၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည် အရေကအတွက် ၄ဒသမ ၂ သန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဒီဇင်ဘာ ၅ ရက်နေ့ ရန်ကုန်မြို့၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ပြုလုပ်သော ခရီးသွားလုပ်ငန်းအနာဂတ်နှင့်ပတ်သတ်သည့် အခမ်းအနားတွင် ပြောဆိုသည်။
“အခုစာရင်းအရ ဆိုရင် ၄ ဒသမ၂ သန်းကျော်နေတယ်။ ဒီဇင်ဘာမှာ အနေအထားက အများကြီးကောင်းပါတယ်။ ဘာဖြစ် လို့လည်း ဆိုရင် တိုင်းပြည်ရဲ့ အပြောင်း၊ ကျနော်တို့ရဲ့ ရွေးကောက်ပွဲကာလ အပြောင်းဟာ ကျနော်တို့အတွက် အများကြီး အခြေအနေ ပေးလိုက်လို့ဖြစ်ပါတယ်။လာချင်တဲ့သူတွေ၊ မေးနေတဲ့သူတွေ အများကြီး ရှိနေပါတယ်။ ဒီလို ရှိနေတဲ့ အတွက် ဒီနှစ်သည် နောက်ဆုံး ချုပ်မယ်ဆိုရင်တော့ ခရီးသည် ၄ ဒသမ ၇ ပတ်ဝန်းကျင် ရှိနိုင်ပါတယ်” ဟု ဦးဌေးအောင်က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်ငန်း ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် ခရီးသွားဝင်ရောက်မှုကို ၅သန်းအထိမှန်းထားခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် ဧပြီလမှ မတ်လအထိ တွက်မည်ဆိုပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သည် မှန်းထားသောခရီးသည် ၅သန်းအရေအတွက် ပြည့်မီနိုင်ကြောင်း သိရသည်။
ခရီးသွားဝင်ရောက်မှုသည် ယခုနှစ်များအတွင်း ဆက်တိုက်မြင့်တက်လာနေခဲ့ပြီး ပြီးခဲ့သည့် နှစ်တွင် ဝင်ရောက်မှု ၃သန်းအထိ ရှိခဲ့ကြောင်း၊ ယခင် ၂၀၁၁ ခုနှစ်ကပြည်ပ ခရီးသွား ဝင်ရောက်မှု ၈သိန်းကျော်သာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ပြည်ပခရီးသွား ၁ သန်းကျော်၊၂၀၁၃ ခုနှစ်တွင် ပြည်ပခရီးသွား ၂ သန်းကျော်ဖြင့် နှစ်အလိုက် တိုးတက်လာခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
“မိုးတွင်းလိုချိန်ခါမျိုးတွေမှာ ကမ်းခြေ ဧရိယာတွေမှာ ကောင်းကောင်းမွန်မွန် ဝင်ထွက်သွားလာနိုင်တယ်ဆိုရင် ကျနော်တို့ရဲ့ ကိန်းဂဏ္ဍန်းတွေက ဒီထက်ပိုတက်လာအုံးမှာ” ဟု ဝန်ကြီးဦးဌေးအောင်က ဆိုသည်။
နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုကို ကြည့်မည်ဆိုပါက အများစုမှာ နယ်စပ်မှ ဝင်ရောက်လာသူများ ဖြစ်ပြီး၂၀၁၄ ခုနှစ်တွင် ဝင်ရောက် ခဲ့သည့် ပြည်ပ ခရီးသွား ၃ သန်းကျော်တွင် နယ်စပ်မှတဆင့် ဝင်ရောက်လာမှုမှာ ၁ သန်း ၉သောင်းကျော် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ခရီးသွားဝင်ရောက်မှု များပြားလာမှုနှင့် အတူ ပြည်တွင်း ဟိုတယ်လုပ်ငန်းများတိုးချဲ့မှုလည်း သိသာစွာ များပြားလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လျက်ရှိရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၁၅ခုနှစ် စက်တင်ဘာလအထိ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်း စီမံကိန်း စုစုပေါင်း ၄၇ ခုကို ခွင့်ပြုချထားပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၆၀၀ ကျော်အထိ ရှိကြောင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။
ဟိုတယ်လုပ်ငန်း စီမံကိန်းများတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံမှာ လက်ရှိတွင် စင်ကာပူ နိုင်ငံဖြစ်နေပြီး ဗီယက်နမ်နိုင်ငံ ထိုင်း၊ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့က အများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ခရီးသွားများ ဝင်ရောက်မှု တိုးလာသည်နှင့်အတူ ရရှိသည့် ဝင်ငွေလည်း မြင့်မားလာနေပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ ၇၈ ဘီလီယံ အထိရှိလာကြောင်း ၊ ၂၀၁၂ ခုနှစ်တွင် ရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရှိခဲ့ကြောင်း အစိုးရသတင်းအချက်အလက်များအရ သိရှိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန အချက်အလက်များအရ ပြည်တွင်းသို့ ဝင်ရောက်သည့် ခရီးသွားများတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး စုစုပေါင်း၏ ၇၀ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ဒုတိယအများဆုံးမှာ အနောက်ဥရောပနိုင်ငံများမှ ဖြစ်ကြောင်းနှင့် တတိယအများဆုံးမှာ အမေရိကန်နှင့် ကနေဒါနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။