၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် အစောလျှင်ဆုံး လာလည်ဖို့ ဂျပန်အစိုးရက ဖိတ်ကြားခဲ့သလို NLD ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံကို အလောတကြီး ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီလို အလောတကြီး ဖိတ်ခေါ်မှု နောက်ကွယ်မှာ ဂျပန်တို့ရဲ့ အကျိုးစီးပွားအတွက် စိုးရိမ်ပူပန်မှုများစွာ ရှိနေပြီး အထူးသဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ဆက်ဆံခဲ့တဲ့ ကူးလူးဆက်ဆံမှုတွေနဲ့ NLD အစိုးရသစ်လက်ထက်မှာ ဖြစ်ပေါ် လာမယ့် မူဝါဒ သစ် တွေကြောင့် ဂျပန်တို့ရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှာ အထူးစိုးရိမ် နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး တပတ်ကြာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်လျက်ရှိပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဂျပန်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ဆို တာ တွေကို မျက်ကွယ်တာမျိုး ရှိခဲ့သလို မြေသိမ်းမှု အရေးအခင်းတွေကိုလည်း မသိကျိုးကျွန် ပြုခဲ့မှုအတွက် အခုလို စိုးရိမ်မှုတွေ ဖြစ်ထွန်း နေရတာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေနဲ့ အပြတ်အသတ်အနိုင်ရဖို့ မလွယ်ဘူးလို့ ပြည်တွင်း ပြည်ပနိုင်ငံရေးလေ့လာသုံးသပ်သူတွေ ခန့်မှန်းခဲ့ကြသလို သမ္မတဦးသိန်းစိန်အစိုးရနဲ့ အနီးကပ် ပေါင်း သင်း ဆက်ဆံခဲ့ ကြ တဲ့ နိုင်ငံခြား အစိုးရတွေကလည်း အဲဒီလိုပဲ ခန့်မှန်းသုံးသပ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပြည်တွင်းပြည်ပ အစိုးရ တွေ အံ့အားသင့်ခဲ့ကြသလို တွက်ကိန်း လွဲချော်သွားတဲ့ အစိုးရတွေအနေနဲ့လည်း NLD အစိုးရသစ်နဲ့ ရွှေလမ်း ငွေ လမ်း အလျှင်အမြန် ဖောက်ဖို့ ကြိုးစားတဲ့ နိုင်ငံတွေထဲမှာ ဂျပန်အစိုးရက ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ဂျပန်နိုင်ငံအစိုးရဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ရင်းရင်းနှီးနှီး ပူးပူး ကပ်ကပ် ဆက် ဆံခဲ့ပြီး အကူအညီတွေ မြောက်မြားစွာ ပေးအပ်ခဲ့သလို စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ် ခဲ့ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို လျှော်ပစ်ခဲ့သလို အစိုးရဝန်ထမ်းတွေ မြောက်မြားစွာကို ဂျပန်နိုင်ငံ ကို ပညာတော်သင်တွေ ခေါ်ယူခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ တရုတ်၊ ကိုရီးယားတွေနဲ့ အပြိုင် ရင်းနှီးမြှပ်နှံနေရတာဖြစ်ပြီး သူတို့အနေနဲ့ မြန်မာ့မြေမှာ ရင်းနှီးမြှပ်နှံမှုတွေ နောက်မကျချင်တဲ့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာ တန်ဖိုးထားတဲ့ ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်၊ စံနှုန်းတွေ အားလုံး မျက်ကွယ်ပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ထင်သာမြင်သာရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူး စီးပွား ရေး ဇုန်၊ ဟံသာဝတီလေဆိပ်စီမံကိန်း၊ ရန်ကုန်စတော့ အိတ်ချိန်း၊ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစီမံကိန်းတွေ အပါအဝင် စီးပွားရေး လုပ်ငန်း များစွာ ရှိနေပါတယ်။
ဂျပန်တို့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ သီလဝါ စီမံကိန်းနဲ့ ထားဝယ်စီးပွားရေးဇုန် စီမံကိန်းတွေမှာ မြေသိမ်းမှုတွေ အကြီး အကျယ် ရှိခဲ့ပါတယ်။ မြေသိမ်းခံရသူတွေက သူတို့ရဲ့ မြေယာတွေ အတွက် ထိုက်တန်လျှော်ကြေးပေးဖို့၊ မြေယာတွေ ပြန်ပေးဖို့ တောင်း ဆိုခဲ့ကြပေမယ့် တောင်းဆိုသူတွေကို မြန်မာအစိုးရက ထောင်ချ အပြစ်ပေးခဲ့ပါတယ်။ အလားတူ ဂျပန်နည်းပညာ သုံးပြီး ဂျပန်ကုမ္ပဏီတွေနဲ့ အတူ တည်ဆောက်ဖို့ လျာထားတဲ့ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း တွေမှာ လည်း ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ ကန့်ကွက်မှု အကြီးအကျယ် ရှိနေပါတယ်။
ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေ ဆောင်ရွက်နေတဲ့ ဧက ၆၂၀၀ ရှိတဲ့ သီလဝါ အထူးစီးပွားရေးစီမံကိန်းမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ၂၀၁၄ မေလမှာ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ စက်တင် ဘာလမှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Mitsubishi ၊ Marubeni ၊ Sumitomo corporations တို့အပါအဝင် ဂျပန်ကုမ္ပဏီတွေက သီလဝါစီမံကိန်းမှာ ရင်းနှီး မြှုပ်နှံထားကြပါတယ်။
အလားတူ တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်စီးပွားရေးဇုန်စီမံကိန်းမှာလည်း ဂျပန်နိုင်ငံက ပါဝင် ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်ဒေါ်လာဘီလီယံချီရှိမယ့် ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ အကူအညီတွေပေးဖို့ ရှိနေပါတယ်။ အလားတူ ပဲခူးတိုင်းမှာ ဆောင်ရွက်နေတဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာလည်း ဂျပန်-စင်ကာပူ ပူးပေါင်းဖွဲ့စည်းထားသည့် Yongnam-CAPE-JGC Consortium က ဆောက်လုပ်ခွင့်ရရှိထားပြီး စီမံကိန်းတန်ဖိုးက အမေရိ ကန် ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ စီမံကိန်းတွေဖြစ်ပါတယ်။
စီမံကိန်းတွေအားလုံးမှာ မြေသိမ်းမှု ၊ ဒေသခံတွေကို အတင်းအကျပ် ပြောင်းရွှေ့မှု ၊ ထိုက်တန်လျှော်ကြေးမပေးမှု၊ လယ်မြေ ပျောက်ဆုံးလို့ လုပ်ကိုင်စားသောက်စရာမရှိတဲ့ ဒေသခံတွေကို စားဝတ်နေရေး မပံ့ပိုးမှု အပါအဝင် လူ့အခွင့် အရေး ချိုးဖောက်မှုများစွာ ရှိနေပါတယ်။
ဂျပန်အစိုးရအနေနဲ့ မြေသိမ်းမှုလို လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်မှုရှိနေတဲ့ စီမံကိန်းတွေမှာ ဒေသခံ ပြည်သူ တွေရဲ့ အကျိုးကို လျစ်လျူရှုခဲ့ပါတယ်။ မြေသိမ်းခံပြည်သူတွေက ဂျပန်နိုင်ငံအထိ သွားရောက်ပြီး ဂျပန်အစိုးရကို တိုင်ကြား မှုတချို့ရှိခဲ့ပေမယ့် ဂျပန်အစိုးရက ထိထိရောက်ရောက် ဘာမှ လုပ်မပေးခဲ့ပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန် ရှိသူ တဦးကတော့ ဂျပန်အစိုးရအနေနဲ့ မြေသိမ်းမှုတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
NLD အစိုးရသစ်လက်ထက်မှာ ယခင်အစိုးရနဲ့ သဘောတူ လုပ်ဆောင်ထားတဲ့ စီမံကိန်းတွေရဲ့ အနာဂတ်က ဘယ်လို ဆက်ဖြစ်မလဲဆိုတာ မသေချာသေးပေမယ့် အများပြည်သူလက်ခံနိုင်တဲ့ စီမံကိန်းတွေ ဖြစ်လာဖို့ ပွင့်လင်းမြင်သာမှု ရှိအောင် ချပြပြီး ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းပေးရမယ့် အခြေ အနေ ရှိနေပါတယ်။