မြန်မာပြည်မှ ထွက်ရှိသည့် ကျောက်စိမ်းများဖြင့် တရုတ်ပြည်၊ ယူနန်၊ ကွမ်ကျိုးစသည့် ပြည်နယ်ကြီးများ၊ ဘေဂျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင်စသည့်မြို့ကြီးများတွင် တရုတ်လုပ်သား သန်းနှင့်ချီ၍ ကျောက်စိမ်းနှင့် ဆက်စပ်နေသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြချိန်တွင် မန္တလေးမြို့အခြေစိုက် ကျောက်စိမ်းပန်းပုဆရာ ဦးမောင်ကြီး အဖို့ ၁၉၉၃ခုနှစ် ကတည်းက လုပ်ကိုင်လာခဲ့သည့် သူ့လုပ်ငန်းကို ရပ်နားဖို့ရာ ဆုံးဖြတ်လိုက်ရပြီဖြစ်သည်။ “ဈေးးကွက်အေးသွားတာ ၂၀၁၀ ကျော်ကတည်းကနေ အခုထိပဲ။ မိသားစုကလည်း ရှိလာတော့ တောင့်မခံနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ကျောက်စိမ်းလုပ်ငန်းသည် တရုတ်ပေါ်တွင်သာ အဓိက မူတည်နေကြောင်း သဇင်ပန်းကျောက်မျက်ရောင်းဝယ်ရေးမှ ဒေါ် ခင်လေးမြင့်က ပြောသည်။ “တရုတ်အစိုးရက ကျောက်ကုန်သည်တွေကို အတိုးမဲ့ငွေချေးပေးတယ်။ အဲဒါနဲ့ လာဝယ်တယ်။ အဲဒီအစီအစဉ်ကို တရုတ် က ရပ်လိုက်တဲ့အခါ ဒီက ကျောက်စိမ်းဈေးကွက်က ပျက်သွားတယ်”ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့၊အင်းလျားလိတ်တွင် ၁၉၆၄ခုနှစ်မှ စတင်ကာ ကျောက်မျက်ပြပွဲပြုလုပ်ကာ ရောင်းချခဲ့သည်။ ၁၉၉၃ခုနှစ်တွင် ကမ္ဘာအေး ကျောက်မျက်ရတနာခန်းမသို့ ပြောင်းလဲရောင်းချခဲ့ပြီး တနှစ်ကို နှစ်ကြိမ်(မတ်လနှင့်သြဂုတ်လ) ပြုလုပ်ရောင်းချ ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်တုန်းက ကျောက်စိမ်းထက် မိုးကုတ်ပတ္တမြားကို ပိုမိုရောင်းချကြပြီး ရောင်းချရမှုနှုန်းမှာ မိုးကုတ် ပတ္တ မြား၇၀%နှင့် ကျောက်စိမ်း ၃၀%သာ ရှိသေးသကဲ့သို့ ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်မှုပုံစံမှာလည်း တပိုင်တနိုင် တူးဖော်သည့်အဆင့်သာ ရှိသေးပြီး တိုင်းရင်းသားများအားလုံးဝင်ရောက်တူးဖော် ပိုင်ခွင့်ရှိသော်လည်းစက်ယန္တရားကြီးများ ကို အသုံးပြုခွင့်မရှိသေးပေ။ တိုင်းရင်းသားများ တရားဝင်ရောင်းချမှုထက် တရားမဝင်ရောင်းချမှုက များပြားပါသည်။
၁၉၉၄ စက်တင်ဘာ ၆ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် မြန်မာ့သတ္တုတွင်းဥပဒေ ထွက်ပေါ်လာခဲ့ပြီးနောက် နှစ်နှစ်အကြာ ၁၉၉၆ ဒီဇင်ဘာလ ၃၀ရက်တွင် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာနမှ မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။ ထိုဥပဒေ၊ နည်းဥပဒေတို့တွင် လုပ်ကွက် သက် တမ်းအား သုံးနှစ်ပေးကာ ယာဉ်၊ယန္တရားကြီးများနှင့် တူူးဖော်ခွင့်လည်း ရသွားပြီဖြစ်သည်။
၁၉၉၇-၉၈တွင် ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့များသည် ငွေကြေးအင်အား အလုံးအရင်းဖြင့် ကျောက်စိမ်း လုပ်ကွက်များကို တူးဖော်ခဲ့ကြပြီး တဆက်တည်းပင် တိုင်းရင်းသားအမည်ခံ ဆွေမျိုးပေါက်ဖော်များသည်လည်း ဝင်ရောက် တူးဖော်လာခဲ့ကြသည်။ ကျောက်စိမ်းအထွက်နှုန်း သိသိသာသာမြင့်မားလာသကဲ့သို့ ကျောက်မျက်ပြပွဲများတွင် ရောင်းချရ ငွေမှာလည်း ယခင်က ဒေါ်လာနှစ်သန်းဝန်းကျင်သာရှိရာမှ ၁၉၉၇တွင် ဒေါ်လာသန်းနှစ်ဆယ်ဝန်းကျင်ထိ မြင့်တက် လာ သည်။ ပြည်တွင်းကျောက်ကုန်သည် အများစုသည်လည်း ယခင်က ယိုးဒယား၊ မဲဆောက်၊ ရွှေလီတို့မှတဆင့် မှောင်ခို ရောင်းချရာမှ ပြည်တွင်းကျောက်မျက်ပြပွဲများသို့ ခြေဦးလှည့်လာခဲ့ကြသည့်အတွက် ယခင်က ပတ္တမြားရောင်းအားက ပို သော်လည်း ၁၉၉၇-၉၈-၉၉ ခုနှစ်များတွင်မူ ကျောက်စိမ်းရောင်းအားက ပိုမိုများပြားလာခဲ့သည်။
၁၉၉၉-၂၀၀၀ခုနှစ်တွင် ကျောက်မျက်ပြပွဲမှ ရောင်းချရရှိသည့်ငွေကြေးများကို အစိုးရက ငွေဖြူအဖြစ် သက်မှတ်လိုက်ပြီး နောက်တွင်မူ ကျောက်မျက်ပြပွဲများသို့ လာရောက်ရောင်းချသူပိုမိုများပြားလာသကဲ့သို့ နိုင်ငံခြားမှ လာဝယ်သည့် ကျောက် စိမ်း ကုန်သည်အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ကမ္ဘာအေး ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းတွဲ (Log) များကို ခင်းကျင်းပြသရန် နေရာအခက်အခဲရှိလာသည့်အတွက် ပြပွဲတွင် ခင်းကျင်းရောင်းချရန်အတွက် ကျောက်ကု မ္ပဏီတခုလျှင် ငါးတွဲမှ ဆယ်တွဲအထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
ကုမ္ပဏီများ လက်ဝယ် ကျန်ရှိနေသည့် ကျောက်အတွဲများကို ပြည်ပသို့ရောင်းချနိုင်ရန်အတွက် Gem Trade Center (GTC) စနစ်ပေါ်ပေါက်လာကာ ပြပွဲတွင် တင်ပြရောင်းချခွင့်မရှိသော ကျောက်စိမ်းတွဲများကို အဆိုပါစနစ်ဖြင့် ရောင်းချ ခွင့်ပေးခဲ့သည်။ ထိုGTC စနစ်ဖြင့် တင်ပို့ ရောင်းချရာတွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်၊ ဖျင်ကျိုးမြို့သို့ ကွန်တိန်နာကြီး များဖြင့် အဓိက တင်ပို့ရောင်းချရာမှ ဖျင်ကျိုးမြို့တွင် ကျောက်စိမ်းဈေးကွက် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဖျင်ကျိုးမြို့တွင် ကျောက်စိမ်းဈေးကွက် သိသိသာသာအားကောင်းလာခြင်း၏ ရလဒ်အနေဖြင့် ၁၉၉၇-၉၈တွင် မြန်မာ့ ကျောက်မျက်ပြပွဲသို့ လာရောက်ဝယ်ယူူသည့် နိုင်ငံခြားသား တရုတ်ကုန်သည်အရေအတွက်မှာ နှစ်ရာဝန်းကျင်သာ ရှိသေး သော်လည်း ရှစ်နှစ်အကြာ (၂၀၀၅) တွင် နိုင်ငံခြားသားကျောက်စိမ်းကုန်သည် နှစ်ထောင်ကျော်အထိ ကျောက်မျက်ပြပွဲသို့ လာရောက်သူ တိုးမြင့်လာကြောင်း ကျောက်မျက်ပြပွဲများသို့ သွားရောက်ရောင်းချနေသည့်ကျောက်လုပ်ငန်းရှင် ဦးစိုးနိုင်က နှိုင်းယှဉ်ပြသည်။
မြန်မာ့ကျောက်စိမ်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းရှစ်ထောင် (8 billion) ဝန်းကျင်ရှိကြောင်း ၂၀၁၁ခုနှစ် က Harvard Ash Centerက ပြုလုပ်သည့် စစ်တမ်းတခုတွင် ဖော်ပြထားသည်။
စီးပွားရေးနှင့် ကူးသန်းရေးဝန်ကြီးဌာန (ministry of commece) ၏ တရားဝင်ထုတ်ပြန်ချက်အရမူ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အတွင်း ကျောက်စိမ်းပါဝင်သည့် သတ္တုတွင်းထွက် တင်ပို့ရောင်းချမှုမှာ ကန်ဒေါ်လာ သန်းရှစ်ရာကျော် (၈၂၀.၆၇၃) ကျော် ရှိပြီး ၂၀၁၄-၁၅ဘဏ္ဍာရေးနှစ်က တင်ပို့ရောင်းချမှုမှာ ကန်ဒေါ်လာသန်းတထောင်ကျော် (၁၁၃၇.၆၇၅) ရှိသည့် အတွက် ကန်ဒေါ်လာ သန်းသုံးရာကျော်သာ လျော့နည်းသွားကြောင်းဆိုသည်။
မကြာသေးခင်က ထုတ်ပြန်လိုက်သည့် Global Witness ၏ အစီရင်ခံစာအရမူ တရုတ်နိုင်ငံ၏ သွင်းကုန် အချက်အလက် များအရ ၂၀၁၄ခုနှစ် တခုတည်းပင်လှျှင် အမေရိကန်ဒေါ်လာ ၁၂ဘီလီယံရှိပြီး လုပ်ငန်းတခုလုံး၏တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ ခန့်ရှိကြောင်း ဖော်ပြထားသည်။
လက်ရှိအစိုးရ၏ စာရွက်စာတမ်းများအရ ကျောက်စိမ်းသည် တနှစ်ကို ပျမ်းမျှ တန်သုံးသောင်းကျော်ထွက်ပြီး တလလှျှင် တန် နှစ်ထောင့်ငါးရာထွက်ကာ တရက်ကို ရှစ်ဆယ့်သုံးတန်ထွက်ကြောင်း အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ဦးစိုးနိုင် က ဧရာဝတီသို့ပြောသည်။ ဦးစိုးနိုင်သည် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအနီးရှိ ကျောက်စိမ်းစေတီကို တည် ထားခဲ့သူလည်းဖြစ်သည်။
မန္တလေးမြို့တွင် ကျောက်စိမ်း ပန်းပုထုသည့်လုပ်ငန်းကို ရပ်နားလိုက်ရသည့် ဦးမောင်ကြီးက မိမိအနေဖြင့် ဖားကန့်သို့ သွားချင်သော်လည်း အသက်အရွယ်အရ မသွားနိုင်တော့ကြောင်း ပြောသည်။ “ကျောက်အချောထည်လုပ်ငန်းက မန္တလေးမှာတင် မဟုတ်ဘူး။ ဖားကန့်ဘက်လည်း ပီပီပြင်ပြင်မရှိဘူး။ ကျောက်သွေး၊ ကျောက်ဖြတ်ကလည်း တလမှ နှစ်သိန်းကျော်၊ သုံးသိန်းပဲရတော့ နေစရိတ် စားစရိတ်နဲ့ တွက်ရင် သိပ်မကိုက်ဘူး” ဟု ၎င်းက တွက်ပြသည်။
မြန်မာပြည်တွင် ကျောက်မျက်အချောထည်လုပ်ငန်း မထွန်းကားခြင်းမှာ တရုတ်အစိုးရ၏ ဆောင်ရွက်ပုံနှင့်လည်း သက် ဆိုင်မှုရှိနိုင်ပါသည်။
“ကျောက်စိမ်းအရိုင်းထည်ကို မှောင်ခိုသွင်းရင် ညှိလို့ရတယ်။ အချောထည်ဆို ဘယ်လိုမှ ညှိမရဘူး”ဟု မြစ်ကြီးနား အခြေ စိုက် ကျောက်ကုန်သည်တဦးက ဆက်သွယ်ပြောကြားသည်။ အဆိုပါကျောက်ကုန်သည် သည် ကချင်ပြည်နယ်မှ ကျောက် စိမ်းများကို တရုတ်ပြည်သို့ မှောင်ခိုလမ်းကြောင်းမှ တဆင့် သွင်းနေခြင်းဖြစ်ပြီး သူ့နာမည်ကို သတင်းတွင် ထည့်သွင်း မရေး သားရန် မေတ္တာရပ်ခံသည်။
ယခုဆောင်းပါးအတွက် မန္တလေးကျောက်ဝိုင်းအတွင်းရှိ တရုတ်ကုန်သည်များထံ သွားရောက်မေးမြန်းသော်လည်း ဖြေဆို ရန် ငြင်းဆန်ကြသည်။
မြန်မာ့ကျောက်စိမ်းသည် ပြည်တွင်း၌ အလုပ်အကိုင်နည်းပါးနေရခြင်းကလည်း တရုတ်အစိုးရက ၎င်းတို့နိုင်ငံတွင် အလုပ် အကိုင် အခွင့်အလမ်းပေါ်ရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် ၎င်းတို့ဆီ ကျောက်စိမ်းအရိုင်းထည် သွင်းလျှင် အခွန်တိတိ ကျကျ မကောက်ဘဲ မသိချင်ယောင်ဆောင်ပေးကြောင်း၊ ကျောက်စိမ်း အချောထည်ဆိုလျှင်မူ ၃၃.၉ ရာခိုင်နှုန်းကောက် ယူ ကြောင်း အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ဦးစိုးနိုင်က ပြောသည်။ “နှစ်နိုင်ငံတာဝန်ရှိသူတွေကလည်း ဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်မှု အလွန်နည်းပါတယ်”ဟု ဦးစိုးနိုင်က ပြောသည်။
ပြည်တွင်း ကျောက်မျက်အချောထည်ဈေးကွက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများကိုသာ အဓိက အားထားနေရကြောင်း ပြည်တွင်းကျောက်မျက်အချောထည်လုပ်ငန်းရှင်များက ယခုနှစ်လယ်ပိုင်းက မန္တလေးမြို့၊ ကျောက်မျက်အသင်းရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တညီတညွှတ်တည်း ပြောထားသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းဇယားများအရ ကချင်ပြည်နယ်အတွင်း ကျောက်စိမ်း တူးဖော်နေသည့် ပုဂ္ဂလိကုမ္ပဏီ ၈၀၈ခု ရှိပြီး အကျိုးတူ ကုမ္ပဏီ၂၂၂ခုတို့မှ တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ရှိကြောင်း Weekly Eleven သတင်းစာတွင် ဖော်ပြထားသည်။
ဤမျှများပြားသည့် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ အဘယ့်ကြောင့် ကျောက်အရိုင်းတုံးကို Value Added လုပ်ရန် စိတ်ဝင်စားမှုနည်းပါးနေသလဲ၊ ပို့ကုန်တိုးချဲ့မြှင့်တင်ရေး၊ ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်မူဝါဒချမှတ်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များကို အဘယ့် ကြောင့် မူဝါဒ ချမပေးသလဲ ဆိုသည့်မေးခွန်းများ မေးရန် ရှိလာပါသည်။
ကျောက်လုပ်ကွက် လေလံသက်တမ်းကုန်သွားလှျှင်နောက်တကြိမ် ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် သိန်းထောင်ကြီးပိုင်း မှ သောင်းကြီးပိုင်းအထိ လုပ်ကွက် အရည်အသွေးပေါ်မူတည်၍ အပြိုင်အဆိုင် လေလံဆွဲရသည်။ လုပ်ကွက်သက်တမ်း မကုန်မီအတွင်း အတင်းအဓမ္မ တူးဖော်ကာ တူးဖော်ရရှိသည့် ကျောက်များကိုလည်း လုပ်ငန်းလည်ပတ်ရန်အတွက် ငွေ အမြန်ပေါ်စေရန် အရိုင်းတုံး အတိုင်းသာ အမြန်ဈေးနှင့် ရောင်းချခြင်းသည် ကျောက်စိမ်းအချောထည်ဈေးကွက်ကို စိတ်မ ဝင်စားရသည့် အကြောင်းခြင်းရာတရပ်ဖြစ်နေပါသည်။
ကျောက်မျက်ပြပွဲများလည်း ရှိနေသည့်အတွက် ကရိကထများ သော အချောထည်ဘက်သို့ ကူးပြောင်းရန် စိတ်မဝင်စားကြတော့ကြောင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များက ပြောသည်။ ထို့အတူပင် ကျောက်စိမ်းအချောထည်ကို အဆင့်မြင့်စွာ လုပ်ကိုင်နိုင်သည့် ပညာရှင်လည်း နည်းပါးသေးကြောင်း ထောက် ပြမှုများလည်း ရှိသည်။
အမေရိကန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံပေါ်ပြုလုပ်ထားသည့် အခြားသော စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေး လိုက်သော်လည်း ရတနာဈေးကွက်ကိုမူ တင်းကျပ်စွာ ပိတ်ဆို့ထားဆဲသာဖြစ်ကြောင်း အယ်ဂျားဇီးရား သတင်းဌာနက ဖော်ပြထားသည်။
ကချင်ပြည်နယ်မှ ကျောက်စိမ်းကုန်သည်များနှင့် ယူနန်ပြည်နယ်မှ ကျောက်စိမ်းလက်မှုပညာရှင်တို့ အကြား ဆက်ဆံရေး မှာ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တရုတ်ပြည်ကွန်မြူနစ်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ ထိုအခြေအနေ မှာ ပြောင်းလဲသွားသည်။ ကျောက်စိမ်းကုန်သည်များသည် ဟောင်ကောင်တွင် အရောင်းဆိုင်များ ပြောင်းလဲဖွင့်လှစ်ကြ သကဲ့သို့ ကျောက်စိမ်းအချောထည်သမားများ၊ လက်မှုပညာသည်များသည်လည်း ဘေဂျင်း၊ ရှန်ဟိုင်းမြို့ကြီးများမှ တဆင့် ဟောင်ကောင်သို့ ရွှေ့ပြောင်းသွားကြသည်။
ယနေ့အချိန်တွင် တရုတ်၊ ထိုင်ဝမ်ရှိ ကျောက်စိမ်းပညာရှင်များ၏ လက်ရာထက် ဟောင်ကောင်ကျောက်စိမ်းပညာရှင်များ၏ လက်ရာက ပိုမိုကောင်းမွန်နေပြီဖြစ်သည်။ ကျောက်စိမ်း အဓိကထွက်ရှိ နေသော မြန်မာပြည်တွင် ကျောက်စိမ်းနှင့်ဆက် စပ် အလုပ်အကိုင်များတိုးပွားလာစေရန်အတွက် ကျောက်မျက်မူဝါဒ ချမှတ်သူများ၊ တာဝန်ရှိသူများအနေဖြင့် အဘယ့် ကြောင့် မဆောင်ရွက်ကြသလဲဆိုသည့် မေးခွန်းတခု မေးရန် ပေါ်လာပါသည်။
“ပြည်တွင်းမှာ တရက်ထွက်တဲ့ ကျောက်စိမ်း ၈၃ တန်ကို ပြည်တွင်းမှာပဲ အချောထည်လုပ်မယ်ဆိုရင် လူနှစ်သိန်းကျော်ကို တိုက်ရိုက် အလုပ်ပေးနိုင်မယ်။ ဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အခြားအလုပ်အကိုင်တွေလည်း သိန်းနဲ့ချီပြီး သွယ်ဝိုက်အလုပ် ပေးနိုင်မယ်”ဟု ကျောက်လုပ်ငန်းရှင် ဦးစိုးနိုင်က ပြောသည်။ ကျောက်စိမ်းနှင့် ဆက်စပ် အလုပ်အကိုင်ဖွံ့ဖြိုးလာစေရန် အတွက် အရိုင်းထည်အတိုင်း တင်ပို့ခွင့်ပေးထားသည့် GTC (Gem Trade Center) စနစ်ကို လှျှော့ချသင့်ပြီဖြစ်ကြောင်း ၎င်းက အကြံပြုသည်။ ကျောက်စိမ်းက မြန်မာပြည်က ထွက်မှန်း လူသိများလာရင် ဈေးကွက်လည်း ဒီရောက်လာမယ်၊ ကျောက်မျက်ကျွမ်းကျင် တဲ့ ပညာရှင်တွေလည်း ဒီကိုရောက်လာမယ်” ဟု ၎င်းက ပြောသည်။
ကျောက်စိမ်း ပန်းပုဆရာဦးမောင်ကြီးအဖို့တော့ ကျောက်ဝိုင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်မှ ပြန်ရမည့်အချိန် ရောက်ပြီဖြစ် သည်။ ယနေ့ သူကံမကောင်းပါ။ သူ့သူငယ်ချင်းများလည်း ကျောက်အရောင်းအဝယ်မဖြစ်သဖြင့် လပ်ကီးကြေး သူ့ကိုမပေး နိုင်ကြ၊၊ သူ ကျောက်ပညာသင်ပေးခဲ့သည့် သူ့တပည့်ကျောက်ပွဲစားတဦးက လက်ဖက်ရည်ဖိုးရှင်းပေးသွားသဖြင့် ယနေ့ တော့ အဆင်ပြေပါသည်။ သူနှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် ကျောက်စိမ်းထုသည့် တန်ဆာပလာများကတော့ အိမ်ထဲ ချောင်ကျကျ နေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေကြပါသည်။