ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရရှိမှုက ဇေကမ္ဘာဦးခင်ရွှေကဲ့သို့သော စီးပွားရေးသမားများအတွက် သတင်းဆိုးတခု ဖြစ်မည်လား။ ဦးခင်ရွှေသည် လက်ရှိ လွှတ်တော်ကိုယ်စား လှယ်နေရာကို ဆုံးရှုံးခဲ့ရသလို ယခင်စစ်အစိုးရနှင့် ဆက်စပ်မှုများရှိခဲ့သည့် အတွက် အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် တားမြစ်ခံထားရဆဲ ဖြစ်သောကြောင့်ပင်။
သို့သော် သတင်းဆိုး ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။
ရန်ကုန်မြို့က သူ၏ ရုံးခန်းတွင်း ပုံတူပန်းချီကားကြီးရှေ့က အညိုရောင် ဆိုဖာပေါ် သက်တောင့်သက်သာ ထိုင်နေသော ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်၏ သန့်ရှင်းသောပုံရိပ်နှင့် ပြုပြင်ပြောင်းလဲရေးများ ပြန်လည်စတင်ရန် တွန်းအားပေးမှုများ၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာမည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဓိက ကျသောနေရာတွင် သူ ရှိနေသည်ဟု ပြောသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ တန်းတူလုပ်နိုင်တဲ့ သူက ကျနော်တို့ ခရိုနီတွေက လွဲရင် တခြားသူ မရှိဘူး” ဟု ဦးခင်ရွှေက ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူက နိုင်ငံတကာမီဒီယာများ တွေ့ဆုံ မေးမြန်းခြင်းကို လက်ခံလေ့ မရှိသူ ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် စစ်အစိုးရက သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား တပိုင်း အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ သည့် အချိန်မှစ၍ ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ခဲ့သည့် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သလို စီးပွား ရေး၏ အရေးပါသည့် ကဏ္ဍများတွင်လည်း တိုးတက်မှုများ ရှိလာခဲ့သည်။
သို့သော် နောက်ထပ် ၄ နှစ်ကြာခဲ့သည့်တိုင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက် လုပ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများက ချမ်းသာ ကြွယ်ဝသူ ၂၀ ခန့်နှင့် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်း များနှင့် ဆက်စပ်နေသည့် အဆက်အသွယ်ကောင်းသော မိသားစုများလက်တွင်း၌သာ အများအပြားရှိနေပါ သေး သည်။
ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံ၍ အစုအပြုံလိုက် ဝင်ရောက်လာခြင်းက သူတို့၏ ဘဏ္ဍာတိုက်များကို ပိုမိုအင်အားတောင့်တင်း သွားစေနိုင်ပါသည်။ စီးပွားရေးလောကမှ လူသစ်များနှင့် တိုးတက်ရေးအတွက် ယှဉ်ပြိုင်နေသည့် စွမ်းဆောင်ရည် ကောင်းမွန်သူများအတွက် အတားအဆီးတခု ဖြစ်လာနိုင်သော်လည်း စီပွားရေး ပိတ်ဆို့မှု ကြီးမားစွာရှိခဲ့ချိန်မှာပင် ၎င်းတို့၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သူများအတွက် လွှတ်တော်တွင် နိုင်ငံရေး အရ ပါဝင်နေမှုများ ဖယ်ရှားခံရပြီးနောက်ပိုင်းမှာပင် သေချာမှုများ ရှိနေသည်။
လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ နောက်တကြိမ် ရွေးကောက်ပွဲဝင်ခဲ့ရာတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ဦးခင်ရွှေသည် တချိန်က လူတိုင်းကြောက်ရွံ့ခဲ့ရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန် ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ပတ်သက်နေခြင်းကြောင့် အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေသူဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံအားပေးသည့် နိုင်ငံခြားရေး မူဝါဒ၏ တစိတ်တပိုင်းအနေဖြင့် အမေရိကန် သမ္မတ အိုဘားမားက ယခုအခါ ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးဖွယ်ရာ ရှိနေသည်။
ရွှေရောင်ရုပ်ထုများနှင့် ရှုပ်ပွနေပြီး ဂုဏ်ပြုမှတ်တမ်းလွှာများဖြင့် ဝိုင်းရံထားသည့် စားပွဲတလုံးနောက်တွင် ထိုင်နေသော ဦးခင်ရွှေက အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟု သူမျှော်လင့်ကြောင်း ပြောသည်။
“သူတို့က အရေးယူပိတ်ဆို့မှုတွေကို ဆက်ပြီးထားမယ်ဆိုရင် သူတို့ရောက်လာတဲ့အခါ ဘယ်သူက သူတို့နဲ့ ဖက်စပ်လုပ် မှာလဲ။ ရင်းနှီးမြှုပ်နှံသူတွေက စီးပွားရေးနဲ့ ပတ်သက်လို့ လမ်းဘေးဈေးသည်တွေနဲ့ လာညှိလို့ မရဘူး။ သူတို့က ကျနော် တို့ကို နာမည်ပျက်စာရင်းက နေဖျက်ပေးမှ ရမယ်” ဟု သူကပြောသည်။
မြင်နေရတဲ့ သန်မာသော ဖွံ့ဖြိုးမှု
အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူ အများစုက စောင့်ကြည့်နေကြဆဲဖြစ်သော်လည်း အာရှမှ ကုမ္ပဏီများက မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေကြပြီ ဖြစ်သောကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) က အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ မြင့်တက်သွားစေခဲ့သည်။ လွန်ခဲ့သော ၂ နှစ်က နှင့်စာလျှင် ၅ ဆကျော် တိုးလာ ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၈ ရက် က တိုင်းပြည်တွင် ၂၅ နှစ် အတွင်း ပထမဆုံးကျင်းပနိုင်ခဲ့သည့် လွတ်လပ်သောရွေးကောက်ပွဲက အပြောင်းအလဲအတွက် ရှင်းလင်းသော အာမခံချက်များပေးနိုင်ခဲ့လျှင် ရင်းနှီးမြှုပ်နှံမှု အလျှင်အမြန် တိုးတက်လာနိုင်သည်။
“ရွေးကောက်ပွဲမတိုင်မီမှာ ရင်းနှီးမြှုပ်နှံသူ အများအပြားက ရင်းနှီးမြှုပ်နှံမှု အရှိန်လျှော့ချခဲ့ကြတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် General Engineering Pcl မှ အမှုဆောင် အရာရှိချုပ် Thitipong Tangpoonphonvivat ကပြောသည်။ General Engineering သည် Millcon Steel နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စတီးလ်ပိုက်များ ထုတ်လုပ်သည့် စက်ရုံတခု တည်ဆောင်နေသည်။ အခြေခံ အဆောက်အဦး စီမံကိန်းများကြောင့် ဝယ်လိုအား မြင့်တက်လာနိုင်သည်ကို မျှော်လင့်၍ ရင်းနှီး မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
“ဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံက တိုင်းပြည်ကို တံခါးဖွင့်ဖို့ ဆန္ဒရှိနေတယ် ဆိုတာကို ရောင်ပြန်ဟပ်ပြနေတဲ့ နိုင်ငံရေး အခြေအနေက ပိုပြီးထင်ရှားလာပါတယ်။ GDP နဲ့ ကုန်သွယ်မှု အင်အားကောင်းကောင်းနဲ့ တိုးတက်လာတာကို ကျနော်တို့ မြင်တွေ့ရနိုင်ပါတယ်” ဟု သူက ပြောသည်။
Pepsi၊ Coca-Cola နှင့် GE တို့ အပါအဝင် အနောက်တိုင်းမှ နိုင်ငံတကာ ကုမ္ပဏီ အနည်းငယ်က မြန်မာနိုင်ငံတွင် လုပ်ငန်းများ ထူထောင်ခဲ့ကြပြီး ပြည်တွင်းမှ ဖြန့်ဖြူးရေးဆိုင်ရာ စီးပွားဖက်များနှင့် အတူ လုပ်ကိုင်နေကြသည်။ မကြာမီ ပိုမို ရောက်လာကြဖွယ်လည်း ရှိသည်။
သို့သော်လည်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူ အများအပြားမှာ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး မူဝါဒကို ရေရေ ရာရာ မသိကြသေးပါ။
Carlsberg Myanmar ၏ အမှုဆောင် ဒါရိုက်တာနှင့် မြန်မာနိုင်ငံတွင် Pepsi အချိုရည် ထုတ်လုပ်နေသည့် LOTTE MGS Beverage Co ၏ ဒါရိုက်တာ ဦးသန့်ဇင်ထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့က စီးပွားရေး အတွေ့အကြုံ မရှိ မ ခြင်းကို စိုးရိမ်မှုများ ရှိနေကြောင်း ပြောသည်။
“သူက သူ့အဖွဲ့နဲ့ သူ လုပ်မယ်။ သူ့ရဲ့ ကိုယ်ပိုင် အစိုးရနဲ့ အလုပ်လုပ်မယ်။ သူက ထိပ်တန်းစီမံခန့်ခွဲရေး သမားတွေနဲ့ အလုပ်လုပ်လိမ့်မယ်။ ဒါပေမယ့် သူ့မှာ အဲဒီလို လူတွေ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ ကျနော်သိချင်တယ်” ဟု သူက ဆိုသည်။
သို့သော်လည်း ဆစ်ဒနီရှိ Macquarie တက္ကသိုလ် မှ မြန်မာ့အရေးကျွမ်း ကျင်သူတဦး ဖြစ်သည့် Sean Turnell က ဒေါ်အောင်ဆန်းစု ကြည်၏ ပြတ်သားသော အနိုင်ရရှိမှုကြောင့် မဟာမိတ်ဖွဲ့ရန်၊ ညွှန့်ပေါင်းဖွဲ့ရန် မလိုဘဲ အုပ်ချုပ်ခွင့် ရနိုင်မည် ဖြစ်သည့် အတွက် ကောင်းသော သက်ရောက်မှုများ ကြီးမားစွာ ရရှိနိုင်သည်ဟု ယူဆသည်။
“သူက အနောက်တိုင်းသားတွေလို စဉ်းစားတတ်တဲ့ သူတယောက်ပါ။ တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အဖွဲ့အစည်း တွေ၊ ပိုင်ဆိုင်မှု အခွင့်အရေး တွေကို ပိုပြီး အလေးထားပါတယ်။ အခုလည်း အဲဒါတွေကို တောင်းဆိုနေခဲ့ပါတယ်” Sean Turnell က ပြောသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအတွက် စီးပွားရေး မူဝါဒများ နှင့် ပတ်သက်၍ အကြံ ပေးခဲ့သူ တဦးဖြစ်သည်။
“တည်ငြိမ်မှုတွေ ရှိလာပါလိမ့်မယ်။ အဲဒါကြောင့် အခုအချိန်အထိ ဘေးက ကြည့်နေကြဆဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ သဘောကျစရာ ဖြစ်လာပါလိမ့်မယ်” ဟု သူက ဆိုသည်။
တံတားထိုးခြင်း
ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ အုပ်စုက ပြီးခဲ့သည့် နှစ် အတွင်းတွင် အမြတ်အစွန်း ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်ဟု သိရပြီး ရန်ကုန်မြို့တွင် အထပ်မြင့် ရုံးသစ်တခုကို ရွေးကောက်ပွဲမတိုင်မီ ၁ လ အလိုတွင် ဖွင့်လှစ်ခဲ့သည်။
အဆင့်မြင့် အိမ်ခြံမြေများ ပိုင်ဆိုင်ထားခြင်းအပြင် ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်မြို့၏ အထင်ကရ နေရာတခုဖြစ်သည့် ကန်တော်ကြီး ကန်အတွင်းမှ ကရဝိတ်နန်းတော် ကဲ့သို့သော တန်ဘိုးကြီးသည့် လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသည်။ ကရဝိတ်သည် စစ်အစိုးရခေတ်က ဗိုလ်ချုပ်ကြီးများ သဘောကျခဲ့သည့် စားသောက်ဆိုင် တခုလည်း ဖြစ်ပါသည်။
ဦးခင်ရွှေက အာဏာရ ကြံ့ခိုင်ရေး ပါတီဥက္ကဌဟောင်း ဦးရွှေမန်းနှင့်လည်း ခမည်းခမက် တော်စပ်သူဖြစ်သည်။ သြဂုတ်လ အတွင်းတွင် သမ္မတဦးသိန်းစိန်က ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသော ဦးရွှေမန်းနှင့် ဦးခင်ရွှေက စီးပွားရေး အရလည်း ပတ်သက်နေသူများလည်း ဖြစ်သည်။
ဦးရွှေမန်းကဲ့သို့ပင် ယခုအခါ ဦးခင်ရွှေသည်လည်း ရာထူးမှ စွန့်ခွာရတော့မည့် သမ္မတနှင့် ဝေးဝေးနေဖို့ ကြိုးစားနေသူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို “အမကြီး” ဟု ခေါ်ရင်း ဒီမိုကရေစီ ခေါင်းဆောင်နှင့် ဆက်ဆံရေး တံတားထိုးရန် သူ ကြိုးစားနေသည်။
“ရင်းနှီးမြှုပ်နှံမှုတေ ွဝင်ရောက်လာတဲ့အချိန်မှာ ဒါက ကျနော်တို့ရဲ့ ပုံရိပ်တွေကို ပြန်လည်ပြင်ဆင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့သူတိုင်းက သူ့ကို သိကြတယ်။ ဒါကြောင့် ကျနော်တို့ ဒီအခွင့်အရေးကို အလွတ်မခံနိုင်ပါဘူး” ဟု ဦးခင်ရွှေက ပြောသည်။
“ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ယုံကြည်လိုက်တာပါ။ NLD က အစိုးရသစ် ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် ကျနော် အမှန်တကယ်ကို ပျော်ပါတယ်။”