ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျေညာချက်တစောင်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ထုတ်ချေး ပေးသွားမည်ဟု ဖော်ပြထားပြီး ၎င်းစီမံကိန်းက ပြည်သူ ၁ သန်းကျော် အကျိုးကျေးဇူး ရရှိနိုင်ရန် ရည်ရွယ်ထားသည်။
အဆိုပါကြေညာချက်သည် လူဦးရေထူထပ်ပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ဓာတ်အား စုစုပေါင်း၏ တဝက်ကျော်ကို သုံးစွဲနေသည့် ရန်ကုန်မြို့တွင် နေထိုင်သူ အများအပြားအတွက် ကြိုဆိုရမည့် ကြေညာချက်ဖြစ်သည်။ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က အောက်တိုဘာလမှ စတင်၍ လျှပ်စစ်ဓာတ်အား အချိန်ပြည့်ရရှိနိုင် မည်ဟု ယခင်က ပြောခဲ့သော်လည်း ယခုအထိ ဖြစ်မလာသေးဟု ရန်ကုန်နေပြည်သူများက လက်ရှိတွင် ဝေဖန်ပြောကြားမှုများလည်း ရှိနေသည့် အချိန်ဖြစ်သည်။
YESC ကလည်း နည်းပညာ အမှားအယွင်းများကြောင့် မြို့နယ်တချို့တွင် ဓာတ်အား ယာယီပြတ်တောက်မှုများ ရှိလိမ့်မည်ဟု နိုဝင်ဘာလ တတိယပတ်အတွင်းက ပြောခဲ့သည်။
ADB ၏ အစီအစဉ်သစ် ဖြစ်သော ဓာတ်အား ပို့လွှတ်မှု အဆင့်မြှင့်တင်ရေး စီမံကိန်း (Transmission Improvement Project) က သီတာ-သာကေတ-ကျိုက္ကဆံ ဓာတ်အားလိုင်းကို ၆၆ KV မှ ၂၃၀ KV သို့ မြှင့်တင်ရန် ရည်ရွယ်ထားသည်။
တောင်ဥက္ကလာပ နှင့် အနောက်ပိုင်း တက္ကသိုလ်တို့တွင် ဓာတ်အားခွဲရုံ ၂ ခု တည်ဆောက်မည် ဖြစ်သည်။ မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်းက ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံ အဆောက်အဦးများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။
ADB ၏ အရှေ့တောင်အာရှ ဌာနမှ စွမ်းအင်ဆိုင်ရာ အကြီးတန်းအကြံပေး Bui Duy Thanh က “တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်ရွယ်ချက်တွေကို အထောက်အကူ ဖြစ်စေနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး မနိုင်ဝန် ထမ်းနေရတဲ့ ဖြန့်ဖြူးရေး ကွန်ရက်ကို တည်ငြိမ်လုံလောက်တဲ့ ဓာတ်အားပေးနိုင်တဲ့ ကွန်ရက် ဖြစ်လာအောင် အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ရန်ကုန်မြို့က အဓိကနေရာက ပါဝင်နေပြီးတော့ ADB ရဲ့ အခု အကူအညီက ရန်ကုန်နဲ့ ပတ်ဝန်းကျင် ဒေသတွေကို အစိုးရက လုံလောက်တဲ့ ဓာတ်အားပေးနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်” ဟု ပြောသည်။
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ၏ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ADB ၏ ချေးငွေဖြင့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အတွက် ပထမဆုံး ဖြစ်ပြီး သက်တမ်းလွန်နေသည့် ဖြန့်ဖြူးရေးလိုင်း များကို ပြင်ဆင်ရန်နှင့် လူနေထူထပ်သည့် နေရာများတွင် ဓာတ်အားလိုင်းများကြောင့် အန္တရယ်မဖြစ်စေရေး အတွက် အကာအကွယ် Overhead conductor covers များ တပ်ဆင်ရန် အဓိက ဦးစားပေးသွားမည်ဟု ပြောသည်။
“Overhead conductor covers တွေက သစ်ပင်တွေလဲကျရင် ဓာတ်အားလျော့နည်းမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ဓာတ်ကြိုးပြတ်ကျလို့ ပြည်သူတွေ အသက်အန္တရယ် မဖြစ်အာင်လည်း ကာကွယ်ပေးနိုင်ပါတယ်” ဟု ဦး ရန်လင်းကပြောသည်။
လိုအပ်သည့် ပစ္စည်းကိရိယာများ ရန်ကုန်သို့ ရောက်ရှိလာမည့် ဇန်နဝါရီလ အစောပိုင်းတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်မည်ဟု မျှော်လင့်ထားသည်။ လူဦးရေ အထူထပ်ဆုံး မြို့နယ်များတွင် လာမည့်နွေရာသီ မတိုင်မီ လုပ်ငန်းများ ပြီးဆုံးရန်လည်း မျှော်လင့်ထားသည်။ ပုံမှန်အားဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုက နွေရာသီတွင် မြင့်တက်လာလေ့ရှိသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက တရက်လျှင် ၁၂၀၀ မီဂါဝပ် ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်သော တရက်လျှင် စုစုပေါင်း ၂၀၀၀ မီဂါဝပ်၏ တဝက်ကျော်ဖြစ်သည်။ သုံးစွဲမှု ပမာဏကလည်း နှစ်စဉ် တိုးတက်လာသည်။ တိုးလာနေသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်ရေး အရင်းအမြစ်များကို တိုးချဲ့ရန်နှင့် လက်ရှိ ဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူးရေး ကွန်ရက်များကို တိုးချဲ့ခြင်း၊ အားကောင်းလာအောင် ပြုလုပ်ခြင်းများ ဆောင်ရွက်ရန် ADB က အစိုးရကို အကြံပြုထားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေ ၃၂ ဒသမ ၄ ရာခိုင်နှုန်းက မီးထွန်းရန်အတွက် လျှပ်စစ်ဓာတ်အားကို သုံးစွဲကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးက အစားအစာချက်ပြုတ်ရန် လောင်စာအဖြစ် ထင်းကို အဓိက သုံးစွဲကြကြောင်း ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အားကို ချက်ပြုတ်ရာတွင် သုံးစွဲသူက ၁၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိသည်။
ADB ၏ ချေးငွေအပြင် အစိုးရက စီမံကိန်း၏ အုပ်ချုပ်ရေး အသုံးစရိတ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုဆိုင်ရာ အကာအကွယ်များပြုလုပ်ရန်၊ စီမံကိန်းအတွက် လမ်းများ ဖောက်လုပ်ရန် နှင့် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ရန် အတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ သန်း ထည့်ဝင်သွားမည် ဖြစ်သည်။
ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် အဆိုပါ စီမံကိန်းက ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြီးစီးရန် ADB ကမျှော်လင့်ထားသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဆုမွန်၏ ADB to Provide Loan for Rangoon Power Upgrade ကို ဘာသာပြန်ဆိုသည်။