၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရရှိပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာ နိုင်ငံတွင်း ဝင်ရောက်ဖို့ အပြိုင်အဆိုင် တာစူနေကြလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်း အသိုင်း အဝိုင်း က မျှော်လင့်နေကြပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်အုပ်စုက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အစိတ်အပိုင်း တချို့ကို ဖယ်ရှားပေးမယ့် အခြေအနေဖြစ်ထွန်းနေပါတယ်။
သမ္မတဦးသိန်းစိန်က တည်ငြိမ်အေးချမ်းစွာ အာဏာ လွှဲပြောင်းမယ် လို့ ကတိပြုလိုက်ချိန်မှာ တော့ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းဆီက ရင်းနှီးမြှုပ်နှံမှုတွေ သေချာပေါက် စီးဝင်လာမယ့် အခြေ အနေတွေရှိနေပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေပိုင်းဆိုင်ရာတွေ ပြင်ဆင်ဆဲ၊ ရေးဆွဲဆဲနဲ့ လိုအပ်ချက်တွေ များပြားသေးတာကြောင့် အခုလို တည် တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲ ပြီးဆုံးသွားတဲ့ ရလဒ်နဲ့တင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ဝင်လာချင်မှ ဝင်လာ မယ် လို့ ပြောဆိုကြတာတွေလည်းရှိပါတယ်။
ဒီလိုအချိန်မှာ စီးဝင်လာတော့မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ များပြားလာမယ့် ငွေကြေးလည်ပတ်မှု၊ ငွေကြေး ဝန်ဆောင်မှုတွေအတွက် အထူးအရေးပါတဲ့ ဘဏ်လုပ်ငန်းတွေက ပြည်တွင်းမှာ အရင်ထက်ပိုမို ဖွံ့ဖြိုးဖို့ လိုလာပြီလို့ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အစိုးရ၊ပုဂ္ဂလိကဘဏ် စုစုပေါင်း ၃၀ နီးပါးရှိနေပြီး နိုင်ငံခြားဘဏ် ၉ ခု ကိုလည်း ပြည်တွင်းမှာ အကန့် အသတ်တချို့နဲ့ ဖွင့်ခွင့်ပေးထားပါသေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးဝင်လာပြီဆိုတဲ့ အချိန်မှာ မြန်မာဘဏ်တွေဟာ အရင်း အနှီးနည်းတာဖြစ်တဲ့အတွက် ငွေကြေးအင်အားတောင့်တင်းတဲ့ နိုင်ငံခြားဘဏ်တွေက ပိုမိုအားသာပြီး အကျိုးရှိမှု များ စေမယ်လို့ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပါတယ်။
“ပြည်တွင်းဘဏ်တွေက အကျိုးရှိဖို့ သိပ်မရှိပါဘူး။ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေရဲ့ Capital ကနိုင်ငံခြားမှာ ရှိတဲ့ ဘဏ်ခွဲ တခုလောက်ရဲ့ ပိုက်ဆံမှ မရှိဘဲ ။ Capital အင်မတန်နည်းနေတဲ့ ဒီဘဏ်တွေက နိုင်ငံခြားဘဏ်တွေနဲ့ ယှဉ်တွဲပြီး လုပ်မယ် ဆိုရင် တော့ အကျိုးရှိမှုကတော့ ရှိနိုင်စရာ အကြောင်းမရှိပါဘူး” လို့ ဦးသိန်းထွန်းက ပြောပါတယ်။
ပြည်တွင်းဘဏ်တွေထဲမှာ ဘဏ်ခွဲအများဆုံးနဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ ကမ္ဘောဇလို ဘဏ်မျိုးတောင်မှ အရင်းအနှီးပမာဏကို အခြားနိုင်ငံတကာဘဏ်တွေနဲ့ ယှဉ်မယ်ဆိုရင် တကယ့် ဘဏ်သေးသေးလေး တခုစာလောက်ပဲ ရှိနေတဲ့ အခြေအနေဖြစ်တာမို့ မြန်မာနိုင်ငံက ဘဏ်တွေရဲ့ ငွေပင်ငွေရင်း အရင်းအနှီးပမာဏ မြင့်မားလာအောင် လုပ်ဆောင်ဖို့က များစွာကြိုးစားရအုံးမှာပါလို့ ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က ပြောပါတယ်။
ဦးသန်းလွင်က “Capital က ကျနော်တို့က အိုင်ထဲက ဖားလို့ဖြစ်နေတယ်။ ကျနော်တို့ဘဏ်က Capital အရဆို အကြီးဆုံး ဆိုပေမယ့်လည်း ဒေသတွင်းမှာ ရှိတဲ့ ဘဏ်နဲ့ သွားယှဉ်တောင်မှ ဘဏ်သေးသေးလေး ဖြစ်သွားတယ်။ ကျနော်တို့ဘဏ်က ဘီလီယံ ၂၀၀ နီးပါးလောက်ရှိတယ်။ ဒါပေမယ့်လည်း တွက်လိုက်ရင် ထားပါ။ ဒေါ်လာ သန်း၂၀၀။ ဒါက သူများနိုင်ငံမှာ ဘဏ် သေး ရင်တောင် အရင်းအနှီးက ဒေါ်လာ သန်း ၅၀၀ လောက်ရှိတာ။ဘီလီယံနဲ့ စကားပြောတဲ့ အချိန်မှာ ဘယ်လို သွားပြိုင်နိုင်မလဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ဘဏ်တွေမှာ ဒီလို ငွေကြေးအရင်းအနှီးအပြင် နည်းပညာပိုင်းနဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေလည်း ပြင် ဆင် ဖို့ အများကြီးလိုနေသေးတယ်လို့ သူက ပြောပါတယ်။ အပြိုင်အဆိုင်ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ အတွက် ချေးငွေကိစ္စပိုင်းဆိုင်ရာ ကိစ္စတွေမှာ နိုင်ငံခြားဘဏ်တွေက အားသာမယ်ဆိုပေမယ့် ပြည်တွင်း နေရာ အများ အပြားမှာ လည်ပတ်ရမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက်က ပြည်တွင်းဘဏ်တွေက အဓိက လုပ်ကိုင်ရမယ့် အခြေအနေပါလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဇော်လင်းထွဏ်းက ပြောပါ တယ်။
ဦးဇော်လင်းထွဏ်းက “ချေးငွေပေးတဲ့ကိစ္စမျိုးတွေမှာကျ နိုင်ငံခြားဘဏ်တွေက ပြည်တွင်းဘဏ်တွေထက်စာရင် ပိုပြီးတော့ ချေး နိုင်တဲ့ ပမာဏများမယ်။ သူတို့ကပိုပြီးတော့ FDI တွေနဲ့ အခြားနိုင်ငံတွေမှာ လက်တွဲလုပ်လာတာများပြီ။ Customer Relationship တွေ ကောင်းတဲ့အတွက် သူတို့တွေက ပိုပြီးအကျိုးကျေးဇူးတွေ ပိုရှိလာမယ်။ Local Market Operation မှာတော့ ပြည်တွင်း ဘဏ်တွေကို မသုံးလို့မရဘူးလို့ ကျနော်မြင်ပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းဈေးကွက်အတွက် ပြည်တွင်း ငွေ လည်ပတ်စီးစင်းရေး အတွက်ဆိုတဲ့အခါကျရင် သူတို့ရဲ့လည်ပတ်မှုအတွက် ပြည်တွင်းဘဏ်တွေကို အားကိုး ရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့နိုင်ငံခြားဘဏ်တွေက One Branch Only ပဲဖွင့်ခွင့်ပေးထားတာမို့ပါ” လို့ ဆိုပါ တယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၉ ခုကို ပြည်တွင်းမှာ လုပ်ပိုင်ခွင့်လိုင်စင်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက် နေ့က ချထားပေးခဲ့တာ ဖြစ်ပြီး လက်ရှိပြည်တွင်းဘဏ်တွေ လုပ်နေတဲ့ လက်လီဘဏ်လုပ်ငန်းစနစ် Retail Banking ကိုလုပ်ပိုင် ခွင့်မပေးပဲ ငွေကြေးအဖွဲ့အစည်းတွေ ဘဏ်တွေနဲ့သာ လုပ်ကိုင်ရတဲ့ Whole Sale Banking စနစ်ကို လုပ်ပိုင် ခွင့်ပေးခဲ့တာပါ။ ဒီဘဏ်တွေက နိုင်ငံခြားငွေရော ကျပ်ငွေရော ၂မျိုးလုံး လုပ်ပိုင်ခွင့်ရပေမယ့် ဘဏ်ခွဲကို တခုပဲ ထားခွင့်ရှိတာမို့ ရန်ကုန်မှာပဲ အခြေစိုက် ဘဏ်တခုစီပဲ ရှိကြပါတယ်။
ငွေကြေးဝန်ဆောင်မှုတွေနဲ့ ငွေကြေးလည်ပတ်မှုတွေအတွက် ပြည်တွင်းဘဏ်တွေက ဝန်ဆောင်မှု ပေးကြရမယ့် နေရာမှာ စိန်ခေါ်မှုတွေက ရှိနေပါတယ်လို့ ဦးဇော်လင်းထွဏ်းက ပြောပါတယ်။
“မြန်မာဘဏ်တွေအတွက် အခြေခံအဆောက်အဦက စိန်ခေါ်မှုတခုပါပဲ။ ဘာဖြစ်လို့လည်း ဆိုရင် Communicaiton တွေက တည်ငြိမ်မှုမရှိသေးဘူး။တခါတလေ ဖုန်းပြောနေရင်းတောင် ပြတ်သွားတာတွေ ရှိတယ်ပေါ့။နောက်တခုက လျှပ်စစ်မီး မလုံ လောက်မှု၊ နောက်တခုက လူသားအရင်းအမြစ်ပါ။ နောက်ပိုင်း FDI တွေ အခြားလုပ်ငန်းတွေများလာရင် ဒါကလည်း စိန်ခေါ် မှုတရပ်ပါပဲ” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခုလာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာဖွင့်မယ့် စတော့အိတ်ချိန်း၊ စတော့ဈေးကွက်ကလည်း ဘဏ်တွေက လုပ်ဆောင် ရမယ့် အခန်းကဏ္ဍတွေများလာပါတယ်။ဘဏ်တွေကနေတဆင့်ချိတ်ပြီး အရောင်းအဝယ်တွေ လုပ်ဖို့ဖြစ် လာကြမှာပါ။ရင်းနှီးမြှုပ်နှံမှုတွေ ငွေကြေးဝန်ဆောင်မှုတွေ များပြားလာမှာ ဖြစ်တာမို့ ဘဏ်တွေ အချင်းချင်းကြားမှာ ပြိုင် ဆိုင်မှုတွေကလည်း ပိုမိုပြင်းထန်လာမှာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။
“ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင် ပေးနိုင်မယ့် ဘဏ်တွေနဲ့ အချင်းချင်းကြားမှာ ယှဉ်ပြိုင်မှုတွေ ပိုမြင့်လာမှာပေါ့။ အဲ့ဒီအတွက် ဘဏ်တွေကြားမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ပိုလိုအပ်လာလိပ်မယ်။မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အနေအထားနဲ့ တွက်ကြည့်ရင် ဘဏ်တွေက များလွန်းအားကြီးနေပါတယ်။ အရေအတွက်ထက် စာရင် အရည် အသွေးကို မြှင့်တင်နိုင်တဲ့ ဘဏ်လုပ်ငန်းတွေ လိုလာလိပ်မယ်” လို့ ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်တွေကြားမှာ ယှဉ်ပြိုင်မှုတွေ ရှိလာတာကြောင့် အချို့ဘဏ်တွေဆိုရင် အမြတ်အစွန်း မရှိ သလောက်နည်းပါးခဲ့မှုတွေကြောင့် ဘဏ်ရဲ့ ရှယ်ယာရှင်တွေကို အမြတ်ဝေစု ခွဲဝေမပေးနိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ် လာတာတွေတွေ့ရပါတယ်။ဒီလိုအဖြစ်မျိုးကို ဦးတေဇ တည်ထောင်ခဲ့တဲ့ AGD ဘဏ်က ကြုံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာ ရှယ်ယာရှင်တွေကို အမြတ်ဝေစု ခွဲမပေးနိုင်ခဲ့ပါဘူး။
လက်ရှိအချိန်မှာ နိုင်ငံခြားဘဏ်တွေဟာ အရင်းအနှီးများတာကြောင့် ပြည်တွင်းဘဏ်တွေက မယှဉ်နိုင်မယ့် အချက်တွေ ရှိပါတယ်။ ပြည်တွင်းဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်တွေ ဖက်စပ်လုပ်ပိုင်ခွင့် ကလည်း အခုအချိန်အထိ အဆင်မပြေသေးပါဘူး။ဒီလို ဖက်စပ် လုပ်ပိုင်ခွင့်အဆင်မပြေသေးတာက မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပါအချက်တွေကြောင့် ဖြစ်ပြီး ဒီဥပဒေပြင်ဆင်ပြီးမှသာ ဖြစ်နိုင်မယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောဆိုထားပါတယ်။
ကုမ္ပဏီများ အက်ဥပဒေက အခုအချိန်အထိ လွှတ်တော်ကနေ အတည်ပြု ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ အနာဂတ် မှာ ဝင်ရောက်လာဖို့ရှိပြီး များပြားလာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ငွေကြေးဝန်ဆောင်မှုတွေအတွက် ပြည်တွင်းက ဘဏ်လုပ်ငန်းတွေ လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးဖို့လိုပါပြီ။ အခြေခံအဆောက်အဦတွေဖြစ်တဲ့ ဆက်သွယ်ရေးစနစ်တွေ လျှပ်စစ်မီး လုံလောက်စွာရရှိမှုတွေ လူသားအရင်းအမြစ်နဲ့ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုတွေ၊ နည်းပညာ လိုအပ်ချက်တွေက လျှင်လျှင် မြန်မြန်နဲ့ ဖွံ့ဖြိုးဖို့လိုလာပြီ ဖြစ်ပါတယ်။