၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ နှင့် အမေရိကန် ကုန်သွယ်မှုပမာဏသည် ဒေါ်လာသန်း ၁၀၀ ကျော်သာ ရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန(စီးပွား/ကူးသန်း)က ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံနှင့် အမေရိကန်၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ နီးပါးအထိ ရှိခဲ့သဖြင့် ယခုနှစ် ကုန်သွယ်မှု ပမာဏမှာ သိသိသာသာ လျော့နည်းလျက်ရှိပြီး ဘဏ္ဍာနှစ်ကုန်ရန် နီးကပ်လာသည့် အချိန်အထိ ကုန်သွယ်မှုသည် သန်း ၁၀၀ ကျော်သာ ရှိသေးသည်ဟု ဆိုသည်။
စီးပွား/ကူးသန်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က“အခု လောလောဆယ် ကာလအထိ ပမာဏက ဒေါ်လာ ၁၀၃ သန်း ရှိပါတယ်။ ဒီဘက်က ပို့တာက ၃၈ သန်းပါ။ ဟိုဘက်က သွင်းတာ ၆၅ သန်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံဘက်မှ အမေရိကန် ဒေါ်လာ ၅၁ သန်းဖိုး တင်ပို့ခဲ့ပြီး အမေရိကန်ဘက်မှ ဒေါ်လာ ၄၉၄ သန်းဖိုး တင်ပို့ခဲ့သဖြင့် စုစုပေါင်း ကုန်သွယ်မှု သန်း ၅၀၀ ကျော် ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန် က မြန်မာနိုင်ငံပေါ်တွင် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချလိုက်ပါက နှစ်နိုင်ငံ ကုန်သွယ်မှု သိသိသာသာ တိုးတက်လာနိုင်ကြောင်း သွင်းကုန်လုပ်ငန်းရှင် တဦးဖြစ်သူ ဦးမြတ်သင်းအောင် က ဧရာဝတီသို့ ပြောသည်။
ဦးမြတ်သင်းအောင်က“အမေရိကန်-မြန်မာ ကုန်သွယ်မှုက တိုးတက်လာမှာပါ။ ရှေ့ဆိုရင် အရင်ကလို ပိတ်ဆို့မှုတွေကလည်း မများတော့ ဘူး ဆိုတော့ အရင်ကတော့ တဆင့်ခံ သွားရတာ။ စင်ကာပူလို နိုင်ငံကနေပေါ့။ အခုဟာ ဖြေလျှော့တာတွေလည်း ရှိလာတော့ ကုန်သွယ် မှု တက်လာဖို့ ရှိပါတယ်”ဟု ပြောသည်။
နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်က ပို့သော ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းများမှ အထူးသဖြင့် ပဲမျိုးစုံနှင့် ပန်းနှမ်း ၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချော ပို့ကုန်ဖြစ်သည့် ချုပ်ပြီး အထည်များဖြစ်ကြောင်း၊ လက်ရှိ ဒီဇင်ဘာ ပထမပတ်အထိ လယ်ယာထွက်ကုန်ပစ္စည်း ပဲမျိုးစုံမှ ဒေါ်လာ ၃သန်း နီးပါး၊ သစ်တောထွက် ပစ္စည်းမှ ဒေါ်လာ ၁ သန်း ခွဲ၊ ရေထွက် ပစ္စည်းမှ ၄.၄သန်းဖိုးနှင့် လက်ခစားလုပ်ငန်းများမှ ထုတ်လုပ်သော ချုပ်ပြီးအထည် ၁၆ သန်းဖိုးကျော် တင်ပို့ထားနိုင်ကြောင်း စီးပွား/ကူးသန်း ကုန်သွယ်မှု စာရင်းများတွင် ဖော်ပြထားသည်။
အမေရိကန်ဘက်မှ တင်သွင်းသော ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် လေယာဉ်ပစ္စည်း၊ မော်တော် ယာဉ် အပိုပစ္စည်း၊ စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ဆိုင်သော ပစ္စည်းများလည်း ပါဝင်သည်။
ထို့အပြင် လုပ်ငန်းသုံး ကုန်ပစ္စည်းများ ဖြစ်သည့် ရေနံထွက်ပစ္စည်းများ၊ ဓာတုဗေဒ ပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ ဓာတ်မြေသြဇာနှင့် ဆေးဝါးများ ပါဝင်ပြီး လူသုံးကုန် ပစ္စည်းများလည်း ပါဝင်ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ယခုဘဏ္ဍာနှစ် လက်ရှိ အချိန်အထိ ကုန်သွယ် ထားသည့် ပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်နေပြီ ဖြစ်ကြောင်း၊ ဒီဇင်ဘာ ပထမပတ်အထိ ဥရောပနိုင်ငံများသို့ တင်ပို့ထားသည့် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၂၉၄ သန်းဖိုးအထိ ရှိပြီး ဥရောပနိုင်ငံများမှ တင်သွင်းသော ကုန်ပစ္စည်းများတန်ဖိုး သည် ဒေါ်လာ သန်း ၂၂၀ ရှိကြောင်း စီးပွား/ကူးသန်း အချက်အလက်များ အရ သိရသည်။
ဥရောပနိုင်ငံများသို့ ကုန်သွယ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု အများဆုံး ဖြစ် ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် EU က ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် ပေးသည့် ကုန်သွယ်မှုဆိုင်ရာ အထူး အခွန် သက်သာခွင့် (GSP) ကိုလည်း ရရှိထားသည်။