ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုပမာဏသည် တနိုင်ငံလုံး ရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်း ဆက်တိုက်လျော့ကျ လာနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြော သည်။
“တနိုင်ငံလုံး ရေကြီးနစ်မြုပ်မှု ဖြစ်လာတဲ့အခါမှာ တလချင်း တလချင်းဖြစ်တဲ့ ကိန်းဂဏန်းကို ကြည့်လို့ရင် သြဂုတ်လကစပြီး လျော့လာတယ်။ သြဂုတ်ဟာ မနှစ်က ၂၀၁၄ – ၂၀၁၅ မှာ ဒေါ်လာသန်း ၆၀၀ ကျော် လျော့သွားတယ်။ စက်တင်ဘာမှာ သန်း ၈၀၀ လောက် လျော့သွားတယ်။ အောက်တိုဘာမှာ ၃၀၀ လောက် လျော့တယ်”ဟု ဦးတိုးအောင်မြင့်က ပြောသည်။
ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များ မဖြစ်ခင်က ပြည်ပ ကုန်သွယ်မှုသည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်စဖြစ်သည့် သြဂုတ်လမှ ဇူလိုင်လအထိ ယခင်နှစ်များနည်းတူ ကုန်သွယ်မှုပမာဏ များပြားခဲ့ပြီး သြဂုတ်လ နောက်ပိုင်းမှ စတင်၍ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။
ကုန်သွယ်မှုလျော့ကြသည့် ဖြစ်စဉ်တွင် ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်များက အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့်လျော့ကျသွားကြောင်း ဦးတိုးအောင်မြင့်က ဆက်ပြောသည်။
“ပို့ကုန်တွေဆိုရင် မနှစ်ကနဲ့ နှိုင်းယှဉ်ရင် သန်း ၉၀၀ လောက် လျော့ပါတယ်။ သတ္တုနဲ့ တွင်းထွက်ဆိုရင် ကျောက်စိမ်းတင်ပို့မှု လျော့တယ်။ နောက်တခါ ထုတ်လုပ်မှုအပိုင်းမှာ CMP(ဖြတ်တောက်၊ ပြုလုပ်၊ ထုပ်ပိုး) လက်ခစားလုပ်ငန်းတွေ ဒီနှစ်ထူးထူးခြားခြား အများကြီး လျော့သွားပါတယ်။ CMP က သန်း ရာနဲ့ချီပြီး လျော့သွားတာပါ။ အခြားထုတ်ကုန်ကတော့ ဂက်စ် တန်ဖိုးတွေ ကျသွားတာပေါ့နော်။ ဂက်စ်ကတော့ ထုတ်လုပ်တဲ့ဟာတော့ မကျ ပါဘူး။ ဒါပေမယ့် ဈေးနှုန်းတွေ ကျသွားတာ ပါပါတယ်”ဟု ဦးတိုးအောင်မြင့်က ဆို သည်။
မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ဆက်တိုက် မြင့်တက်ခဲ့ပြီး ကုန်သွယ်မှု လျာထား ချက်များလည်း မြင့်တက်ခဲ့သည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဘီလီယံရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုသည် ၂၄ ဘီလီယံ အထိ ရှိလာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၉ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ထိုအခြေအနေများကြောင့် အစိုးရက ယခုနှစ်ကုန်သွယ်မှု လျာထားချက်ကို ၂၉.၉ ဘီလီယံအထိ လျာထားခဲ့သည်။ သို့သော်ယခုနှစ် အတွင်း ရေကြီးမှုဖြစ်စဉ်များကြောင့် ကုန်သွယ်မှုများ လျော့ကျခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာ လကုန်အထိ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံသာ ရှိသေးကြောင်း သိရသည်။
ကုန်သွယ်မှုကဏ္ဍတွင် တရားမဝင်ကုန်သွယ်မှုတချို့လည်း ရှိနေရာ ထိုအခြေအနေနှင့် ပတ်သက်၍ ဦးတိုးအောင်မြင့်က “ကျနော်တို့က ဘာနဲ့ ပြောလဲဆိုတော့ အကောက်ခွန်မှာလာပြီး ပြသွားတဲ့ တကယ် မှန်မှန်ကန်ကန် လုပ်မယ့်သူရဲ့ပစ္စည်းကိုပဲ ကျနော်တို့က ကုန်သွယ်မှု ပမာဏအနေနဲ့ ပြောနေတာပါ။ တကယ်တမ်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏကို ဘယ်သူပြောနိုင်သလဲလို့မေးရင် တော်တော်လေး ခက်ပါတယ်။ ထိုင်းနဲ့ နှစ်စဉ် ဖြစ်နေတဲ့ ကုန်သွယ်မှုတွေ ကြည့်မယ်ဆိုရင်လည်း လစဉ်လစဉ် ထိုင်းအကောက်ခွန်က ကြေညာတယ်။ မြန်မာဘက်က အကောက်ခွန်ကပေးတဲ့ စာရင်းရှိတယ်။ ဒီနှစ်ခုကို နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ကွာနေပါတယ်” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု အများဆုံး ပြည်ပနိုင်ငံများမှာ အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့်လည်း ကုန်သွယ်မှုပြုလျက် ရှိသည်။ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူနိုင်ငံများအပြင် အခြားဒေသတွင်းနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုနေသကဲ့သို့ အမေရိကန် အပါအဝင် အနောက်ဥရောပ နိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက် ရှိရာ ကုန်သွယ်ဖက်နိုင်ငံ စုစုပေါင်း ၃၀ ကျော် ရှိကြောင်း သိရသည်။