စီးပွားရေး

အစိုးရသစ်ကို စောင့်ကြိုနေသော စီးပွားရေး ကိန်းဂဏန်းများ

This article has been converted from Zawgyi One to Unicode

ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရသစ် တရပ်ဖွဲ့၍ နိုင်ငံ ဖွံ့ဖြိုးရေး တာဝန်များကို ယူရတော့မည်။

ယခင် အစိုးရဟောင်းလက်ထက် ရှိခဲ့သော နိုင်ငံစီးပွားရေး အခြေအနေ ဖော်ပြနေသည့် ကိန်းဂဏန်းများကို အစိုးရသစ်က နှစ်မြို့သည်ဖြစ်စေ မနှစ်မြို့သည် ဖြစ်စေ အာဏာလွှဲပြီဆိုသည်နှင့် ကောင်းမွေ ဆိုးမွေ အကုန် တာဝန်ယူရတော့မည် ဖြစ်သည်။

ထိုတာဝန်ယူရမည့် ကိန်းဂဏန်း သတ်မှတ်မှုများတွင် နိုင်ငံစီးပွားရေးတခုလုံးကို ညွှန်းဆိုနေသည့် အချက်များဖြစ်သော ပြည်တွင်း အသားတင် စုစုပေါင်း ထုတ်ကုန်တန်ဖိုး(GDP)၊ ငွေဖောင်းပွမှုနှုန်း၊ ဘဏ္ဍာရေးလိုငွေ၊ ကုန်သွယ်ရေးလိုငွေ၊ ပြည်ပကြွေးမြီ နှင့် ပြည် တွင်း ကြွေးမြီ၊ နိုင်ငံခြားအရန်ငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(FDI) စသည့် ကိန်းဂဏန်းများ ပါဝင်နေပါသည်။

GDP မြင့်လာဖို့လို

မြန်မာနိုင်ငံ၏ GDP ပမာဏသည် လက်ရှိအချိန်တွင် အမေရိကန် ဒေါ်လာ ၇၃ ဘီလီယံကျော်ဟု မှန်းထားသည်။ ပြီးခဲ့သော ၂၀၁၄ ခုနှစ်က ပမာဏမှာ ဒေါ်လာ ၆၄.၃၃ ဘီလီယံဟု ကမ္ဘာ့ ဘဏ်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်များ၌ မြန်မာနိုင်ငံ၏ GDP သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ ၂၄ ဘီလီယံကျော် ပျမ်းမျှတိုးလာသည်ဟု ဖော်ပြထားသည်။

ကိုယ့်နိုင်ငံ တနိုင်ငံတည်းသာ ကြည့်နေမည်ဆိုလျှင် GDP ပမာဏ တိုးမြင့်လာသည်ဟု ပြောရမည် ဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ဖို့လိုပါသည်။ ယနေ့ ဒေသတွင်း အာဆီယံနိုင်ငံများ အချင်းချင်းကြားမှာပင် ယှဉ်နိုင်ဖို့ မြန်မာနိုင်ငံ၏ GDP က များစွာ လိုပါသေးသည်။

ပြီးခဲ့သည့် နှစ်တွင် မြန်မာ GDP တန်ဖိုး ဒေါ်လာ ၆၄.၃၃ ဘီလီယံသာ ရှိသည့် အချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံက ၃၇၃ ဘီလီယံ ကျော် ရှိနေပြီဖြစ်သည်။ ဗီယက်နမ်က ဘီလီယံ ၁၈၀ ကျော်ရှိသည်။ အခြား အာဆီယံဒေသတွင်းက ဖွံ့ဖြိုးသော မလေးရှား၊ စင်္ကာပူ နိုင်ငံ များသည်လည်း အများအပြား ဖြစ်သည်။ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှု ယှဉ်ပြိုင်လာနိုင်ရန် လက်ရှိ မြန်မာနိုင်ငံ၏ GDP တန်ဖိုး က အလွန်လျော့နည်း နိမ့်ကျ နေပါသေးသည်။

ကုန်သွယ်ရေးလိုငွေ နှင့် ဘဏ္ဍာရေးလိုငွေ

နိုင်ငံ၏ စီးပွားရေး အခရာကျမှုများ၌ အရေးပါသော ကုန်သွယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသည် ကုန်သွယ်ရေး လိုငွေ ပြနေသည့် နိုင်ငံ တနိုင်ငံဖြစ်သည်။ ပို့ကုန်တင်ပို့မှုတန်ဖိုး နည်းပြီး သွင်းကုန်တင်သွင်းမှု များပြားသောကြောင့် ပို့ကုန်မှရငွေနှင့် သွင်းကုန်အတွက်ပေး ရသောငွေ မမျှဘဲ လိုငွေ နှစ်စဉ်ပြနေသည်။ ကုန်သွယ်ရေးလိုငွေသည် ယခုအခါ အမေရိကန်ဒေါ်လာ ဘီလီယံ ထောင်ချီနေရာ ပြီးခဲ့ သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘီလီယံ ၅ ထောင်ကျော်အထိ ဖြစ်လာခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၂၆၀ ခန့်သာရှိခဲ့ရာမှ ယခုကဲ့သို့များပြားလာခြင်း ဖြစ်သည်။ ကုန်သွယ်ရေးလိုငွေပြ မှု၊ ဒေါ်လာ လိုအပ်ချက်နှင့် ထပ်တူ ပြည်တွင်း ဒေါ်လာ ရှားပါးမှုဖြစ်ပြီး ငွေလဲနှုန်း မတည်ငြိမ်မှုကို ရိုက်ခတ်စေခဲ့သည်။

နိုင်ငံတော်၏ နှစ်စဉ်အရနှင့် အသုံးစရိတ်များ ထုတ်ပြန်ရာတွင် ရသည်ထက် သုံးသည်က များပြားနေရာမှ ဖြစ်ပေါ်လာသော ဘဏ္ဍာရေးလိုငွေ(ဘတ်ဂျက် လိုငွေ)သည်လည်း နှစ်စဉ်ဆက်တိုက် များလာနေပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာပင် ကျပ်ဘီလီယံ ၁ သောင်းကျော် ရှိနေပြီဖြစ်သည်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)တို့က ယခုကဲ့သို့ လိုငွေ များပြားလာခြင်း အပေါ် အထူးသတိပြုရန် ပြောဆိုခဲ့ပြီး အစိုးရ၏ အသုံးစရိတ်များကို ထိရောက်စွာသုံးရန်နှင့် မလိုလားအပ်သည်များကို လျှော့ချရန်လည်း သတိပေး ပြောဆိုထားသည်။

နိုင်ငံခြား အရန်ငွေ

နိုင်ငံ တနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို GDP ပမာဏ၊ GDP တိုးနှုန်းနှင့် ချိန်ထိုး၍ ပြောဆိုကြသည်ဆိုသော်လည်း အမှန်တကယ် နိုင်ငံ ၏ အင်အားဟု ခေါ်ဆိုနိုင်သောအရာသည် ထိုနိုင်ငံ၏ စုဆောင်းထားနိုင်သော နိုင်ငံခြားအရန်ငွေ ပမာဏပင်ဖြစ်သည်ဟု ပညာရှင်များက ပြောဆိုထားသည်။ အရန်ငွေသည် ကိုယ့်နိုင်ငံ၏ စုငွေဖြစ်သဖြင့် နိုင်ငံ၏ ငွေပို ငွေလျှံကို ပြသော ညွှန်းကိန်းတခုလည်းဖြစ် သည်။ နိုင်ငံတိုင်းတွင် ကိုယ့်နိုင်ငံအလိုက် စုဆောင်းထားရှိနိုင်သော စုငွေများရှိပြီး များသထက်များ၍ ပိုစုလာနိုင်ရန်သည် ကိုယ့်နိုင်ငံ ၏ စီးပွားရေး အမှန်တကယ် အားကောင်းမှသာ ရခြင်းလည်း ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ အရန်ငွေပမာဏကို ဗဟိုဘဏ်က ထုတ်ပြန်ထားခြင်း မရှိသော်လည်း ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် IMF က ထုတ်ပြန်ခဲ့သည့် မြန်မာ့ အရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၄ . ၅ ဘီလီယံခန့်သာ ရှိသည်။ ထိုပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် လွန်စွာနည်းနေသည်။ ထိုင်းနိုင်ငံ၏ ၂၀၁၄ ခုနှစ်အရန်ငွေ ပမာဏသည် ဒေါ်လာ ၁၅၇ ဘီလီယံ ဖြစ်ပြီး ဗီယက်နမ် နိုင်ငံက ၃၄ ဘီလီယံကျော် ရှိသည်။ အရန်ငွေ အင်အားတောင့်ရန်၊ စုနိုင်ရန် အစိုးရသစ်က ကြိုးစားရပါမည်။

ပြည်ပကြွေးမြီ နှင့် ပြည်တွင်းကြွေးမြီ

ဘဏ္ဍာရေး ဝန်ကြီးဌာန၏ တွက်ချက် ထုတ်ပြန်ထားသော စရင်းများအရ မြန်မာနိုင်ငံ၏ ပေးစရာအကြွေးများကို ကြည့်မည်ဆိုလျှင် ပြည်ပ ကြွေးမြီနှင့် ပြည်တွင်း ကြွေးမြီ ၂ ရပ်ပေါင်း အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ နီးပါးရှိသည်ကို တွေ့ရသည်။

ပြည်ပသို့ ပေးစရာရှိသော ကြွေးမြီသည် ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် ကျပ် ၉၁၈၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၉.၁၂၄ ဘီလီယံ) ဖြစ် သည်။ ပြည်တွင်း ကြွေးမြီသည် ကျပ် ဘီလီယံ ၁၀၈၁၅( ၁ ဒေါ်လာ ၁၃၀၀ ကျပ် ပျမ်းမျှနှုန်းနှင့်ဆိုလျှင် ဒေါ်လာ ၈ ဘီလီယံ ကျော်) ဖြစ်သည်။ ထပ်တိုး ကြွေးမြီများနှင့် ပေါင်းရဦးမည်ဆိုလျှင် ယခုထက်များလာမည်ဖြစ်၍ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းနှင့် အချိုးချ ပါက လူတဦးလျှင် ကျပ် ၅ သိန်းနီးပါး အကြွေးတင်နေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးကလည်း ပြော ဆို ဖူးသည်။

အစိုးရသည် ဘဏ္ဍာရေးလိုငွေများကို ဖြေရှင်းရာတွင် ငွေတိုက်စာချုပ်များ လုပ်ငန်းရှင်များသို့ ရောင်းချ၍ ဖြေရှင်းလေ့ရှိပြီး ထိုသို့ ဖြေ ရှင်းရင်း လုပ်ငန်းရှင်များထံတွင် ပြည်တွင်းကြွေးမြီများ ရှိနေမည် ဖြစ်သည်။

ငွေတိုက်စာချုပ်များကို လုပ်ငန်းရှင်များသို့ ရောင်းချသည်ဆိုသည်မှာလည်း အစိုးရက အတိုးနှုန်း တခုနှင့် လုပ်ငန်းရှင်များဆီသို့ ငွေပြန်ချေးခြင်းသာ ဖြစ်သည်။ ထို့အတွက် အစိုးရက လုပ်ငန်းရှင်များ အပေါ်တွင် အကြွေး ပြန်တင်နေသည့်သဘော ဖြစ်သည်။

ယင်းသို့ ပြည်တွင်းကြွေး ပြည်ပကြွေးများ၌ ပြည်ပသို့ပေးစရာရှိသော အကြွေးများတွင် အတိုးနှုန်းမြင့်မားသည့် တရုတ်နိုင်ငံသို့ ပေး စရာရှိသည့် အကြွေးက အများဆုံးဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒေါ်လာ ၄.၂ ဘီလီယံ ရှိကြောင်း သိရ သည်။

အစိုးရသစ်က ထိုအတိုးနှုန်းမြင့်သည့် တရုတ်ကြွေးများ လျော့စေရန်နှင့် ပြည်တွင်းကြွေး၊ ပြည်ပကြွေးများ လျော့စေရန် အတွက် လုပ်ဆောင်ရေးသည်လည်း စိန်ခေါ်မှုတရပ်ပင် ဖြစ်နေပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI)

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ကောင်းများမရှိ။ လမ်း၊ တံတား၊ လျှပ်စစ်မီးမှအစ စက်ရုံ အလုပ်ရုံများအဆုံး အစစ အရာ ရာ တွင် ပြည့်စုံမှု မရှိ၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရေခံ မြေခံ ကောင်းများ ရှိမနေဟု ပြော၍ ရသည်။ ထိုရေခံမြေခံကောင်း များ ဦးစွာတည်ဆောက်နိုင်ရန်လည်း အစိုးရတွင် ငွေကြေးပြည့်စုံမှု မရှိ။ ထို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အရပ်သား အစိုးရ သစ် လက်ထက် စ၍ဖိတ်ခေါ်သည်။

သို့သော် ထင်သလောက်မဝင်။ လက်ရှိ ရှိနေသည့် ပမာဏက ဒေါ်လာ ၅၆ ဘီလီယံသာရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏကို မီရန် များစွာလိုက်ရဦးမည် ဖြစ်သည်။

ယခုနှစ်များအတွင်း ဝင်ရောက်သည့် ပမာဏသည်သာ အာဆီယံဒေသတွင်း ဖွံ့ဖြိုးမှု နောက်ကျသည့် CLMV နိုင်ငံ ၄ နိုင်ငံဖြစ်သော ကမ္ဘောဒီယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများနှင့် ယှဉ်နိုင်လာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဘက်က ပြောဆို ထား သည်။ ပို့ကုန် တိုးမြှင့်ထုတ်လုပ်နိုင်မည့် ကဏ္ဍကို အားဖြည့်ပေးမည့် အကျိုးရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အစိုးရ သစ်တွင် တာဝန်ရှိလာပြီ ဖြစ်သည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက လက်ရှိ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်း ပြဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အထူးစီးပွားရေးဇုန် ဥပဒေတို့နှင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ကြသည်များ ရှိသော်လည်း မကြာသေးမီကမှ ပြီးဆုံးသွားသော ရွေးကောက် ပွဲနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် စောင့်ကြည့်ခဲ့ကြမှု အများအပြားရှိနေခဲ့သည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ပြောဆို နေ ခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုများလည်း နောက်ကျနေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ ပြန်လည်ပြင်ဆင် ပေါင်းစည်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည် လွှတ်တော်တွင် အတည်မပြုနိုင်သေးသလို ဟောင်းနွမ်း၍ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ကုမ္ပဏီများ အက်ဥပဒေပြင်ဆင်သည်မှာလည်း လွှတ်တော်တွင် အတည်မပြုနိုင် သေးပေ။

ယခုကဲ့သို့ ကိန်းဂဏန်းများအပြင် အစိုးရသစ်အတွက် မူဝါဒပိုင်း တာဝန်ယူ ဖြေရှင်းစရာများစွာကလည်း ကျန်နေပါသေးသည်။ ရှုတ် ထွေးလှသော မြန်မာနိုင်ငံ၏ မြေအသုံးပြုမှုဆိုင်ရာ မူဝါဒများ၊ မြေဈေးကြီးမြင့်မှု လျှော့ချရေး လိုအပ်ချက်များ၊ အသေးစား အလတ် စား လုပ်ငန်းများ လျင်လျင်မြန်မြန်မြန် ဖွံ့ဖြိုးလာရေး လိုအပ်သည့် အကောင်အထည်ဖော်မှုများနှင့် ပို့ကုန် တိုးမြှင့်ရေး ထိထိ ရောက် ရောက် ဆောင်ရွက်နိုင်ရန်လိုအပ်ချက်များ စသဖြင့် များစွာ ရှိနေပါသည်။ ။

Loading