စီးပွားရေး

မြန်မာ့စီးပွား ဖွံ့ဖြိုးရေး အနောက်ကို မျှော်သင့်လား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လာမည့်မတ်လတွင် အစိုးရသစ် ဖွဲ့စည်းရန် ရှိနေသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလွန် အခြေအနေတွင် ကျန်ရှိနေသေးသည့် အရေးကြီး မေးခွန်းမှာ မည်သူကNLD ပါတီ၏ နိုင်ငံတကာ စီးပွားရေး အတွက် အဓိက လုပ်ဖော်ကိုင်ဘက် ဖြစ်လာမည်နည်း။ အိမ်နီးချင်းနိုင်ငံများထဲကဖြစ်မည်လား သို့မဟုတ် အနောက်နိုင်ငံများမှ ဖြစ်မည်လား ဆိုသည့် အချက်ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော သမိုင်းဝင်ရွေးကောက်ပွဲတွင် အနိုင်မရရှိမီ ကတည်းကပင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒါဇင်နှင့် ချီသော သံအမတ်များ၊ အနောက်တိုင်းမှ အခြား သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး တချိန်က ကမ္ဘာ၏ အပယ်ခံဖြစ်ခဲ့ရသော မြန်မာနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ထိုသို့တွေ့ဆုံမှုများက နိုင်ငံ စီးပွားရေး နောက်တဆင့်သို့ တက်လှမ်းရန် သေချာ စေခြင်းထက် စာလျှင် မြန်မာနိုင်ငံ၏ စီးပွားရေး အသိုင်းအဝိုင်းအတွင်းတွင် ယှဉ်ပြိုင်မှုများ ရှိလာမည့် အလင်းရောင်တခုကိုသာ ပြသနိုင် ခဲ့ပါသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအသင်း၏ ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက မြန်မာနိုင်ငံအနေဖြင့် ယုံကြည်စိတ်ချရသည့် အာဆီယံစီးပွားဖက်များ အပေါ်တွင် ဆက်လက်အလေးပေးသင့်သည်ဟု အကြံပြုလိုက်သည်။

“အာဆီယံဒေသတွင်းမှာ လူဦးရေ သန်း ၆၀၀ ကျော်ရှိပါတယ်။ အလွန်များပါတယ်။ အဲဒီလူတွေက ဒီမှာ ကျနော်တို့နဲ့ အတူ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားဖက် ကောင်းတွေ အနေနဲ့ ပါဝင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထိုင်းနဲ့ စင်ကာပူဆိုရင် ကျနော်တို့နဲ့အတူ အမြဲရပ်တည်ထောက်ပံ့ခဲ့တယ်။ နိုင်ငံတွင်းမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကြီးမားပါတယ်”ဟု သူက ဆိုသည်။

ယမန်နှစ်က စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွင် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံဖြင့်ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ၎င်း၏အနောက်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ရပ်တည်နေကြသည်.။

“တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့လည်း ဆက်ဆံရေး တည်ဆောက်သင့်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဆက်ဆံရေးအသစ် တခု ဖန်တီးချိန်မှာ တည်ရှိနေဆဲဖြစ်တဲ့ ဆက်ဆံရေးတွေကိုလည်း ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အစိုးရအသစ်အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်”ဟု ဒေါက်တာ မောင်မောင်လေးကပြောသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က အဓိကနေရာမှ ပါဝင်နေချိန်တွင် အစိုးရအနေဖြင့် အနောက်နိုင်ငံများဘက်သို့ ပို၍ အလေးထားသင့်သည်ဟု လေ့လာစောင့်ကြည့်သူအချို့က ပြောသည်။

“နောက်တက်လာမယ့် အစိုးရက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ပြုလုပ်နိုင်မယ်ဆိုရင် ကျနော်တို့ အတွက် အခွင့်အလမ်းတွေ အများကြီး ပွင့်လာမှာ ဖြစ်ပါတယ်။ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးတာနဲ့ အမျှ ဈေးကွက်က ကျယ်ပြန့်လာပါမယ်။ နောက်ပြီး အမေရိကန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမယ်ဆိုရင် တခြားနိုင်ငံတွေလည်း သေချာပေါက်လိုက်လာကြပါလိမ့်မယ်”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဒေါက်တာစိုးထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုက အခြားနိုင်ငံများနှင့် ယှဉ်လျင် နှေးကွေးလျက် ရှိနေသေးသည်ဟုလည်း သူက ထောက်ပြသည်။

“မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်စပ်လုပ်ကိုင်သူတွေ အဖြစ် အာဆီယံ အသိုင်းအဝိုင်းနဲ့ တရုတ်နိုင်ငံလိုမျိုး နိုင်ငံတွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိထားပြီးသားလို့ ကျနော်ထင်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ စိတ်ပူစရာမလိုပါဘူး။ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ဖို့ကိုပဲ ကျနော်တို့ စဉ်းစားသင့်ပါတယ်”ဟု ဒေါက်တာစိုးထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ချေးငွေ (ODA) ထည့်ဝင် ကူညီခြင်းနှင့် တိုင်းပြည်၏ အခြေခံအဆောက်အအုံများကို တည်ဆောက်ရန်အတွက် ပံ့ပိုပေးနေသော ဂျပန်နိုင်ငံက အဓိက နေရာမှ ပါဝင်လိမ့်မည်ဟု ၂ ဘက်လုံးမှ လေ့လာစောင့်ကြည့်သူများက ယုံကြည်ကြသည်။

NLD ပါတီမှ ထုတ်ပြန်ကြေညာခဲ့သည့် အဓိက စီးပွားရေးမူဝါဒ ၅ ချက်တွင် အခွန်နှင့် အသုံးစရိတ်များကို ပြန်လည်စိစစ်ရေး၊ ထိရောက် ကျစ်လစ်သော အစိုးရပြန်လည်ဖွဲ့စည်းရေး၊ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်မြင့်တင်ရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေး ကဏ္ဍ တည်ငြိမ်မှုရရှိရေးနှင့် အလုပ်ဖြစ်သော အခြေခံအဆောက်အဦးများ ဖန်တီးရေးတို့ ပါဝင်သည်။ NLD ပါတီ၏ မူဝါဒများ က ပြည်တွင်းဥပဒေများနှင့်ကိုက်ညီပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်လည်း ကိုက်ညီပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာကုမ္မဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို ရှာဖွေနေချိန်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို လည်း အကာအကွယ်ပေးနိုင်မည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ အတိုင်းအတာနှင့် ပတ်သက်၍လည်း လေ့လာစောင့် ကြည့်သူအချို့က သတိထားနေကြသည်။

“တကယ်တော့ အစိုးရသစ်အနေနဲ့ ကျနော်တို့ ဆီကနေ အကျိုး အမြတ်ရယူဖို့ ကြိုးစားလာမယ့် တခြားနိုင်ငံတွေအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံက စီးကပွားရေးသမားတွေအတွက်ပဲ စိတ်ပူသင့်ပါတယ်။ အခု ဒီမှာရှိတဲ့ ကုမ္မဏီတွေရဲ့အနည်းဆုံး ၆၀ ရာခိုင်နှုန်း လောက်က နိုင်ငံခြားသားတွေ ပိုင်တယ်ဆိုတာ သိပါသလား။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ အစိုးရသစ်က သိဖို့လိုအပ်ပါတယ်”ဟု ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် MGS distributionမှ ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။

နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသော်လည်း ကုမ္မဏီပိုင်ဆိုင်မှု ရာခိုင်နှုန်းက ပြည်တွင်းမှ လုပ်ငန်းရှင် များအတွက် လက်တွေ့ယှဉ်ပြိုင်ရာတွင် အရေးကြီးကြောင်း ဦးသိန်းထွန်းက ပြောသည်။

“အစိုးရသစ်အနေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် မစဉ်းစားဘူးဆိုရင် ဘယ်သူမှ အကျိုးအမြတ်ရမှာ မဟုတ်ပါဘူး”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading