထားပါတယ်။ ဒါပေမယ့် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု အလုံးအရင်း ဝင်ရောက်လာဖို့ အတားအဆီးကတော့ အမေရိကန်ရဲ့ ဆန်ရှင်လို့ လူသိကြတဲ့ ပိတ်ဆို့ဒဏ်ခတ်ခြင်းပါပဲ။
ရင်းနှီးမြှုပ်နှံချင်သူတွေအဖို့ မြန်မာ့နိုင်ငံရေး အနာဂတ်ကို စောင့်ကြည့်နေဆဲပါ။ စစ်တပ်ဟာ အရပ်သား NLD အစိုးရလက်အောက်မှာ လိုက်နာဆောင်ရွက်ပါ့မလားဆိုတာ သံသယကြီးနေဆဲပါ။ အမေရိကန်အနေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ခရိုနီတွေကို ပစ်မှတ်ထားပြီး စီးပွားရေးအရ ပိတ်ပင်ဒဏ်ခတ်မှုတွေရှိနေပေမယ့် တကယ်လို့ အရပ်သားအစိုးရဖွဲ့စည်းရေးနဲ့ အာဏာလွှဲပြောင်းရေး တကယ်ဖြစ်လာရင် ဦးသိန်းစိန်အစိုးရ တက်စတုန်းက စတင် လျော့ပေါ့ပေးခဲ့တဲ့ ဒဏ်ခတ်မှုကို ဆက်ပြီး လျော့ပေးမယ့် အလားအလာ ရှိနေပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်အစိုးရက စတင်အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကြောင့် စီးဝင်လာခဲ့တဲ့ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေလည်း ကမ္ဘာက လေးစားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးမယ့် အစိုးရလက်ထက်မှာ ပိုပြီး ဝင်လာကြနိုင်ပါတယ်။
အလုပ်အကိုင်ဖန်တီးရေး
ရွေးကောက်ပွဲကြေညာစာတမ်းက ဘယ်လောက်ပဲဆိုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ မစမ်းသပ်ရသေးတဲ့ စီးပွားရေးအရ စီမံကွပ်ကဲနိုင်စွမ်းကို စောင့်ကြည့်ဝေဖန်သူတွေက သံသယရှိကြပါတယ်။ ဒါပေမယ့် ပါတီဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို ဆက်လက်အရှိန်မြှင့်ဖို့ ပြည်တွင်းပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်အကြံပေးနေစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးပညာရှင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကြာမြင့်စွာကတည်းက တည်ဆောက်ထားခဲ့ပါတယ်။ ဥပမာ ပြည်တွင်းမှာဆို ဒေါက်တာဦးမြင့်၊ ပြည်ပကဆို ဩစတြေးလျက ရှောင်တာနယ်တို့ ပါဝင်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖီလာဒါးဖီးယားနဲ့ ဆန်ဖရန်စစ္စကိုက စီးပွားရေးဆိုင်ရာ တက္ကသိုလ် The Wharton School of the University of Pennsylvania နဲ့ အင်တာဗျူးတခုမှာ ရှောင်တာနယ်က NLD အစိုးရရဲ့ ဦးစားပေးတွေထဲမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက်ကြီးထွားရေးနဲ့ အလုပ်အကိုင်ဖန်တီးရေးတွေ ပါတယ်လို့ သူ ယုံကြည်ကြောင်း ပြောပါတယ်။ “ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်၊ အလုပ်၊ အလုပ်ပေါ့ဗျာ။ စီးပွားရေး မျက်နှာစာရဲ့ အားလုံးဟာ ဒီဟာတွေကို ဖန်တီးမယ့် ကိရိယာ တန်ဆာပလာတွေပါ” လို့ ရှောင်တာနယ်က ဆိုပါတယ်။ အခုဆို မြန်မာ့ဖွံ့ဖြိုးမှုနှုန်းဟာ ၈ ရာခိုင်နှုန်းလောက် ရှိနေတာမို့ တရုတ်၊လာအိုနဲ့ ထိုင်းတို့ထက် များနေပါပြီ။ ဒီနှုန်းကို ဆက်ထိန်းနိုင်ဖို့ ဒါမှမဟုတ် ဆက်တွန်းတင်နိုင်ဖို့ဆို အစိုးရဟာ “နိုင်ငံ့စီးပွားရေးရာတွေမှာ ဖွဲ့စည်းမှုဆိုင်ရာ အသွင်ပြောင်းရေး (structural transformation of the economy) ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုပါလိမ့်မယ်”လို့ အကြံပြုပါတယ်။
ဦးသိန်းစိန်အစိုးရဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလိုင်စင်တွေကို ချပေးရာမှာ ယခင်စစ်အုပ်ချုပ်ရေးနဲ့မတူ ပွင့်လင်းမြင်သာမှုရှိလာခဲ့ပြီး မိုဘိုင်းတယ်လီဖုန်း ကွန်ရက်တည်ဆောက်ရေးနဲ့ ဝန်ဆောင်မှုလိုင်စင်တွေကိုလည်း နိုင်ငံခြားကုမ္ပဏီ ၂ ခုကို ချပေးခဲ့ပါတယ်။ ဒါပေမယ့် ပါမစ်စီးပွားရေးလို့ခေါ်တဲ့ မြန်မာ့စီးပွားရေးကို စစ်ဘက် သို့မဟုတ် နိုင်ငံတော်အမည်နဲ့ ချုပ်ကိုင်ထားပြီး နီးစပ်ပတ်သက်ရာတွေနဲ့ လက်သင့်ရာ စားတော်ခေါ်မှုက ဆက်လက်တည်ရှိမြဲပါ။ ရှောင်တာနယ်က “စီးပွားရေးလုပ်ငန်းတွေကို နှစ် ၅၀ ကျော် ဘာမဆို လိုင်စင်အတွက် ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးယန္တရားတခုရဲ့ လှောင်အိမ်ထဲက လွတ်လပ်ခွင့် ပေးဖို့ လိုပါတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှောင်တာနယ်တို့လို ပြည်ပပညာရှင်တွေသာမက ဒေါက်တာဦးမြင့်တို့လို ဦးသိန်းစိန်ရဲ့ လက်ရှိ အကြံပေးတွေဆီကလည်း အကူအညီ ရနိုင်ပါသေးတယ်။ ဒါ့အပြင် Myanmar Development Resource Institute လို အစိုးရနဲ့ ဆက်နွယ်မှုရှိပေမယ့် ပညာရှင်တွေ စုစည်းထားတဲ့ အဖွဲ့က အကြံဉာဏ်ကောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် ယူမယ်ဆို ရနိုင်ပါတယ်။
တပ်အကျိုးစီးပွားနဲ့ ခရိုနီ
NLD ရွေးကောက်ပွဲကြေညာစာတမ်းရဲ့ စီးပွားရေးပေါ်လစီ အနှစ်ချုပ်က ဒေါက်တိုင်ကြီး ၅ ခုပါ။ နိုင်ငံတော်ဘဏ္ဍာကို တိုးပွားစေရေးနဲ့ အဂတိတရားတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးကို သန်စွမ်းလာဖို့ နိုင်ငံတော်အဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကတဆင့် ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဘဏ္ဍာရေးစနစ် ရင့်ကျက်ဖွံ့ဖြိုးလာစေရေးနဲ့ လမ်း တံတား လူထုဆက်သွယ်ရေးနဲ့ မြို့ပြစည်ပင်သာယာရေးစနစ်လို နိုင်ငံ့အခြေခံအဆောက်အဦးများ တည်ဆောက်ရေးတွေပဲ ဖြစ်ပါတယ်။
ဒီရည်မှန်းချက်တွေ ပြည့်မှီအောင် အကောင်အထည်ဖော်ဖို့ဆို တိုင်းပြည်ရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်နဲ့ ခရိုနီတွေနဲ့ ထိပ်တိုက်တိုးမှာက သေချာနေပါတယ်။ သူတို့ဟာ မြေယာပိုင်ဆိုင်မှုကအစ သယံဇာတတူးဖော်ရေးအလယ် ဘဏ်တွေအဆုံး ပိုင်ဆိုင်ထားကြပြီး နှစ်ပေါင်းများစွာကြာ အခွင့်ထူးကို ခံစားလာကြသူတွေ ဖြစ်ပါတယ်။ ဥပမာ သိပ်မကြာသေးခင်က လန်ဒန်အခြေစိုက် Global Witness အဖွဲ့က ထုတ်ဝေခဲ့တဲ့ မြန်မာ့ကျောက်စိမ်းအကြောင်း အစီရင်ခံစာမှာ မြန်မာ့တပ်မတော်နဲ့ ခရိုနီတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ ကျောက်စိမ်းတူးဖော်မှုကနေ အကျိုးအမြတ် ကြီးမားစွာ ခံစားနေကြရတာကို တွေ့နိုင်ပါတယ်။ ဒီလို အကျိုးအမြတ်ရနေမှုတွေကို သက်ဆိုင်သူတွေက လွယ်လွယ်နဲ့ လက်လွှတ်မယ်လို့ ထင်မြင်ယူဆရင် ဒါဟာ ရူးသွပ်မှုသာ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ခရိုနီတွေနဲ့ ပတ်သက်လို့ အားလုံး အဆိုးကြီးပဲရယ်လို့တော့ မဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပေါ် တချို့ရဲ့ ဆက်ဆံရေးက ပြီးခဲ့တဲ့နှစ်တွေအတွင်း နွေးထွေးကောင်းမွန်လာခဲ့ပါတယ်။ အမေရိကန် အစိုးရက အရေးယူပိတ်ဆို့မှု စာရင်းဝင် လုပ်ငန်းရှင်တွေ ဖြစ်တဲ့ Max Myanmar ကုမ္ပဏီ အုပ်စု ပိုင်ရှင် ဦး ဇော်ဇော်နဲ့ Asia Green Development (AGD) ဘဏ် ပိုင်ရှင် ဦးတေဇတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ ကျန်းမာရေးနဲ့ ပညာရေး ပရောဂျက်တွေကို ငွေကြေးလှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။ အခြားခရိုနီတဦး ဖြစ်တဲ့ Skynet ရုပ်သံလွှင့်လုပ်ငန်းပိုင်ရှင် ဦးကျော်ဝင်း မိသားစုကလည်း ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရံပုံငွေ ရှာဖွေပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာ တထည်ကို အမေရိကန် ဒေါ် လာ ၅၀၀၀၀ နီးပါးပေးပြီး လေလံဆွဲ ဝယ်ယူခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား
စစ်တပ်ရဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားလို NLD ကို စောင့်နေတဲ့ အခြားစိန်ခေါ်မှုကတော့ တရုတ်ရဲ့ အကျိုးစီးပွားပါ။ ဦးသိန်းစိန်လက်ထက် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံရေကာတာလို စီမံကိန်းကို ပြန်စမယ် ပြန်မစဘူး တရုတ်က သေချာချင်တဲ့ ဖိအားရှိနေပါတယ်။ ဒါပေမယ့် လက်ပံတောင်း ကြေးနီစီမံကိန်းကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နိုင်မှုကို ကြည့်ရင် တရုတ်ရဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေဘဲ မြန်မာနိုင်ငံအတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းနိုင်မယ့် မျှချေကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
မြစ်ဆုံရေကာတာအပါအဝင် အရင်စစ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ တရုတ်ရဲ့ အခြား စီးပွားရေး သဘောတူညီချက်တွေကို စနစ်တကျ ပြန်လည်စိစစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ရာမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းဟာ နိုင်ငံရေးအရ လှည့်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
တရုတ်အစိုးရပိုင် China Power International နဲ့ မြန်မာခရိုနီတဦးဖြစ်တဲ့ ဦးထွန်းမြင့်နိုင်ရဲ့ Asia World တို့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ဒီရေကာတာစီမံကိန်းဟာ တိုင်းပြည်ရဲ့ ပင်မမြစ်ကြီး ဧရာဝတီရဲ့ အစမှာ ဖြစ်ပြီး မြန်မာပြည်သူ အတော်များများက သဘောမကျ ဆန့်ကျင်ကြပါတယ်။ ဒါကို သမ္မတ ဦးသိန်းစိန်က သဘောတူပြီး စီမံကိန်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်အုပ်ချုပ်ရေးတလျှောက်လုံး ကျားကန်ပေးခဲ့တဲ့ တရုတ်နိုင်ငံအပေါ် မြန်မာဟာ ဆက်ပြီး အားကိုးမနေတော့ဘူးဆိုတာကို ပြသတဲ့ လမ်းခွဲပါပဲ။
ဦးသိန်းစိန်ထားခဲ့တဲ့ အမွေကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံရပါတော့မယ်။ တရုတ်က ဒီစီမံကိန်း ပြန်စဖို့ လော်ဘီလုပ်နေပါတယ်။ စီမံကိန်းကို ဖျက်ပစ်ပြီး ငွေပြန်လျော်ဖို့ ငွေအရင်းအနှီးမရှိတဲ့ မြန်မာအစိုးရက ဆုံးဖြတ်ဖို့ မလွယ်လှပါဘူး။ အခြေအနေကြည့်ရသလောက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘေးဒုက္ခ စမ်းစစ်ချက်တွေကို သုံးသပ်လို့ အကျိုးအမြတ် ခွဲဝေမှုကိုလည်း ပြန်ညှိနှိုင်းပြီးရင် အရွယ်အစား သိပ်မကြီးမားတဲ့ ရေကာတာတခု တည်ဆောက်မယ့် အလားအလာကို တွေ့နေရပါတယ်။
မှန်ပါတယ်၊ မြေကြီးလက်ခတ် မလွဲပါဘူး။ လက်ပံတောင်းအရေး ကိုင်တွယ်ခဲ့တုန်းကလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ ပေါ်ပြူလာမဖြစ်ဘဲ ထိပ်တိုက်ဆန့်ကျင်မှုတွေကို ပြန်ရင်ဆိုင်လာရဦးမှာပါ။ ဒါကလည်း စီးပွားရေးမှာ တခုလိုချင်ရင် တခုပေးရတဲ့ Trade-off သဘောပဲ မဟုတ်ပါလား။