မြန်မာ့ ဆန်တင်ပို့မှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ စံချိန်တင်ခဲ့ပြီး ဆန်တန်ချိန် ၁ ဒသမ ၈သန်းကျော် တင်ပို့နိုင်ခဲ့တာပါ။ ဒီအထဲမှာ တရုတ်နိုင်ငံ တနိုင်ငံတည်းက နယ်စပ်လမ်းကြောင်းကနေ တန်ချိန် ၁သန်းကျော် ဝယ်ယူခဲ့ဖြစ်ပြီး ။ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂နှစ် လောက်အတွင်းကစလို့ တရုတ်နိုင်ငံကို မြန်မာ့ဆန်တွေ တန်ချိန် တိုးတိုးပြီး ပို့ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို ပို့ခဲ့ရတာတွေဟာ မြန်မာနိုင်ငံဘက်က တရားဝင်တယ်ဆိုပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင်သတ်မှတ် ခွင့်ပြုခြင်းမရှိပါဘူး။ တရုတ်ဘက်က ဖမ်းတာ ဆီးတာတွေ ရှိတဲ့ အချိန်တွေဆိုရင် ဆန်တင်ပို့မှုတွေ ကမောက်ကမ ဖြစ်လေ့ရှိပါတယ်။
မြန်မာအစိုးရဘက်ကတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသူတွေဟာ တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တရားဝင်တင်ပို့နိုင်ဖို့ လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာဆန်တွေ တရုတ်ကို တရားဝင် တင်ပို့နိုင်ဖို့မှာ အဓိက လိုအပ်ချက် ဖြစ်လာတာက တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းများ အရည်အသွေးနဲ့ ပိုးမွှားကင်းစင်ရေး ထိန်းချုပ်မှုဌာန AQSIA ရဲ့ခွင့်ပြု့သဘောတူမှု လက်မှတ်ပါ။
ဒါကြောင့် မြန်မာဘက်က ဝန်ကြီးဌာနတာဝန်ရှိသူခေါင်းဆောင်ပိုင်းတွေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတာဝန်ရှိသူတွေဟာ AQSIQ နဲ့ အဆင်ပြေဖို့ ညှိခဲ့ကြပါတယ်။အဲ့ဒီမှာ ပြသနာက အခွန်ကိစ္စဖြစ်လာပါတယ်။ မြန်မာဘက်က တင်ပို့တဲ့ ဆန်လုပ်ငန်း ရှင်တွေဟာ ဒီအခွန်နဲ့ဆိုရင် တွက်ခြေဘယ်လိုမှ မကိုက်တော့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က“တရုတ်နိုင်ငံကို တရားဝင်ပို့ဖို့ ကြိုးစားတဲ့နေရာမှာ အခွန်ဆိုင်ရာ လျှော့ပေါ့မှုကို တောင်းဆိုမှသာ ကျနော်တို့ စီးပွားရေးအတွက် အဆင်ပြေမယ့်သဘော ရှိနေပါတယ်။ အခွန် တဖက်က လျှော့ပေါ့ မပေးနိုင်ဘူးဆိုရင် ကျနော်တို့ တွက်ခြေကိုက်နိုင်မှာ မဟုတ်တဲ့ အတွက် နယ်စပ်ကုန်သွယ်ရေး စနစ် ကလည်း အဆင်ပြေမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ AQSIQ နဲ့ တရားဝင် တင်ပို့ဖို့ မညှိနှိုင်းနိုင်သေးတဲ့ အဓိကအကြောင်းကလည်း အခွန်ကြောင့်ပဲ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
သူက “အခွန်လို့ ပြောတာနဲ့ လုပ်ငန်းရှင်တွေ အားလုံး နစ်နာမှာ စိုးတာနဲ့ ညှိပြီး လုပ်နေရတာ” လို့ ပြောပါတယ်။မြန်မာနိုင်ငံရဲ့ ဆန်စပါးနဲ့ပတ်သတ်တဲ့ တင်ပို့မှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ တရုတ်နိုင်ငံကိုပဲ သွားနေတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။
ဒီလို တရုတ်ကိုပဲ သွားနေရတဲ့ အချက်တွေမှာ ဈေးနှုန်း ရရှိတဲ့ အချက်ကလည်း အဓိကပါဝင်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဆန်ဈေးနှုန်းက တန်းမြင့်ဆန် ၅ မတ်(အကျိုးအကြေ ၅ရာခိုင်နှုန်းဆန်) ၁တန်ကို ဒေါ်လာ ၃၅၀ ဝန်းကျင် ရှိနေချိန်မှာ တရုတ်နိုင်ငံက ဒေါ်လာ ၄၀၀ ကျော်ရတယ်လို့ ဆန်တင်ပို့သူ တဦးက ပြောပါတယ်။ မြန်မာ့ဆန်ကို ဝယ်ယူတဲ့ နိုင်ငံပေါင်းဟာ ၂၀၁၃ခုနှစ်လောက်အထိဆိုရင် ၄၃ နိုင်ငံလောက် ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အချက်အလက်တွေအရသိရပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဥရောပသမဂ္ဂကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ ပေးတဲ့ အထူးအခွန်သက်သာခွင့် GSP ရရှိထားပေမယ့် ဥရောပ ဈေးကွက်ကို မြန်မာ့ထွက်ကုန်ဆန်တွေ သိသိသာသာ တင်ပို့နိုင်ခြင်းမရှိသေးပါဘူး။အရင်က အာဖရိကကို အင်တိုက် အားတိုက်တင်ပို့ခဲ့တဲ့ မြန်မာ့ဆန် ဈေးကွက်ကလည်း အခုချိန်မှာ လျော့လာတယ်လို့ သိရပါတယ်။
လက်ရှိကတော့ နယ်စပ်ကုန်သွယ်ရေးကနေတဆင့် တရုတ်နိုင်ငံကိုပဲ အားကိုးတင်ပို့နေရတဲ့ မြန်မာ့ဆန်ဈေးကွက်လို့ ပြောလို့ရပါတယ်။ ဒီလိုတရုတ်ကိုပဲ အားထားတင်ပို့နေရတဲ့ အချိန်မှာ ပြည်တွင်းဆန်ဈေးကလည်း ကမ္ဘာ့ဆန်ဈေးထက် မြင့်နေပါတယ်။
ကမ္ဘာ့ဆန်ဈေးထက် ပြည်တွင်းဈေးက ၁တန်ကို ဒေါ်လာ ၅၀ ဝန်းကျင်လောက် ကွာနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ အကယ်၍များ အခုထိ တရားမဝင်သေးတဲ့ တရုတ်တင်ပို့မှုကို အကြောင်းတခုခုနဲ့ မပို့နိုင်တဲ့ အချိန်၊ ပြည်တွင်းဆန်ဈေးကိုလည်း မချနိုင်ဘူးဆိုရင်တော့ ဆန်အိတ်စ်ပို့ဈေးကွက်က အခက်ဖြစ်လာနိုင်ပါတယ်။ပြည်တွင်း ဆန်ဈေးနှုန်းမြင့်မှုကို ဘယ်လိုလျှော့ချမလဲဆိုတာကလည်း အရေးကြီလာပါတယ်။
အခုချိန်မှာ ဆန်တင်ပို့မှုက တက်လာပေမယ့် ထုတ်လုပ်မှုက သိသိသာသာ တက်မလာတာကြောင့် တချိန်မှာ ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု မမျှတာရာကနေ ဈေးနှုန်းကြီးမြင့်မှု ပြသနာတွေ ရှိလာနိုင်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
“ဆန်စပါးကဏ္ဍမှာ ကြည့်မယ်ဆိုရင် ထုတ်လုပ်မှု အနေအထားနဲ့ ကုန်သွယ်မှုတိုးလာတဲ့ အနေအထားက မမျှပါဘူး။ ဒီအတွက် တနေ့နေ့ တချိန်ချိန်မှာ ဈေးနှုန်း အရမ်းကြီးမြင့်လာတဲ့ ကိစ္စကို မလွဲမသွေ ရင်ဆိုင်ရမယ့် ကိစ္စဖြစ်ပါတယ်” လို့ ဦးရဲမင်းအောင် ပြောပါတယ်။
ပြည်တွင်း ဆန်ဈေးနှုန်းမြင့်မှုဟာ ထုတ်လုပ်မှုနဲ့ ဝယ်လိုအား မမျှတာနဲ့ ဆိုင်လာပြီး ဒီအချိန်မှာ တရုတ်ကိုလည်း ပို့ချင်၊ ပြည်တွင်းဆန်ဈေးကိုလည်း ချချင်ဖြစ်လာပြီမို့ ဆန်ကုန်သည်တွေက တင်သွင်းပြီး ပြန်လည် တင်ပို့တဲ့စနစ် လုပ်ဖို့ ဆိုလာကြပါတယ်။
ထိုင်းကနေ ဆန်သွင်းပြီး တရုတ်ကို ပြန်ပို့ ဆိုတဲ့ဟာမျိုးပါ။ဒီလို တင်သွင်းပြီး ပြန်လည် တင်ပို့စနစ် လုပ်ဖို့ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကလည်း အစီအစဉ် ရှိတယ်လို့ ပြောဆိုပါတယ်။ဒါပေမယ့် ပြည်တွင်း ဆန်ဈေးတွေ ကျတာနဲ့ တင်သွင်းပြီး ပြန်လည်တင်ပို့တဲ့စနစ် ရပ်ဆိုင်းသွားမယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
ထိုင်းဆန်တွေ မြန်မာနိုင်ငံထဲ တင်သွင်းပြီး ဥရောပ ဈေးကွက်ကို ပို့ဖို့ဆိုရင်တော့ အခက်အခဲရှိနေပါတယ်။ မြန်မာနိုင်ငံဟာ အီးယူရဲ့ အထူးအခွန်သက်သာခွင့် GSP အခွင့်အရေး ရရှိထားတဲ့ နိုင်ငံမို့ အီးယူကို တင်ပို့မယ်ဆိုရင် ကိုယ့်နိုင်ငံကထွက်ကြောင်း အသိမှတ်ပြုမှု Country of Original(CO) လိုပါတယ်။ Reexport က အီးယူကို ပို့ဖို့ အခက်အခဲရှိမှာ ဖြစ်သလို အခြားနိုင်ငံတွေကို ပို့ရင်လည်း GSP ရထားတဲ့ နိုင်ငံအနေနဲ့ ငြိလာနိုင်စရာတွေ ရှိတယ်လို့ ဆန်စပါးလုပ်ငန်းအသင်းချုပ် တွဲဖက်အတွင်းရေးမှုး ဦးမျိုးသူရအေးက ဆိုပါတယ်။
“ကျနော်တို့ GSP ရပ်သွားနိုင်ပါတယ်။ Re export ကိုတော့ မသုံးသင့်ဘူးလို့ ကျနော်မြင်ပါတယ်။ GSP ကို ဝိုင်းပြီး ထောက်ပြ ကြမယ့် နိုင်ငံတွေ ရှိလာနိုင်ပါတယ်” လို့ သူက ထောက်ပြပါတယ်။
အခုလို ဝယ်လိုအားနဲ့ ထုတ်လုပ်မှုအား မမျှတမှု ဖြစ်လာချိန်၊ ပြည်တွင်းဆန်ဈေးနှုန်းမြင့်မှုကိုလည်းလျှော့ချချင် အိတ်စ်ပို့ လည်းသွားချင်ဖြစ်နေတဲ့ အချိန်မှာ Re export လုပ်မယ်ဆိုလည်း GSP နဲ့ ငြိလာနိုင်တဲ့ အခက်အခဲလေးတွေရှိလာပြန်ဆိုတဲ့ အချိန်မှာပဲ နောက်ထပ် ဆန်ဈေးကွက်အတွက် စိန်ခေါ်မှုတခုက ရှိလာပြန်ပါတယ်။
ကမ္ဘာ့ဆန်လက်ကျန်တွေ နည်းနည်းလာခြင်းနဲ့အတူ ဆန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့ အချက်ပါလို့ ဒီနှစ် မလေးရှားမှာ ပြုလုပ်တဲ့ ကမ္ဘာဆန်စပါးညီလာခံကို တက်ရောက်ခဲ့သူ ဦးမျိုးသူရအေးက ပြောပါတယ်။
“ကမ္ဘာမှာ တကယ်တမ်း ရှိသင့်တဲ့ အရန်ဆန်က တန်ချိန်သန်း ၁၂၀ လောက် ရှိသင့်တယ်လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။မကြာခင် ဒီနှစ်ကုန်မှာ ၈၃သန်းဖြစ်ပြီး လာမယ့်နှစ်မှာတော့ သန်း ၈၀ အောက်ထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။ ဒီလိုရောက်ပီဆို ကျနေ်ာတို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ပညာရှင်တွေ ပြောတာတော့ ဈေးကွက်မှာ စတော့လက်ကျန် နည်းလာရင် နိုင်ငံအားလုံးက အထူးသဖြင့် ချမ်းသာတဲ့ နိုင်ငံတွေက သူတို့ စားနပ်ရိက္ခာလုံခြုံရေးအတွက် စတော့တွေကို စုပါတယ်။ စုတဲ့ အချိန်မှာ ကျနော်တို့ ဆင်းရဲတဲ့နိုင်ငံတွေက ငွေကြေးအရ ထုတ်ရောင်းရင်း ရောင်းရင်းနဲ့ နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် ဝယ်ရတဲ့ အချိန်မှာ ဈေးကြီးတဲ့ အနေအထားတခုကို ရောက်တက်ပါတယ်ပေါ့။ ဒါအထူးသတိပြုရမှာပါ” လို့ သူက ပြောပါတယ်။
နိုင်ငံတကာ ဆန်ဈေးကွက်မှာ စတော့ တွေနည်းလာတာနဲ့အမျှ မြန်မာနိုင်ငံမှာလည်း ဆန်ထုတ်လုပ်နိုင်မှုနဲ့ တင်ပို့ ရောင်းချမှုကို အသေအချာတွက်ချက် ချင့်ချိန်ဖို့လိုလာတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သုံးသပ်ကြပါပြီ။လက်ရှိဖြစ်နေတာတွေကို ခြုံကြည့်မယ်ဆိုရင်တာ့ ဆန်အိတ်စ်ပို့နဲ့အတူ ထုတ်လုပ်မှုကို မြင့်တက်လာဖို့ ဘာတွေဘယ်လို စီမံထားကြသလဲဆိုတာက အရေးပါလာပါပြီ။
မြန်မာ့ဆန်ဈေးနှုန်းက လက်ရှိအခြေအနေမှာ ကမ္ဘာမှာ အမြင့်ဆုံးလို့ခေါ်ရလောက်အောင်ကို မြင့်တက်နေတယ်လို့ ဆန်လုပ်ငန်းရှင်တွေက ဒီဇင်ဘာလ ၁၂ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး၊ ဆန်တင်ပို့မှုဈေးကွက် အခြေအနေ ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စပါးဈေးက တင်းတရာလျှင် ငွေကျပ် ၅သိန်းခွဲ ၆သိန်း အထိရှိလာနေပါတယ်။
ပြည်တွင်း ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်းများ စံချိန်တင် မြင့်တက်နေလို့ ဒေသတွင်း ဆန်တင်ပို့သည့် နိုင်ငံတွေကတောင် မြန်မာနိုင်ငံကို ဆန်တင်ပို့ဖို့ စိတ်ဝင်စားလာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှု ဦးရဲမင်းအောင်က ပြောသည်။
“ထိုင်းကအဖွဲ့တဖွဲ့ ကျနော်တို့ ဆန်စပါးအသင်းချုပ်ကို လာတွေ့ပါတယ်။ သူတို့က ဆန်ရောင်းချင်လို့ လာတွေ့တာပါ။ မြန်မာနိုင်ငံက ဆန်ဈေးက ကမ္ဘာမှာ အမြင့်ဆုံးဖြစ်နေတယ်။ စပါးဈေးက အမြင့်ဆုံးဖြစ်နေတယ်။ ဒါကြောင့် မြန်မာကို ဆန်ရောင်းချင်ပါတယ်။ ကျနော်တို့ AEC က ၂၀၁၆ စတာနဲ့ ဆိုတော့ မြန်မာပြည်ကို လုံးတီးတို့ ဆန်တို့ ရောင်းချင် ပါတယ်ဆိုပြီးတော့ လာရောက်ပြီးတော့ ဆွေးနွေးတဲ့ အဖွဲ့တွေ ရှိလာပါတယ်။ ဒါတွေက ကျနော်တို့ တိုင်းပြည်မှာ ပြန်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့ဆန်ဈေးနှုန်း မြင့်တက်နေရတာက ငွေလဲနှုန်းများမြင့်တက်နေတာကြောင့်လို့ ဆန်လုပ်ငန်းရှင်များက ပြောဆိုကြပြီး လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုရတဲ့ သွင်းကုန်ပစ္စည်းတွေဖြစ်တဲ့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
ငွေလဲနှုန်းအနေနဲ့ ယခင် ၁ဒေါ်လာလျှင် ၁ထောင်ကျပ်အောက်ကနေ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခုချိန်တွင် ၁ဒေါ်လာလျှင် ၁၃၀၀ ကျပ်ဝန်းကျင်အထိ ရှိလာပြီဖြစ်ပါတယ်။
“ဓါတ်မြေသြဇာဈေးနှုှုန်း ပိုးသတ်ဆေး ဈေးနှုန်း တွေက ဒေါ်လာဈေး မြင့်လာတဲ့ အပေါ်မှာ ဈေးတွေ လိုက်မြင့်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကလည်း မြင့်လာတယ်။တဖက်ကလည်း ကျေးလက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြွေးကိစ္စတွေ သမဝါယမ ကနေ ဝယ်ထားတဲ့ စက်တွေအတွက် ပြန်ဆပ်ရမယ့် ကိစ္စတွေက တော်တော်ကြီးကို ကြုံတွေ့နေရတဲ့ အနေအထားရှိတဲ့ အခါ စပါးဈေး ၅သိန်းခွဲ ၆ သိန်းဖြစ်ပေမယ့် ကျနော်တို့ တောင်သူ အများစုဟာ ဒီအချိန်မှာ ထိုက်သင့်တဲ့ အကျိုးအမြတ်ရတဲ့ အခြေအနေမဟုတ်သေးပါဘူး”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
မြန်မာ့ ဆန်ထုတ်လုပ်မှု အခြေအနေက အခုနှစ်မှာ တနိုင်ငံလုံးအနှံရေကြီးမှု ဖြစ်စဉ်တွေနဲ့အတူ လယ်ယာမြေ ပျက်စီးနစ်မြုပ်မှုများ ရှိခဲ့တာ ကြောင့် ထုတ်လုပ်မှု လျော့ကြနိုင်သည်ဟု ခန့်မှန်းမှုတွေရှိလည်း ရှိနေပါတယ်။
စိုက်ပျိုးရေး အခြေခံနိုင်ငံလည်း ဖြစ်၊ဆန်စပါး အဓိကအားထားတင်ပို့လာနိုင်တဲ့ နိုင်ငံလည်း ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါးနဲ့ ပတ်သက် ပြီး ကွင်းဆက်တခုလုံးပါဝင်တဲ့ မူဝါဒတခု ရှိဖို့လိုနေပါပြီ။ ဒါကို တာဝန်ရှိသူတွေက လုပ်ဆောင်နေတယ်လို့တော့ သိရပေမယ့် အခုထိတေ့ာ ဆန်စပါးမူဝါဒဆိုတာ ထွက်မလာသေးပါဘူး။ မူဝါဒ မရှိဘဲ ကသောင်းကနင်းဖြစ်နေတဲ့ မြန်မာ့ ဆန် ဈေးကွက်နဲ့ ဈေးနှုန်းက အနာဂတ်မှာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးတရပ်ဖြစ်လာနိုင်တာမို့ အစိုးရရဲ့ ရေရှည် အမြင်နဲ့ လုပ်ဆောင်မှုတွေ၊ အမြှော်အမြင်ရှိမှုတွေနဲ့ အရေးတကြီး အရေးယူ ဆောင်ရွက် လုပ်ဆောင်ရမယ့် အချိန် ရောက်ရှိနေပါပြီဖြစ်ပါတယ်။