စည်းလုံးသော၊ အောင်မြင်သော စောင့်ရှောက်တတ်သော အာဆီယံ အသိုင်းအဝိုင်းဖြစ်လာရန် ဖန်တီးရာတွင် ထူးခြား ပြောင်မြောက်စွာ ပါဝင်ခဲ့သည့်အတွက် ပြီးခဲ့သည့် လက ASEAN People’s Award ဆုရရှိခဲ့သူ ၁၀ ဦးထဲတွင် ရန်ကုန် အခြေစိုက် Parami Roundtable Series Group လည်း အပါအဝင်ဖြစ်သည်။
အဆိုပါဆုသည် ဒေသတွင်းမှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလှူဒါနပြုလုပ်ခြင်းများ၊ ပညာရေး နှင့် စီးပွားရေး စသည့် နေရာများတွင် ပြောင်းလဲမှုများရှိလာရန် အားထုတ်ခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ဆုတခုလည်းဖြစ်သည်။
၂၀၁၃ ခုနှစ်ကစ၍ Parami Roundtable Series Group က မြန်မာနိုင်ငံ၏ စီးပွားရေး အသိုင်းအဝိုင်းအတွက် စေတနာ့ ဝန်ထမ်း ဝန်ဆောင်မှုများပေးသည့် အလုပ်ရုံဆွေးနွေးပွဲ (workshop) များ စီစဉ်ပေးခဲ့ပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) နှင့် ပတ်သက်၍ ပိုမိုသိရှိလာကြစေရန် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းအဖွဲ့ကို ပါရမီ စွမ်းအင်ကုမ္ပဏီ အုပ်စု (Parami Energy Group of Companies) က ထောက်ပံ့ခြင်း ဖြစ်သည်။
ဆုအတွက် မြန်မာအစိုးရက ပြည်တွင်းသတင်းစာများမှ အဆင့် လျှောက်လွှာခေါ်ယူခဲ့ရာတွင် လူပုဂ္ဂိုလ် ၃ ဦးနှင့် အဖွဲ့ အစည်း ၅ ခုက အဆိုပြုလွှာ တင်သွင်းခဲ့ကြသည်။ အာဆီယံ၏ သမိုင်းတွင် ပထမဆုံး အနေဖြင့် အဖွဲ့ဝင်နိုင်ငံတိုင်းမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ တခုကို ဂုဏ်ပြုဆုချီးမြှင့်ရန်ဖြစ်ပြီး ပထမဆုံးအကြိမ်ပေးသည့် ဆုလည်းဖြစ်သည်။
“ဒီဆုက ဒေသတွင်းမှာ ပထမဆုံးဂုဏ်ပြုတာ ဖြစ်ပါတယ်။ ဒီဆုကိုရတဲ့အတွက် ကျနော်တို့ ဂုဏ်ယူပါတယ်။ ကျနော်တို့ရဲ့ အလုပ်တွေကို နောက်နှစ်မှာလည်း ဆက်လုပ်သွားပါမယ်” ဟု Parami Roundtable Series Group ၏ အကြီးတန်း အကြံပေးတဦးဖြစ်သော ဦးတင်ချိုက ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Parami Energy Group of Companies ၏ အမှု ဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ ဦးပြည့်ဝထွန်းကလည်း အလားတူပင် ပြောခဲ့ပြီး မြန်မာနိုင်ငံတွင် အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားနိုင်ရန် ၎င်းတို့အဖွဲ့က အလေးပေးဆောင်ရွက်သွားမည်ဟု သူကဆိုသည်။
“လာမယ့် နှစ်မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်းက စတင်မှာ ဖြစ်ဖို့အတွက် ဘယ်လို စိန်ခေါ်မှုတွေရှိလာမယ်။ ဘာတွေ ပြင်ဆင်ထားရမယ် ဆိုတာကို ပြည်သူတွေ သိဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီလို workshop တွေကို လုပ်တာပါ။ ကျနော်တို့တွေ AEC ကို သဘောပေါက်နားလည်မှုနဲ့ နောက်လာမယ့် အစိုးရခေတ်မှာ ကမ္ဘာနဲ့ ဆက်သွယ်တဲ့ အမြင်တွေကို ပိုတိုးတက်လာစေချင်ပါတယ်” ဟု ဦးပြည့်ဝထွန်းက ပြောသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဆုလက်ခံရယူခဲ့သော တခြားအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များမှာ ကမ္ဘောဒီးယားနိုင်ငံမှ Union of Youth Federations of Cambodia ၊ လာအို နိုင်ငံမှ Thasano Rice and Seed Multiplication Center ၊ ဖိလစ်ပိုင် နိုင်ငံမှ Ray Paolo J. Santiago ၊ ထိုင်းနိုင်ငံမှ Dr. Saisuree Chutikul ၊ အင်ဒိုနီးရှား နိုင်ငံမှ Prita Kemal Gani ၊ စင်ကာပူနိုင်ငံမှ Polytechnic ၊ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဟောင်း Tun Muhammad Ghazali Shafie ၊ ဘရူနိုင်းနိုင်ငံမှ Persatuan Basmi Dadah နှင့် ဗီယက်နမ်နိုင်ငံမှ Nguyen Manh Cam တို့ ဖြစ်သည်။
ဆုရရှိသူများ၏ ပိုမိုကောင်းမွန်သည့် အာဆီယံ အသိုင်းအဝိုင်းတခုကို တည်ဆောက်ရန် ကြိုးပမ်းမှုများအတွက် အားပေးသည့် အနေဖြင့် ဆုတံဆိပ်တခု နှင့် အတူ ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀၀ စီကိုလည်း ချီးမြှင့်ခဲ့သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်ဆုမွန်၏ Asean Award Under Its Belt, Burma Business Group Vows to Continue Work ဘာသာပြန်ဆိုသည်။