၂၀၁၅ – ၂၀၁၆ လက်ရှိဘဏ္ဍာနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး ရောက်ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုရာတွင် လက်ရှိအချိန်အထိ ပို့ကုန်တန်ဖိုးက ပိုမိုများပြားလျက်ရှိသည်ဟု ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“နယ်စပ်မှာတော့ ပို့ကုန်တွေများတဲ့အတွက် ကုန်သွယ်မှုက အသာစီးရတယ်။ အခုချိန်ထိ ကြည့်ရသလောက်ကတော့ အမြဲတမ်း နယ်စပ်မှာ ကိုယ့်နိုင်ငံက အသာစီးရတာ များပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
နယ်စပ်ကုန်သွယ်မှု ကိန်းဂဏန်းများကိုကြည့်ပါက စုစုပေါင်းကုန်သွယ်မှု ပမာဏသည် ဒီဇင်ဘာလ ပထမပတ်အထိ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရှိနေသည်။ ထိုပမာဏအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး ၂.၇ ဘီလီယံရှိပြီးနှင့် တရုတ်ဘက်မှ တင်သွင်းသည့် ပမာဏမှာ ၁.၂ ဘီလီယံ ရှိသည်။ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၅၂ သန်းနှင့် ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၅၅ သန်း တင်သွင်းခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ဒေါ်လာ ၇ သန်း တန်ဖိုးတင်ပို့ထားပြီး ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ သွင်းကုန်မှာ ဒေါ်လာ ဝ.၄ သန်း ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်တွင် မြန်မာဘက်က ဒေါ်လာ ၃၃ သန်း တန်ဖိုးတင်ပို့ထားပြီး အိန္ဒိယဘက်က ၁၀ သန်း တင်သွင်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလာဒေရှ် နိုင်ငံတိို့မှာ ရာနှုန်းအနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။ ယခုရောက်ရှိနေသော နယ်စပ်ကုန်သွယ်မှု ပမာဏ ၄.၅ ဘီလီယံတွင် တရုတ်နိုင်ငံ တနိုင်ငံတည်းက ၄ ဘီလီယံ နီးပါး ကုန်သွယ်ထားသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ တင်ပို့သော ပို့ကုန်ပစ္စည်များတွင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ ပါရှိပြီး၊ လယ်ယာထွက်ကုန် ပစ္စည်းများတွင် ဆန်၊ ပြောင်း၊နှမ်း စသည့် ပစ္စည်းများ အများဆုံး တင်ပို့ရကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ဆန်တမျိုးတည်း တင်ပို့မှုသည် ယခုဒီဇင်ဘာ ပထမပတ်အထိ အချက်အလက်များအရ တန်ချိန် ၅ သိန်း ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သော ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။