ကချင်ပြည်နယ်ရှိ ကျောက်စိမ်း တူးဖော်ရေးဒေသတခုဖြစ်သည့် ဖားကန့်၏ အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က နောက်ထပ် မြေပြိုမှုတခု ဖြစ်ပွားခဲ့ရာ ကျောက်တူးသမား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပျောက်ဆုံးနေသည်ဟု သိရသည်။
ပြိုကျခဲ့ရသည့် မြေစာပုံသည် လုံးခင်းမြို့နယ်၊ လမုန်းခုံး ကျေးရွာတွင် တည်ရှိပြီး မကြာသေးမီက ကျောက်တူးသမား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် မြေပြိုမှုဖြစ်ပွားခဲ့ရသည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးသည်။
“ကျနော်တို့ အတည်ပြုနိုင်သလောက်ဆိုရင် မြေပြိုကျတာကြောင့် လူ ၁ ယောက်ပဲ သေပါတယ်။ မြေပြိုတာက တဖြည်းဖြည်းချင်းပြိုတာ ဖြစ်တဲ့အတွက် မြေစာပုံပေါ်မှာ ရှိနေတဲ့ လူအများစုက ထွက်ပြေးဖို့ အချိန်ရခဲ့ပါတယ်” ဟု လုံးခင်း မြို့နယ်မှ ရဲအရာရှိတဦးက ပြောသည်။
သေဆုံးသူ အမည်မသိ အမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ဖော်ယူရန် အလွန်ခက်ခဲနေသည်ဟုလည်း ရဲအဖွဲ့က ပြောသည်။
“မျက်မြင်သက်သေတွေရဲ့ အဆိုအရ သူက တောင်စောင်းကနေ ပြုတ်ကျတယ်လို့ သိရပါတယ်။ မြုပ်သွားတာ တော်တော်လေး နက်တဲ့အတွက် အလောင်းကို ပြန်ဖော်ဖို့ ခက်ပါတယ်။ မြေစာပုံပြိုကျနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
မျက်မြင်သက်သေ ကျောက်တူးသမားက အနည်းဆုံး လူ ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“မြေစာပုံပေါ်မှာ ကျောက်ရှာနေတဲ့ သူ ၁၀ ဦးလောက် ရှိပါတယ်။ မြေစာတွေ တဖြည်းဖြည်း ပြိုကျလာတော့ လူတွေ အော်ပြီး ထွက်ပြေးကြတယ်။ တချို့လွတ်သွားပေးမယ့် တချို့တော့ မလွတ်ဘူး” ဟု အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသော ကျောက်တူးသမား တယောက်ဖြစ်သည့် ဦးခင်မောင်က ပြောသည်။
“မြေစာပုံက အရမ်းမြင့်တဲ့အတွက် သူတို့ကို ရှာဖို့ ခက်ပါတယ်။ နောက်ထပ်မြေပြိုကျနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု သူက ထပ်ပြောသည်။
နိုဝင်ဘာလကုန်ပိုင်းက ယခု ပြိုကျခဲ့သည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် မြေစာပုံပြိုကျခဲ့ပြီး ကျောက်စိမ်း ရှာဖွေနေသူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။
ကျောက်စိမ်းတူးဖော်သည့် ဒေသများဖြစ်သည့် ဖားကန့် နှင့် လုံးခင်းတို့တွင် အသက်ဆုံးရှုံးမှုများသည့် မြေပြိုမှုများ မကြာခနဖြစ်ပွားလေ့ ရှိသည့်အတွက် ဒီဇင်ဘာလ အစောပိုင်းတွင် ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များက ကျောက်တူးသမားများအတွက် ဘေးကင်းလုံခြုံမှုရှိရေး ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ယခုအချိန်အထိ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။